ဒုတိယမြောက် မုန်တိုင်းအတွက် ဖိလစ်ပိုင် အာဏာပိုင်များ ပြင်ဆင်နေရ

alt

ရက်ပိုင်း အတွင်း ဒုတိယမြောက် မုန်တိုင်းဒဏ်ကို တွေ့ကြံု ရဦးမည့် အခြေအနေ အတွက် ဖိလစ်ပိုင် အာဏာပိုင် များက ကြိုတင်ပြင်ဆင် နေပြီ ဖြစ်သည်။

ပြီးခဲ့သော သီတင်းပါတ်က ကက်ဆာနား မုန်တိုင်း ၀င်ရောက် တိုက်ခတ် သွားသဖြင့် လူပေါင်း (၃၀၀) နီးပါး သေဆုံး စေခဲ့သော ဖိလစ်ပိုင် နိုင်ငံသို့ ယခုအခါ ပါမား အမည်ရှိ ဒုတိယ မုန်တိုင်း ဦးတည် တိုက်ခတ် လာနေပြီ ဖြစ်သည်။

တိုင်ဖွန်း အဆင့်ရှိ မုန်တိုင်းကြီးသည် တနာရီ မိုင်(၁၅၀) ကျော်နှုန်း တိုက်ခတ်နေပြီး ဖိလစ်ပိုင် မြောက်ပိုင်း လူဇုန်ကျွန်းသို့ ဦးတည် ရွေ့လျားလျှက် ရှိနေသည်။ ကျွမ်းကျင်သူ များက မုန်တိုင်းကြီးသည် အောက်တိုဘာ (၃)ရက် နေ့တွင် ဖိလစ်ပိုင်သို့ ကုန်းတွင်းပိုင်းသို့ ၀င်မည်ဟု ခန့်မှန်းထားပြီး ကက်ဆာနားထက် ပိုမို ဆိုးရွားသော အခြေအနေများ ရင်ဆိုင် ရမည်ဟုလည်း သုံးသပ်ထားကြသည်။

ယခုအခါ လူဇုန်ကျွန်း အုပ်ချုပ်ရေး အဖွဲ့သည် မုန်တိုင်းကြောင့် မြေပြိုမှုများနှင့် ဒီလှိုင်း ရိုက်ခတ်မှုများ ဖြစ်လာနိုင်သော နေရာများရှိ ဒေသခံများကို အရေးပေါ် အခြေအနေဖြင့် ရွှေ့ဆိုင်းမှုများ ပြုလုပ်နေသလို ကယ်ဆယ်ရေး တပ်ဖွဲ့များနှင့် စစ်တပ် များကိုလည်း ပို့လွှတ် ထားပြီးဖြစ်သည်။

မနီလာရှိ ဖိလစ်ပိုင် အစိုးရ အနေနှင့် ကက်ဆာနား မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသည့် ဒုက္ခသည် (၂၀၀၀၀) ကိုပင် နေရာချထားရန် ပြဿနာ ကြံုနေဆဲဖြစ်ရာ ပါမားတိုင်ဖွန်း တိုက်ခတ်လာမည့် ကိစ္စမှာ အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်လာခဲ့ရသည်။

မိုးလေဝသ ပညာရှင်များက အနောက်ပစိဖိတ် သမုဒ္ဒရာ အတွင်း ပါမား တိုင်ဖွန်းအပြင် အချိန်မရွေး မုန်တိုင်းအဆင့် ကူးပြောင်း လာနိုင်သည့် နောက်ထပ် လေဖိအားနည်း ရပ်ဝန်းကြီးနှစ်ခု ပေါ်ပေါက်နေကြောင်း ထပ်လောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here