တရုတ်ကို ရင်ဆိုင်ရန် ကာကွယ်ရေး ကဏ္ဍ တိုးမြှင့်သင့်ဟု တိုင်ဝမ် သမ္မတပြောကြား

alt

တိုင်ဝမ် နိုင်ငံ အနေနှင့် တရုတ် ၏ ဖိအားပေးမှုကို တုန့်ပြန် တွန်းလှန်ရန် ကာကွယ်ရေး ကဏ္ဍကို ပိုမို ကောင်းမွန်အောင် တိုးမြှင့် သင့်ကြောင်း တိုင်ဝမ် သမ္မတ မာယင်ဂျောင် က ပြောကြား လိုက်သည်။

အောက်တိုဘာ (၂)ရက် နေ့က ထုတ်ဖော် ပြောဆိုသွားသော သမ္မတ မာ၏ ပြောစကားတွင် မိမိတို့ နိုင်ငံသည် ငြိမ်းချမ်းစွာ နေထိုင်ရေးကို လိုလား ကြောင်း၊ သို့သော်လည်း အန္တရာယ် ပြုလာ နိုင်သည့် မည်သို့သော အခြေအနေ ကို မဆို ကာကွယ်နိုင်ရန် စစ်ဘက် နည်းပညာများကို အဆင့်အတန်း မြှင့်တင်သင့်ကြောင်း ပြောကြား သွားခဲ့သည်။

သမ္မတ မာ၏ မှတ်ချက် စကားသည် တရုတ်နိုင်ငံ၏ အမျိုးသားနေ့ စစ်ရေးပြပွဲ အခမ်းအနား ပြီးဆုံးပြီး နောက်တရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်ပြီး  တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့တော်တွင် အောက်တိုဘာ (၁)ရက် နေ့က ကွန်မြူနစ် နိုင်ငံ ထူထောင်မှု အနှစ်(၆၀)ပြည့် အမျိုးသားနေ့ အခမ်းအနားကို ကျင်းပခဲ့ရာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များ အပါအဝင် ခေတ်မီ စစ်လက်နက်များ တပ်ဆင်ထားသည့် တရုတ် တပ်မတော်၏ အင်အားကို ပြသ သွားခဲ့သည်။

ဘေဂျင်း အစိုးရသည် တိုင်ဝမ်အား တရုတ်နိုင်ငံ အတွင်း ၀င်ရောက် ပူးပေါင်းလာရန် မျှော်လင့်နေဆဲ ဖြစ်သော်လည်း အမေရိကန်၏ အထောက်အပံ့ကို ရရှိထားသော ကျွန်းနိုင်ငံ ငယ်လေးသည် တသီးတခြား ရပ်တည်ရေး မူဝါဒ ကိုသာ ဆုပ်ကိုင် ထားသဖြင့် နှစ်နိုင်ငံကြား တင်းမာမှုမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here