မြန်မာ့နိုင်ငံရေး အကျဉ်းသားများ ကိစ္စ အာဆီယံက ဖိအားပေး တောင်းဆိုရန် မလိုဟုဆို

alt

အမေရိကန် နိုင်ငံသို့ ရောက်ရှိ နေသော ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ကဆစ်ပိုင်ရိုမြာ က အာဆီယံအဖွဲ့ အနေနှင့် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် နိုင်ငံရေး အကျဉ်းသား များအား ပြန်လွှတ် ပေးရေး အတွက်

မြန်မာ စစ်အစိုးရအား အပြင်းအထန် ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်ရန် မလိုတော့ကြောင်း ပြောကြား သွားခဲ့သည်။ အာဆီယံ အဖွဲ့၏ အလှည့်ကျ သဘာပတိ တာဝန်ကို ယူထားသော ထိုင်း နိုင်ငံသည် ပြီးခဲ့သည့် လက နေအိမ် အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးရန် မြန်မာ စစ်အစိုးရထံသို့ စာရေးသား တောင်းဆို ခဲ့သော်လည်း ယခုအခါ ထိုစာသည် မလိုအပ် တော့ကြောင်း ကဆစ် က ဆိုသည်။

အမေရိကန် နှင့် ဥရောပ ယူနီယံ တို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်သော သဘောထားများ ပြောင်းလဲလာပြီး ပိုမို ညှိနှိုင်းမှုများ ပြုလုပ်လာရန် စဉ်းစားထား သဖြင့် မြန်မာ စစ်အစိုးရအား အာဆီယံမှ ဖိအားပေးရန် မသင့်လျော် တော့ကြောင်း ကဆစ်က ထိုသို့ ပြောဆိုသွားခဲ့သည်။

အမေရိကန် နှင့် ဥရောပ ယူနီယံ တို့သည် မြန်မာနိုင်ငံအား ပိတ်ဆို့မှုများ ဆက်လက် ပြုလုပ်ထားသော်လည်း လူသားချင်း စာနာမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အထောက်အပံ့များ ပြန်လည် ပြုလုပ်ရန် စဉ်းစားလျှက် ရှိသည်။

မြန်မာ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ဇူလိုင်လ အတွင်းက နေအိမ်ထဲသို့ အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံယက်တော တိတ်တဆိတ် ၀င်ရောက်မှုကြောင့် နေအိမ် အကျယ်ချုပ် အပြစ်ဒဏ် (၁၈)လ ထပ်မံ ကျခံစေရန် အမိန့်ချ ခံထားရသည်။

ကဆစ် သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း အနေနှင့် အာဆီယံ အဖွဲ့ကြီးက မြန်မာ စစ်အစိုးရ အပေါ် အပြင်းအထန် ဖိအားပေးမှုများ ပြုလုပ်စေလိုသော ဆန္ဒ ရှိနေသည်ဟူသည့် ခန့်မှန်းချက် များကိုလည်း ငြင်းဆန် ပယ်ချသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here