ကျဉ်တုတ်ခံဝံ့ မခံ့ဝံ့

ရဲဘော်တို့ အရေးကြီး လေပြီ
သွေးစည်းကြပါစို့
အချက်ကျ ဉာဏ်မျှော်ထောက်ဝယ်
သမဂ္ဂ အလံတော် အောက်ဝယ်
( သမဂ္ဂသီချင်း 1938 ခန့်! )

အတိတ်ကါလ နယ်ချဲ့ဆန့်ကျင်ရေး ကာလမှ ယနေ့ခေတ် မျက်မှောက်ကာလ အထိ မြန်မာ့နိုင်ငံရေး ခရီးစဉ်အား ပြန်ပြောင်း သုံးသပ်ကြည့်မည် ဆိုပါက သမိုင်းစဉ်တွင် ထင်ရှားသော အခန်းကဏ္ဍမှ ပါဝင် လှုပ်ရှားခဲ့သော အဖွဲ့အစည်းတခု ရှိခဲ့၏။

 

ထိုအရာကား…………………"ကျောင်းသားသမဂ္ဂ"ထိုကျောင်းသား သမဂ္ဂကြီးပင်တည်း။ ဤသည်ကား လုံးဝ အငြင်းပွားဖွယ် ယုံမှား သံသယ ဖြစ်ဖွယ်စရာ မလိုသော အရာပင်ဖြစ်သည်။ ထိုကဲ့သို့ အစဉ်အလာကြီးမားလှသော ကျောင်းသားသမဂ္ဂမှာ ဝန်ကြီီးချုပ်ဦးနု ၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံကျော် စာရေးဆရာကြီး တက်ဘုန်းကြီးသိန်းဖေ၊ ကိုဗဟိန်း…. စသော မြန်မာ့နိုင်ငံရေး ခေါင်းဆောင်၊ စာပေပညာရှင် အများအပြားအား မွေးထုတ်ပေးခဲ့သော နေရာတခုလဲ ဖြစ်ခဲ့သည်။

ထိုကဲ့သို့ ခေတ်အဆက်ဆက်မှ ယနေ့ထိတိုင်အောင် အစဉ်အလာရှိခဲ့သည့် အတွက်လည်း နယ်ချဲ့ အင်္ဂလိပ် အစိုးရလက်ထက်မှ ယနေ့ အာဏာရှင်စစ်အစိုးရ အဆက်ဆက် တိုင်အောင် ရက်ရက်စက်စက် နှိမ်နင်းခဲ့ဖြိုခွင်း ခဲ့ကြ၏။ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာပါ နည်းမျိုးစုံဖြင့် သမဂ္ဂဝင်တွေကို ကမ်းကုန်အောင် နှိပ်စက်ခဲ့ကြ၏။ ကျောင်းသားတို့၏ စိတ်ဓါတ်အား ချိုးနှိမ်သော အနေဖြင့်လည်း အာဏာရှင် ဗိုလ်နေဝင်း အစိုးရလက်ထက်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံအား ဖောက်ခွဲဖျက်ဆီးခဲ့သေး၏၊ အာဏာရှင်တို့ ထင်ထားသလို ဖြစ်လာပါသလော…………?။

မဖြစ်ခဲ့ပေ…..။ ထိုအဆောက်အအုံကြီးသာ မြန်မာ့မြေပေါ်မှ ပျောက်ကွယ်သွားခဲ့၏၊ သမဂ္ဂအစည်းအရုံးကြီးသာ ပျက်ပြယ်သွားခဲ့၏၊ သို့သော်……… ကျောင်းသားထုကြီး၏၊ နှလုံးသားထဲတွင် ထိုသမဂ္ဂမှ မွေးဖွားပေးလိုက်သော အခြေတည် ပေးလိုက်သော အမှန်တရားကို ချစ်မြတ်နိုးသော စိတ်ဓါတ်၊

အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ပဲ အာဏာရှင် အစိုးရတို့အား တော်လှန်ရဲသော စိတ်ဓါတ်။ ဒီမိုကရေစီအား ချစ်မြတ်နိုးသောစိတ်ဓါတ် တို့ကား ယနေ့တိုင် ရှင်သန်နေဆဲ…. တည်ရှိနေဆဲပင်။

ထိုစိတ်ဓါတ်နှင့်အတူ ယနေ့တိုင် တိုက်ပွဲဝင်နေဆဲ။ ထိုကဲ့သို့ အမှန်တရားအတွက် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားများကို အာဏာရှင် အစိုးရတို့က ရက်စက်ယုတ်မာစွာ အကြမ်းဖက်နှိပ်ကွပ်ခဲ့သောကြော့င်…………… ခွပ်ဒေါင်းသွေးတို့ မြေသို့ခခဲ့ရ၏၊ ရဲရဲတောက်ခဲ့ရ၏၊ ချင်းချင်းနီစွေးခဲ့ရ၏ ။

သို့သော်…….နောက်တွန့်မသွား အောင်လံ တလူလူ လွှင့်ထူနေဆဲ။ ယနေ့ထိ တိုက်ပွဲဝင်နေဆဲ။ ညီညွတ်စွာ ချီတက်နေဆဲပင်။ ထိုသို့ ခေတ်အဆက်ဆက်မှ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြသော ကျောင်းသားထုကြီးကို ဆရာမောင်သာရမှ ကလောင်စွမ်းဖြင့် ယခုလို လှမ်းကလိလိုက်၏၊ လှမ်းမေးလိုက်၏၊

ကျဉ်တုတ်ခံဝံ့ မခံ့ဝံ့!

ထိုဝတ္ထုကို ဆရာမောင်သာရက သူဖြတ်သန်း လာခဲ့သော "ဖ.ဆ.ပ.လ" အစိုးရလက်ထက် ကျောင်းသားဘဝ ကျောင်းသားသမဂ္ဂ အရေးတော်ပုံ လှုပ်ရှားမှုကို အခြေပြုပြီး ရေးသားခဲ့သည်။ "စာပေဆိုတာ ခေတ်ရဲ့ကြေးမုံပြင်၊ ခေက်ရဲ့အတိတ်၊ ခေတ်ရဲ့အရိပ်" ဆိုတဲ့ စကားရှိပါတယ်။ ဒီဝတ္ထုကို ဖတ်ရှုလေ့လာခြင်း အားဖြင့် အဲဒီခေတ် အဲဒီကာလက မြန်မာ့နိုင်ငံရေး အခင်းအကျင်း၊ ကျောင်းသားအရေးတော်ပုံ လှုပ်ရှားမှု ပန်ချီကား တို့အား အာဏာရှင်တို့ရဲ့ ဖိနှိပ်ရက်စက်မှု ကောက်ကြောင်းတို့ကို တွေးဆလို့ ခံစားသိရှိနိုင်မှာ ဖြစ်ပါတယ်။

ဆရာမောင်သာရရဲ့ အတွေ့အကြံုပေါ်မှာ အခြေပြုထားတဲ့ ဝတ္ထုလေးတပုဒ် ဖြစ်တဲ့အတွက် ဆရာ့ရဲ့ ကျောင်းသားဘဝ ဖြက်သန်းမှု တစိတ်တဒေသ ကိုလဲ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်လေးရဲ့ အနှစ်သာရ ကတော့ …… လူဟာတိုက်ပွဲနဲ့ ရင်ဆိုင်လာရတဲ့ အခါမှာ…. မိမိတို့ရဲ့ ပင်ကိုယ်စိတ်ဓါတ် အလိုက် ထိုတိုက်ပွဲ အတွေ့အကြံု ၊ အခြေအနေပေါ် လိုက်ပြီးတွေ ဝေယိမ်းယိုင်ကာ ဖောက်ပြန်သွားသူများ ရှိသကဲ့သို့ ပိုမို တက်ကြွပြတ်သားလာသူ များလည်း ရှိတတ်ကြပါတယ်။ အဲဒီလို ဆရာကြီးက ဖောက်ပြန်ရေးသမားနဲ့ ဆန့်ကျင်ရေးသမား သရုပ်ကို ပီပြင်အောင် ခွဲပြထားတဲ့ စာအုပ်ကောင်းလေး တပုဒ်ပါ။

ဒီစာအုပ်ကို အဲဒီခေတ် အခါက လက်ဝဲ စာပေနိုင်ငံရေး စာပေတွေကိုသာ တစိုက်မတ်မတ် ထုတ်ဝေခဲ့တဲ့ ပုံနှိပ်တိုက် တခုဖြစ်တဲ့ "မြရာပင်" စာပေတိုက် ကနေ ၁၉၇၁ခု ဒီဇင်ဘာလမှာ ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။ ယခုအချိန် မြန်မာနိုင်ငံ စာအုပ်ဈေးကွက် မှာတော့ မူရင်းကိုဝယ်လို့ မရနိုင်တော့ပါဘူး၊ ပြန်လည်မထုတ်ဝေတော့ တဲ့ အတွက် ကော်ပီကိုသ ာဝယ်ယူလို့ ရတော့မှာသာ ဖြစ်ပါတယ်။ ပြည်ပ မှာဆိုရင်တော့ ခေတ်ပြိုင်စာအုပ်တိုက်ကနေ မှာယူနိုင်တယ်လိုသိရှိရပါတယ်။ တကယ်လို့ အင်တာနက် ကနေ ဒေါင်းလုတ်ချပြီး ဖတ်ရှုချင်တယ် ဆိုရင် လူထုအသံဂျာနယ် e-book ကဏ္ဍတွင် ဒေါင်းလုတ်ချပြီး ဖက်ရှုနိုင်ကြောင်း ဒီအပါတ် လက်တို့ရင်း တင်ပြလိုက်ရပါတယ်။

ကိုကို

LEAVE A REPLY

Please enter your comment!
Please enter your name here