တရုတ် နိုင်ငံတွင် ထူဆန်းသော ဒိုင်နိုဆော သတ္တဝါ ရုပ်ကြွင်းတွေ့ရှိ

alt

တရုတ် နိုင်ငံမှ သုတေသန ပညာရှင် များသည် ငှက်နှင့် ဆင်တူပြီး အတောင် လေးဖက် ရှိသည့် ဒိုင်နိုဆော သတ္တဝါ တမျိုး၏ ရုပ်ကြွင်းအား တူးဖော် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် တွေ့ရှိခဲ့သည့် ယင်း ရုပ်ကြွင်းသည် ဒိုင်နိုဆောများ ခေတ်မှ ငှက်များ အဖြစ်သို့ မည်သို့မည်ပုံ ဆင့်ကဲ ပြောင်းလဲ လာသည်ကို စုံစမ်းရင်း ပျောက်ဆုံးနေသည့် ကွင်းဆက် များကို ဖော်ထုတ် လာနိုင်မည်ဟု သုတေသီ များက ယုံကြည် နေကြသည်။

Nature သိပ္ပံစာစောင်က ယခုအခါ စနစ်တကျ ထိန်းသိမ်း ထားပြီဖြစ်သည့် ရုပ်ကြွင်း၏ သက်တမ်းမှာ နှစ်သန်း (၁၆၀)မျှ ရှိနေပြီဟု ခန့်မှန်း ဖော်ပြခဲ့ပြီး လွန်လင်း ခရိုင်အတွင်း တူးဖော် တွေ့ရှိခဲ့ခြင်းဟု ရေးသားထားသည်။

Anchiornis huxleyi ဟု အမည်ပေးထားသည့် ယင်း ဒိုင်နိုဆောသည် ကြက်ပေါက်စလေး တကောင်၏ အရွယ်အစား မျှသာရှိပြီး ခေါင်းခွံမှာ (၆) စင်တီမီတာ အရှည်ရှိကြောင်း သုတေသန အဖွဲ့ခေါင်းဆောင် ဇင်ဇူးက ရှင်းလင်း ပြောကြား သွားခဲ့သည်။ ၎င်းနှင့်အတူ ဘေဂျင်းမြို့၊ တရုတ်သိပ္ပံ အကယ်ဒမီမှ ပညာရှင်များသည် ယခု ရုပ်ကြွင်းအား တွေ့ရှိခဲ့ပြီးနောက် ထိုသတ္တဝါသည် သာမန် သီရိုပေါ့ (ခြေနှစ်ချောင်း ထောက် လမ်းလျှောက်နိုင်သည့် ဒိုင်နိုဆော မျိုးစိတ်ဝင်များ) နှင့် လုံးဝမတူဘဲ ကွဲပြားနေသည်ကို သတိပြုမိကြောင်း၊ စံနစ်တကျ လေ့လာမှုများ ပြုလုပ်ပြီးနောက် ထို ဒိုင်နိုဆောတွင် ရှည်လျားသော ငှက်မွေးများ အမြီးနှင့် လက်မောင်းများတွင် ဖုံးလွှမ်း နေသည်ကို ဖော်ထုတ် နိုင်ခဲ့ကြောင်း ဇင်ဇူး က ဆိုသည်။

ထိုရုပ်ကြွင်းသည် Archaeopteryx ဟု အမည်ပေးထားသည့် ယခင် ဒိုင်နိုဆောတပိုင်း၊ ငှက်တပိုင်း သတ္တဝါ ထက်လည်း ပိုမို ရှေးကျကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here