အင်ဒိုနီးရှား နိုင်ငံတွင် ငလျင်ကြီး နှစ်ကြိမ်လှုပ်ခတ်

alt

အချိန်အားဖြင့် (၁၂)နာရီ မျှသာ ခြားကာ လှုပ်ရှား သွားသော ငလျင်ကြီး နှစ်ခုကြောင့် အင်ဒိုနီးရှား တွင် လူ (၁၁၀၀) ကျော် သေဆုံး သွားပြီဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ဆူမာတြား ကျွန်းရှိ ပဒန်းမြို့ကို ဦးတည်ပြီး စက်တင်ဘာ (၃၀)ရက် နေ့က အင်အား (၇.၆) ရှိသည့် ငလျင်ကြီး လှုပ်ရှားခဲ့ရာ တိုက်တာ အဆောက်အအုံများ ပြိုကျပြီး လူပေါင်း များစွာ အပျက်အစီး အောက် ပိတ်မိလျှက် ရှိသည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုးစား ဆောင်ရွက်နေစဉ် မှာပင် အောက်တိုဘာလ (၁)ရက် နေ့က ယင်းဒေသ အနီးတွင်ပင် အင်အား(၇.၀) မျှရှိသော နောက်ထပ် ငလျင်တခု ထပ်မံ လှုပ်ခတ်ခဲ့ပြန်ကြောင်း သိရှိရသည်။ အင်ဒိုနီးရှား အစိုးရက ဆိုးဆိုးရွားရွား ပြိုကျနေသည့် အပျက်အစီး များအောက်မှ ပိတ်မိနေသူများကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ခြင်း မရှိပါက သေဆုံးမှု ပမာဏသည် ထောင်နှင့်ချီ မြင့်တက်လာ နိုင်ကြောင်း ၀န်ခံထားကြသည်။

ငလျင်ကြောင့် အခိုင်အခံ့ တည်ဆောက်ထားသည့် တိုက်တာများ အတုံးအရုံး ပြိုကျ ကုန်သော်လည်း လူနေအိမ် အသေးစားများမှာ အနည်းငယ်သာ ထိခိုက်မှု ရှိခဲ့ကြောင်း ပဒန်းမြို့ရှိ မျက်မြင်များက ပြောကြားခဲ့သည်။ ပဒန်းရှိ အဓိက ဆေးရုံကြီးနှင့် ဈေးများ အပါအဝင် ကွန်ကရစ် အဆောက်အအုံ အားလုံးနီးပါးမှာ မြေပေါ်တွင် ပြားပြားဝပ် ပြိုကျသွားခဲ့သည်။

လေဆိပ်တွင်လည်း ကြီးကြီးမားမား ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ လမ်းမများလည်း ပျက်စီးသွားကြောင်း သိရသည်။ ဒုတိယ ငလျင်ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှု ပမာဏကိုမူ တိတိကျကျ မသိရသေးပေ။ လက်ရှိ အချိန်တွင် ဩစတြေးလျ နှင့် အခြားသော နိုင်ငံများက အင်ဒိုနီးရှားသို့ အကူအညီများ ပေးပို့ရန် ပြင်ဆင်လျှက် ရှိသည်။

အင်ဒိုနီးရှား အစိုးရသည် အပျက်အစီး များအောက်မှ လူများအား ကယ်ထုတ်နိုင်ရေး မအောင်မြင်ခြင်းကြောင့် သေနှုန်း အကြီးအကျယ် ထိုးတက်လာမည့် အခြေအနေ နှင့်လည်း ရင်ဆိုင် ကြံုတွေ့ နေရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here