အာဖဂန် လုံခြုံရေးတပ်ဖွဲ့ ပိုမို အင်အားကောင်းရန် လိုအပ်

alt

အာဖဂန်နစ္စတန် လုံခြံုရေး တပ်ဖွဲ့ များအား ယခုထက် ပိုမိုအားကောင်းစွာ ဖွဲ့စည်း ထားရန် လိုအပ်ကြောင်း အိမ်ဖြူတော် လုံခြံုရေး အကြံပေး အရာရှိ ဂျင်ဂျံုး က သုံးသပ်ခဲ့သည်။

အောက်တိုဘာ (၄) ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတခု အတွင်း အမေရိကန် စစ်သည်(၈)ဦး ကျဆုံး သွားပြီးနောက် ဂျံုးက ယခုလို ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အာဖဂန် ရဲတပ်ဖွဲ့နှင့် စစ်သားများသည် အရာရာ အမေရိကန် တပ်များအပေါ် မှီခို လွန်းနေကြောင်း၊ ၎င်းတို့သည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရန် ယခုထက်ပိုမို ကြံ့ခိုင်စွာ ဖွဲ့စည်းထားရန် လိုနေကြောင်း ဂျံုး က ဆိုသည်။

ပြီးခဲ့သည့် သတင်းပါတ်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ အတွင်း အမေရိကန် စစ်သည်များ အကြီးအကျယ် အထိနာခဲ့ပြီး တိုက်ပွဲသည် လေကြောင်းပစ်ကူများ ရောက်ရှိလာချိန် ကျမှ ပြီးဆုံး သွားခဲ့ရသည်။ သို့သော်လည်း ချောင်းမြောင်း တိုက်ခိုက်မှု၊ ဗုံးခွဲမှုများကြောင့် မဟုတ်ဘဲ နှစ်ဖက် အပြန်အလှန် ထိပ်တိုက် တွေ့ဆုံမှုအတွင်း စစ်သည်(၈)ဦး အထိ ကျဆုံးသွားခြင်းသည် အမေရိကန် စစ်ဘက်ကို ခြောက်ခြား သွားစေခဲ့သည်။

အာဖဂန် အခြေစိုက် အမေရိကန် စစ်တပ်များ၏ အကြီးအကဲ ဗိုလ်ချုပ်စတန်လီ မက်ခရစ်စတယ် ကလည်း လက်တလော အခြေအနေများ အတိုင်း တာလီဘန် တို့နှင့် တိုက်ခိုက်ရာတွင် အမေရိကန် တို့သာ အားထည့်နေပါက အရာရာ ဆုံးရှုံးသွားနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

ဂျံုးက အာဖဂန်တွင် အယ်ကိုင်းဒါး တို့၏ အခြေအနေသည် တစထက်တစ ယိမ်းယိုင် အားပျော့လာနေပြီ ဖြစ်သော်လည်း တာလီဘန် တို့မှာ ကျစ်လျစ် တောင့်တင်းလာနေကြောင်း၊ ယင်း အခြေအနေကို အာဖဂန်တပ်များ ထံမှ ပူးပေါင်းဆောင်ရွက်မှု မပါဘဲ အမေရိကန် များသာ ရုန်းကန် တိုက်ခိုက်နေရခြင်းမှာ အဓိပ္ပါယ် မဲ့လွန်းကြောင်း စွပ်စွဲ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here