တို့ အားလုံးရဲ့ အဖေ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

သားတို့ကို မြတ်နိုး ချစ်ခင်သော အဖေ၊ အမေ့ကို ယုယ ချစ်ခင်သော အဖေ။ သားတို့ ချစ်သော တုနှိုင်းမဲ့ အဖေ၊ အသက် (၇၀) ကျော်လေပြီဖြစ်သော အဖေသည် တခါတခါတွင် ဟိုဟာ သည်ဟာ ထွေတလာတို့ကို မေ့လျော့ တတ်စ ပြုလာလေပြီ……ဇရာတို့၏ သဘော မနောတွင် စိုက်လိုက်မတ်တပ် လိုက်နာရလေပြီ။

ပိုက်ဆံ ဘယ်နားထားမိသည်ကို မမှတ်မိခြင်း။ သော့ခတ်ပြီး သော့မေ့ကျန်နေခြင်း။ သားတို့အပေါ် ချစ်ခြင်း ဇောဖြင့် အရာရာ တွေးပူပန်မှု ပိုမိုလာခြင်း စသည်တို့ကို တွေ့လာရသည်။ ဘာတွေကို ဘယ်လိုမေ့မေ့ သားတို့ အိမ်ပြန်ချိန် မြေးတို့ ကျောင်းလွှတ်ချိန်ကိုတော့ အဖေ မမေ့သေးပါ တကား။ အရေပြား အရေးအကြောင်း တို့သည်လည်း တစတစ ထင်းသထက်ထင်း လာသည်။ တွန့်သထက် တွန့်လာသည်။ ဦးခေါင်းထက်က ဆံစတို့ ဖွေးဖြူလာပြီ။ သွားတို့ တတိတိ တချောင်းပြီး တချောင်း ကျိုးလာပြီ။ အဖေ့ပါးပြင်သည် သားတို့ ငယ်ငယ်က အဖေ ညွှန်ပြခဲ့ဖူးသည့် လကမ္ဘာပေါ် ထင်သည့် အရိပ်ထဲက ဆန်ဖွပ်တဲ့ အဘိုးအိုလိုပင် ချိုင့်ဝင် ပိန်လှီးလာချေပြီ။ ဘယ်လိုပင် ဇရာသရုပ်ပြပြ ။ အိုမင်းမှု အဟုန်မြန်မြန် အဖေ့၏ သားတို့အပေါ် ချစ်သော ချစ်ခြင်းကား မလျော့ပါး သွားချေ။

ချစ်ခြင်းမေတ္တာသည် အရာရာ မေ့လျော့ တတ်စဖြစ်သည့် အဖေ့ဇရာကို မလွှမ်းနိုင်ဟု သားတို့ ယုံကြည်သည်။ အဘယ်အကြောင်းများကြောင့် ဆိုလျှင်ကား သားတို့အပေါ် မယုတ်လျော့သော မေတ္တာဖြင့် အဖေ ချစ်မြတ်နိုး နေသေး သောကြောင့် ဖြစ်သည်။ ချစ်သော အဖေ့တွင် ဇရာ၏ နှိပ်စက်ခြင်းကြောင့် မေ့လျော့ခြင်းတို့ မည်မျှ ရှိစေ။ အဖေ့ကို သားတို့ နားလည်နေပါမည်။ အမေ့ကို သားတို့ ချစ်ခင်နေပါမည်။ ဒါသည် မြန်မာတို့၏ ချစ်မြတ်နိုးဖွယ် အကောင်းဆုံး ဓလေ့စရိုက် ဖြစ်သည်။

ငယ်စဉ်မှသည် ယနေ့တိုင် စာပေ၊ သီချင်း ဇာတ်စုံခင်း ကြည့်ရသည် များတွင် မာတာ မိခင် ဆိုတာကိုပဲ ကြားရဖန် များခဲ့၏။ ကျေးဇူးရှင် အဖေ ဆိုသော အကြောင်းကို တခုတ်တရ အလေးအမြတ်ပြု ရေးကြ ပြောကြတာ နည်းသည်ဟု ထင်မိ၏။။ တကယ်တော့ မိသားစုတစု ခန့်ထည် တည်မြဲဖို့ တာဝန် အရှိဆုံးသူဟာ အိမ်ထောင် ဦးစီးဖြစ်သူ အဖေ ဖြစ်သည်။ သားသမီးတွေကို ရင်အုပ်မကွာ ဖေးမ မေတ္တာဖြင့် ထွေးပိုက်ယုယ မြေတောင်မြောက် ပဲ့ပြင်သူက အမေဆိုလျှင် အမေ့ကို သားသမီးတွေ အနား မခွဲမခါွ နေနိုင်အောင် အဖေက အရာရာ အကျိုးဆောင်ကြဉ်းပေးသူ ဖြစ်သည်။ အဖေသာ ငွေမရှာပဲ မိသားစုကို လူတန်းစေ့ စားနိုင်သောက်နိုင်အောင် မထားလျှင် မိခင်သည်လည်း သားသမီးတွေကို စောင့်ရှောက်နိုင်မည် မဟုတ်။ မိခင်ဖြစ်သူနှင့် တန်းတူ အဖေဖြစ်သူ ဖခင်ဖြစ်သူရဲ့ စရိုက် အလေ့အထ ဦးဆောင် ပဲ့ပြင်မှု အကောင်းအဆိုး ပေါ်မူတည်ပြီး သားသမီးတွေရဲ့ အနာဂတ် ဖြစ်ပေါ်လာသည်ဟု ကျနော်တို့ လက်ခံသည်။ ဒါကြောင့် ကျနော်သည် အမေ့ကိုရော အဖေ့ကိုပါ တန်းတူ ချစ်သည်။ အဖေမရှိလျှင် အမေမရှိ။ အမေ မရှိလျှင်လည်း အဖေဆိုတာ ရှိမလာနိုင်။ မိဘဆိုသည်ကား လူသားများအတွက် အဖိုးအနဂ္ဂ အနှိုင်းမဲ့သော ကျေးဇူးရှင်များသာ မဟုတ်ပါလော။

လာမည့်ရက်ပိုင်း အတွင်းမှာပင် မိဘများ နှစ်လေးဆယ်မြောက် မင်္ဂလာရတု တိုင်တော့မည် ဒီစာစု ဘုန်းတော်ဘွဲ့သည် မွေးကျေးဇူး ကို နို့တစက်ဖိုးမျှ ကျေတန်ကောင်း၏၊ တလောက မိတ်ဆွေ တယောက် ပေးပို့လာသော မေးလ် တစောင်ထဲမှာ အဖေဆိုတာနှင့် ပတ်သက် စပ်လျဉ်းသော ဗီဒီယို ဖိုင်လေးတခု ပါလာ၍ ကြည့်ရသည်၊ ရုရှား ဘာသာလား ? အီတာလျံလား ? မသိတဲ့ ဘာသာ စကားပြောဖြင့် အဲဒီ ဗီဒီယို ဖိုင်လေးထဲမှာ သားအဖ နှစ်ယောက် ပန်းခြံလေးထဲမှာ စကားထိုင်ပြောနေပုံလေး ရိုက်ပြထားသည်၊ ဆွတ်ပျံ့ ကြည်နူးဖွယ်ပင် အဖိုးကြီးနှင့် အသက် နှစ်ဆယ်ကျော် သူ့သားတို့ အချီအချ စကားပြောနေပုံလေးပေါ့။

တုန်တုန်ချိချိ အဖိုးအို က ပန်းခြံထဲက ငှက်ကလေးတကောင် အော်မြည်သံကို နားစွင့်ပြီး သူ့သားကို မေးသည်၊ “ဘာသံလေးလဲ ဘာလေးလဲ ” ပေါ့။ သတင်းစာဖတ်နေတဲ့ သူ့သားက ခပ်ဆတ်ဆတ် ပြန်ဖြေပုံမှာ “စာကလေး” ပါ။ တဲ့….. အကြားအာရုံ ချို့ယွင်းနေဟန် ရှိတဲ့ အဖိုးအိုက သိပ်မကြားရပုံနဲ့ တခါ ထပ်မေးပြန်တယ်။ “အခု ကျလိ ကျလိနဲ့ အော်နေတဲ့ အသံလေးဟာ ဘာသံပါလိမ့်” ပေါ့။ သတင်းစာဖတ်နေတဲ့ သူ့သားက စိတ်နည်းနည်း တိုလာပုံနဲ့ တချက် လှည့်ကြည့်ပြီး။ “စာကလေး ပါဆို…”. နည်းနည်း ဆူအောင့်လာတဲ့ အသံနဲ့ ခပ်ဆတ်ဆတ် ပြန်ဖြေပြန်ရော …..။ ခဏနေတော့ အဖိုးအိုက စာကလေး သူ့ရှေ့ ဖြတ်ပျံသွားတာကို လိုက်ကြည့်ပြီး အဲဒါ ဘာလေးလဲ လို့ ထပ်မေးပြန်တယ်။ သူ့သားဟာ အင်မတန် စိတ်ဆိုး ဒေါသ ထွက်နေပုံနဲ့ “စာကလေး စာကလေး စာကလေး ပါဆိုနေမှ ဘာဖြစ်တယ် ညာဖြစ်တယ်”ပေါ့။ ဒေါသတကြီး ပြန်ပြောတော့တာပဲ။ အဲဒီ အခါမှာ အဖိုးအိုဟာ ကတုန်ကယင်နဲ့ သူ့သားလေးကို ခဏနေပါအုံး သားရယ် ဆိုတဲ့ သဘောနဲ့ လက်ကလေး ကာပြပြီး မလှမ်းမကမ်းက သူတို့ အိမ်ထဲကို တုန်တုန်ချိချိနဲ့ ၀င်သွားပြီး စာအုပ်ဟောင်းလေး တအုပ် ယူပြီး ပြန်ထွက်လာတယ်။

ပြီးတော့ သူ့သားကို နားထောင်နော် ဆိုပြီး စာအုပ်ထဲက ရေးထားတဲ့ စာကြောင်းလေးတွေကို ဖတ်ပြတယ်။ အဲဒီစာအုပ်ဟာ သူ့ ဒိုင်ယာရီပါ။ အခု သူ့ဘေးမှာ ထိုင်နေတဲ့ သူ့သား ခပ်ငယ်ငယ် စကားပြော တတ်ကာစ အရွယ်တုန်းက ရက်စွဲတွေမှာ ရေးမှတ် ထားတာပါ။ သူ့သားလေး တီတီတာတာ က ဒီပန်းခြံထဲမှာ သူတို့ သားအဖ ထိုင်နေတုန်း စကားတွေ မေးတယ်တဲ့။ အခုပျံသွားတဲ့ ငှက်ကလေးကို ဘယ်လိုခေါ်တယ်ဆိုတဲ့ အကြောင်း ထပ်ခါ ထပ်ခါ မေးတယ်တဲ့။ သူ့သားလေး မေးတဲ့ အခါတိုင်း အဖေဖြစ်တဲ့ သူဟာ အဲဒီ ငှက်ကလေးဟာ စာကလေး ဖြစ်တယ် ဆိုတဲ့အကြောင်း ထပ်ခါ ထပ်ခါ အကြိမ်ကြိမ် ပြန်ဖြေ ဆိုခဲ့ဖူးတယ်တဲ့။ သူ့သားက ဘယ်လောက် အမေး အမြန်း ထူသလဲ ဆိုရင် စာကလေး ငှက်ဖြစ်တယ် ဆိုတဲ့ အကြောင်း ၂၃ ခါတိတိ သူပြန်ဖြေခဲ့ရတယ် ဆိုတဲ့့ အကြောင်း အမှတ်တရ မှတ်တမ်းတင် ရေးသားထားခဲ့တဲ့ စာပိုဒ်လေးကို သူ့သားကို ဖတ်ပြရှာတယ်။

အဲဒီတော့မှ သားဖြစ်တဲ့ လူငယ်လေးဟာ သူ့အဖေရဲ့ သူ့အပေါ်ချစ်ခဲ့တဲ့ စေတနာ မေတ္တာကို နားလည်သွားပြီး သူ့အဖေကို နမ်းရှုပ် တောင်းပန်ပါတော့တယ်။ ဗီဒီယိုလေးကတော့ စက္ကန့်ပိုင်းလောက်ပါပဲ။ ဒါပေမယ့် ညွှန်းချက်က အတော် တာသွားတော့ လူ့လောကထဲက အနှိုင်းမဲ့တဲ့ မေတ္တာပိုင်ရှင် အမျိုးအစားဖြစ်သူ ဖခင်မေတ္တာကို ဖေါ်ညွှန်းပြနိုင်ခဲ့တယ်။ တကယ်လည်း လူ့လောကမှာ ဖခင်တို့ရဲ့ မေတ္တာစွမ်းပကားနဲ့ ပွင့်လန်း လာရတဲ့ အဖိုးတန် လူသားတွေ အမြောက်အများ ရှိပါတယ်။ ကမ္ဘာ့သမိုင်းတွေ ဆင့်ကဲ တိုးတက်အောင် ပြုလုပ်ခဲ့တဲ့ မဟာ လူသားတိုင်းရဲ့ ဖခင်တွေဟာ အဖေတွေရဲ့ စေ့ဆော်ပဲ့ပြင် လွှမ်းမိုး ဦးဆောင်မှုတွေနဲ့ ထူးချွန်ခဲ့သူများ ဖြစ်လို့ပါ။ ဖခင်မေတ္တာ မရခဲ့တဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ စိတ်ရောဂါ တခုခုကို ခံစားရလေ့ရှိတယ်လို့ ကြားဖူးပါတယ်။ သားသမီးတို့ရဲ့ ငယ်ဘဝအပေါ် နက်နက်ရှိုင်းရှိုင်း လွှမ်းမိုး နိုင်သူဟာ ဖခင်ပါဘဲ။

အဖေတိုင်း အဖေ ပီသကြရဲ့လား ဆိုတာကိုတော့ သဘာဝ တရားကြီးက တရားသေ သတ်မှတ် ပြဋ္ဌာန်း မပေးခဲ့ပါဘူး ။ အဖေ မပီသတဲ့ အဖေတွေ ၊ အိမ်ထောင်ရေး ပြသနာတွေ ကြီးမားတိုင်း ဖခင်တို့ တာဝန်ကို လစ်လျူရှု့ တတ်တဲ့ ဖအေဆိုး မျိုးတွေလည်း လူ့လောကမှာ ရှိနေတတ်သေးတယ်။ အလင်းအမှောင် အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကမှာတော့ ဆန်းကျယ်တယ်လို့ ပြောလို့မရပါဘူး။ ဒါပေမယ့် အသိဉာဏ်ရှိတဲ့ လူသားတွေ အနေနဲ့ လူပီသတဲ့ ဖခင်စိတ်တော့ ဖခင်တိုင်းမှာ ရှိစေချင်မိတယ်။

ဒါပေမယ့်လည်း တခါတလေကျ ကျနော်တို့ မြန်မာပြည်တွင်း လူနေမှုစံနစ်မှာ မြင်နေရ ကြားနေရ တာတွေက အတော့်ကို မချင့်မရဲ ဖြစ်စရာတွေ ပေါ်လာတော့ မနေနိုင်ဘူး။ သားသမီးတွေ မွေးထားပြီး ဖအေ မပီသတဲ့ လူတချို့ကြောင့် ရတက်မအေး ဖြစ်မိပါတယ်။ ခေါင်းဆောင်ကောင်း မရှိတဲ့ နိုင်ငံတခု ပျက်သုဉ်းဖို့ နီးသလိုပေါ့။ အိမ်ထောင်ဦးစီးကောင်း မရှိတဲ့ မိသားတစုဟာလည်း သားတွေ သမီးတွေ တေလေလွင့်တဲ့ ကလေးတွေ ဖြစ်လာဖို့ များပါတယ်။

စာရေးသူတို့ အိမ်နားက မိသားတစုကို ကြည့်ပြီး သူတို့ သားသမီးတွေကို အတော် သနားမိတယ်။ တကယ့် တရားခံ အရင်း စစ်လိုက်ရင်တော့ နိုင်ငံနဲ့ချီတဲ့ စံနစ်ယွင်းမှုက စပြီး ပြောရမှာပါ။ အဲဒီမိသားစုမှာ သမီးတယောက် သားတယောက် ရှိပါတယ်။ သားလေးက ဆယ်တန်းဖြေတော့မှာပါ။ သမီးကတော့ အိမ်စီးပွားရေး အတွက် အလုပ် လုပ်နေပါပြီ။ အိမ်ကို ပြန်ထောက်ပံ့ လုပ်ကျွေးနေပါပြီ။ သူတို့မှာ ဘယ်လို ဒုက္ခဆိုးမျိုး တွေ့နေရသလဲ ဆိုတော့ သူ့ဖခင်ဟာ အရက်ကျွန်ဖြစ်နေပြီး ညတိုင်း သားမယားပေါ် မူးယစ်သောင်းကျန်း ဆဲဆို ရိုက်နှက် နေတတ်လို့ပဲ။ သားတွေ သမီးတွေကလည်း ပြန်လှန် ပြောဆိုရိုင်းပြခြင်းတော့ မရှိကြပါဘူး။ ငရဲကျမှာ စိုးလို့ ထင်ပါရဲ့။

စိတ်မကောင်းကြီးစွာ သတိထားမိတာက သားသမီးတွေက သူတို့ အဖေကို ကြည့်တဲ့ အကြည့်တွေထဲမှာ ပါလာတဲ့ အေးစက်စက် အစိမ်းရောင် မျက်ရိပ်ရိုင်းကြီးတွေပါ။ သူတို့ အဖေဟာ သူသောက်ဖို့ အရက်ဖိုး ရှာပေးနေရတဲ့ သမီးလည်း မချန်၊ မိန်းမ လည်း မချန် ဆဲဆို ရိုက်နှက်လေ့ ရှိတာကြောင့် ညည သူ မအိပ်မချင်း ဘယ်သူမှ အိမ်ထဲမှာ မနေရဲကြရှာဘူး။ အပြင်ကို ထွက်ပုန်းနေရတာ ညတိုင်းပဲ။ ဘယ်လောက် သနား စရာကောင်းလိုက်တဲ့ သူတို့ ဘဝလေးတွေလဲ။ ဘယ်လောက် ဖအေ မပီသတဲ့ ဖခင်လဲ…… စိတ်ပျက်ဖို့ ကောင်း၏။

အဲဒီ မောင်နှမ နှစ်ယောက်ကတော့ လိမ်မာရှာသည်။ ညဘက် ညဘက် စက်ဘီးတစီးနဲ့ အသိအိမ်တွေ လျှောက်လည်ပြီး စာကျက်ရတယ်။ ပုန်းနေရတယ်။ သူတို့ဘဝကို ပျက်ဆီးမသွားအောင် သူတို့ ထိန်းနိုင်အောင် ကြိုးစားနေကြသည်။ အဲဒါ ကျုပ်တို့ မြန်မာပြည်ထဲက လူနေမှု ဘဝ တခုပါပဲ ။ ဒီထက် ဆိုးတာတွေ အများကြီး ရှိနိုင်သေးသလို။ အဲဒီလို အဖေဆိုးမျိုးနဲ့ မတူပဲ သားသမီးတွေကို မေတ္တာအဟုန်ထု ကြီးမားလွန်းစွာနဲ့ ချစ်မြတ်နိုးတဲ့ ဖခင်တွေလည်း အများကြီး ရှိပါသည်၊ ဖအေပီသတဲ့ အဖေတွေထဲမှာ စာရေးသူတို့ အဖေဟာ ဖခင်စိတ် အရှိဆုံး အဖေတဦးလို့ ကိုယ်ရေသွေးသလို ဆိုဝံ့သည်။ ဘာပဲပြောပြော စာရေးသူတို့ သားငါးယောက်ရဲ့ အဖေ အသက်ရ၀ကျော် နေသည့်တိုင် သားတွေပေါ် မေတ္တာမပျက် ယုယကြင်နာ ချစ်ခင်ပဲ့ပြင်မှုကို ရနေသေးတာ ကိုက လောကရဲ့ တန်ဖိုးအရှိဆုံး ဆုတခုကို ရာသက်ပန် ပိုင်ခွင့် ရထားသလို ဘဝင်ဖို ကြည်နူးမိတာ အစဉ်ပင်။ အဖေ့ကို ချစ်သည်။ သားအဖတွေ ကြားမှာ မုန်းတီးခြင်းမရှိ။ ချစ်ခြင်းသာ ရှိနေမည်သာ။

စာရေးသူတို့ သားအဖ ကြားမှာ အဆင့်အတန်း မရှိ၊ တံတိုင်းများ မခြား၊ သွေးချင်းသားချင်း မိဘနှင့် သားသမီး အချစ်သာ ရှိသည်။ အဖေသည့် ကျနော့်တို့ အတွက် ထာဝရ ကျေးဇူးရှင်ဖြစ်သည်။ အမေသည် ကျနော့်အတွက် ထာဝရ ကျေးဇူးရှင်ဖြစ်သည်။ ဇရာရိပ်ခုံလှုံလာနေပြီ ဖြစ်သော မိဘတို့သည် ကျနော်တို့ သားသမီးများ အတွက်တော့ အစဉ်အမြဲ နုပျိုနေဦးမည် ဖြစ်သည်။ ဘာနဲ့မှ အစားထိုးဖွယ် မရှိသည့် ခိုလှုံရာ အေးမြသော မေတ္တာရိပ်မြံု ဖြစ်နေဦးမည်သာ။ ဘဝ၌ သောကအမောတွေ တွေ့တိုင်း အမေ့အပြံုး အဖေ့ အားပေး စကားလုံး တွေကို ကြားယောင်ကာ အားဖြည့်နေအုန်းမည်သာ ဖြစ််သည်။

အဖေ၊ အမေတို့ရဲ့ တူမျှသော မိဘမေတ္တာဖြင့် ပွင့်သောပန်းတိုင်း လန်းစေချင်မိသည်။ အဖူးတိုင်း ငုံရမည်။ အငုံတိုင်း ပွင့်ရမည််။ ညှာတံတိုင်းလည်း ရင့်သန်ခိုင်မာ စေချင်သည်။ အဖေ၊ အမေ နှစ်ဦးစလုံးဟာ သားသမီးတိုင်း အတွက် အနှိုင်းမဲ့တဲ့ မေတ္တာရှင်တွေ ဖြစ်စေချင်သည်၊ ဖခင်တိုင်း ဖခင် ပီသ ကြပါစေ။ ဖခင် ပီသတဲ့ ဖခင်တိုင်းကိုလည်း သားသမီးတွေက တန်ပြန်ယုယ ချစ်ခင်နိုင်ကြ စေချင်သည်၊ အဖေဆိုလျှင် အားလုံးအတွက် အနှိုင်းမဲ့ ဖြစ်စေချင်တော့သည်။

ဘုန်းပြည့်သီဟ

LEAVE A REPLY

Please enter your comment!
Please enter your name here