မြောက်ကိုရီးယားနှင့် တိုက်ရိုက် ညှိနှိုင်း ဆွေးနွေးမည်ဟု အမေရိကန် ဝန်ကြီး ပြောကြား

alt

အမေရိကန် နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ဂျိမ်း(စ်) စတိန်းဘတ် က မိမိတို့သည် မြောက်ကိုရီးယား နိုင်ငံနှင့် တိုက်ရိုက် ညှိနှိုင်း သွားရန် ဆန္ဒ ရှိနေကြောင်း ယနေ့ ထုတ်ဖော် ပြောကြား သွားခဲ့သည်။

စက်တင်ဘာလ (၃၀)ရက် နေ့က အာရှ(၅)နိုင်ငံ ၀န်ကြီးများနှင့် တွေ့ဆုံညှိနှိုင်းရန် တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ် မြို့သို့ ရောက်ရှိနေစဉ် စတိန်းဘတ်က ယခုလို အတည်ပြု ပြောဆိုသွားခြင်း ဖြစ်သည်။

၎င်းသည် တောင်ကိုရီးယား ၀န်ကြီးချုပ် ချန်အွန်ချန်၊ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ကွမ်ဂျွန်ရက်၊ သမ္မတ ၏ လုံခြံုရေး အကြံပေး အရာရှိ ကင်ဆန်ဟွမ်၊ နျူကလီးယား ညှိနှိုင်းရေးဌာန အကြီးအကဲ ၀ီဆန်လက် တို့နှင့် ဆွေးနွေးမှုများ ဆက်တိုက်လိုလို ပြုလုပ်သွားမည် ဖြစ်သည်။

အမေရိကန် အစိုးရသည် သမ္မတ ဘာရက်အိုဘားမား လက်ထက်မှ စပြီး နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွင် ညှိနှိုင်းရေး လမ်းစဉ်ကို ပိုမို အာရုံစိုက်လာပြီး ပြီးခဲ့သည့် သီတင်းပါတ် အတွင်းကလည်း နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံ စစ်အစိုးရနှင့် အမေရိကန် အစိုးရကြား တိုက်ရိုက်ညှိနှိုင်း သွားလိုကြောင်း ပြောကြားခဲ့သေးသည်။

ယခုလည်း စတိန်းဘက်က မိမိတို့သည် မြောက်ကိုရီးယား အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်သွားခြင်းဖြင့် အကျိုးထူးများ ရရှိ ခံစားနိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။ စတိန်းဘတ်သည် စက်တင်ဘာ (၂၉)ရက်နေ့ ညနေပိုင်းက ဆိုးလ်သို့ ရောက်ရှိလာပြီး ထိုမှတဆင့် ဂျပန်၊ မလေးရှား၊ ဗီယက်နမ် နှင့် တရုတ်နိုင်ငံ များသို့ ဆက်လက် ထွက်ခွာမည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here