ဆမိုအာ ဆူနာမီအတွင်း သေဆုံးသွားသူများ အတွက် ဆုတောင်းပွဲပြုလုပ်

alt

ဆမိုအာတွင် ဆူနာမီ ရေလှိုင်းကြီး ကြောင့် သေဆုံးသွားသူ (၁၇၀) ကျော် အတွက် ရည်စူး ဆုတောင်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပါတ် က အင်အား ပြင်းထန်သော ငလျင်ကြီး တခုကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီ လူသတ် လှိုင်းကြီးများသည် ဆမိုအာ နှင့် အမေရိကန် ဆမိုအာ တို့ကဲ့သို့ ပစိဖိတ် သမုဒ္ဒရာ အတွင်းမှ ကျွန်းနိုင်ငံလေး များတွင် လူပေါင်းရာ နှင့် ချီ သေဆုံး စေခဲ့သည်။

ဆမိုအာတောင်ပိုင်းရှိ ဆူနာမီဒဏ် အဓိကခံခဲ့ရသော အူပိုလာကျွန်းလေးရှိ လာလူမာနူ ခရစ်ယာန် ဘုရားကျောင်းတွင် အောက်တိုဘာ (၄) ရက်နေ့က လူပေါင်း (၆၀၀) ကျော်တို့သည် တိတ်ဆိတ်စွာ စုရုံး ရောက်ရှိလာပြီး ငြိမ်သက်စွာစုရုံး ၀တ်ပြု ဆုတောင်းပေးကြသည်။

ကျေးရွာလူကြီး တာရာဂါ ဖေဂူအာဂါဆီ က ၎င်း၏ရွာမှ ကလေး(၂၅)ဦး အပါအဝင် လူပေါင်း(၄၆) ဦးတို့သည် စက်တင်ဘာ (၂၉) ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအား (၈.၀) ရှိသော ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီ လှိုင်းများအတွင်း သေဆုံးသွားရကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ ထို့အပြင် အခြားသော ရွာများမှ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများ သည်လည်း ဆုတောင်းပွဲသို့ လာရောက် ပူးပေါင်းနိုင်ကြောင်း သောက ရောက်နေသူ အချင်းချင်း ဖေဂူအာဂါဆီက ဖိတ်ခေါ် ခဲ့သည်။

မိမိတို့သည် အလွန်ဆိုးရွားသော သဘာဝ အန္တရာယ်ကြီးကို တွေ့မြင် ကြံုကြိုက်ခဲ့သူများ ဖြစ်ကြောင်း၊ နောက်ထပ် မျိုးဆက်သစ်များ လက်ထက်တွင် သမိုင်းအဖြစ် ပြောစမှတ် ပြုရမည့် ကြေကွဲမှုတခု အတွက် လုပ်ပေးနိုင်သည်မှာ ဆုတောင်းရုံ မျှသာဖြစ်ကြောင်း ရွာလူကြီးက AFP သတင်းဌာနသို့ ကြေကြေကွဲကွဲ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here