ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ရထား လမ်းချော်မှုဖြစ်ပွား

alt

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွား ခဲ့သော ရထား လမ်းချော်မှုကြောင့် အနည်းဆုံး လူ(၈)ဦး သေဆုံး သွားကြောင်း အာဏာပိုင်များ က ကြေညာ လိုက်သည်။

ထင်ရှားသော ကမ်းခြေမြို့တခု ဖြစ်သည့် ဟွာဟင် အနီးတွင် မီးရထား တစင်း အောက်တိုဘာ (၅) ရက် နေ့က ပြေးလမ်းပေါ်မှ မြောက်တက်ပြီး ချော်ထွက် သွားရာ လူပေါင်း(၅၀)ကျော် ဒဏ်ရာ ရရှိခဲ့သည်။

ထိုင်းအစိုးရ ရထားလမ်းဌာန အကြီးအကဲ ယူသာနာ သာပက်ချီရွန် က ရထား လမ်းချော်ရသည့် အကြောင်းရင်းအား မှတ်ချက်ပေးရန် ငြင်းဆိုသွားသည်။ မိမိတို့အနေနှင့် ယခု ဖြစ်ရပ်ကြောင့် အလွန် ၀မ်းနည်းမိကြောင်း၊ ရထား မတော်တဆမှု ဖြစ်လာရသည့် အကြောင်းရင်းအား စုံစမ်း ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သာပက်ချီရွန် ကဆိုသည်။

ရဲတပ်ဖွဲ့ကမူ ယခု ရထားလမ်းချော်မှုမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်ဟု ယူဆလျက် ရှိသည်။ သို့သော်လည်း ရာသီဥတု အခြေအနေကြောင့် ရထားချော်သွားခြင်း ဟုတ်မဟုတ်ကိုမူ တိတိကျကျ မသိရသေးပေ။ ယခုရထားသည် တောင်ပိုင်းထရန်မြို့မှ ဘန်ကောက်မြို့တော်သို့ ဦးတည် ခုတ်မောင်းလာစဉ် နံနက် အစောပိုင်းက လမ်းချော်ထွက်သွားခြင်းဖြစ်သည်။

တာဝန်ရှိသူများက သေဆုံးသူများ အားလုံးမှာ ထိုင်းလူမျိုးများသာ ဖြစ်ကြောင်း အတည်ပြု ထားသည်။ ထိုနေရာတွင် ရှိနေသော အပျက်အစီးများကို ရှင်းလင်းရန် တရက်မျှ အချိန်ယူ ရမည်ဖြစ်ပြီး ယင်း မီးရထားလမ်းပိုင်း ကိုလည်း ပိတ်ထားရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here