ဖိလစ်ပိုင် နိုင်ငံရောက် အမေရိကန် စစ်သားနှစ်ဦး အဘူဆာယက် မိုင်းကြောင့် သေဆုံး

alt

ဖိလစ်ပိုင် နိုင်ငံအတွင်းရှိ ရေတပ် အခြေစိုက် စခန်းမှ အမေရိကန် စစ်သား (၂)ယောက်နှင့် ဖိလစ်ပိုင် မရိန်းစစ်သည် တဦးတို့သည် လမ်းဘေး ကားမိုင်း ထိမှန်သဖြင့် သေဆုံး သွားကြောင်း ဖိလစ်ပိုင် စစ်ဘက်က ကြေညာခဲ့သည်။

အမေရိကန် စစ်တပ်သုံး Hamvee ဂျစ်ကားသည် ဂျိုလိုကျွန်းရှိ မြို့ငယ် တခုအစွန်တွင် မွတ်ဆလင် စစ်သွေးကြွ အဘူဆာယက် အဖွဲ့ ထောင်ထားသော နင်းမိုင်းကြောင့် ယခုကဲ့သို့ သေဆုံး သွားရခြင်း ဖြစ်သည်။

အဘူဆာယက်၏ အဖွဲ့ဝင် များသည် ဂျိုလိုရွာရှိ ရဲစခန်းတခု အနီးတွင်လည်း မိုင်းထောင် သွားသေးပြီး ထိုမိုင်း ပေါက်ကွဲမှုကြောင့် လူတဦး ဒဏ်ရာ ရရှိခဲ့သေးသည်။ ယခု သေဆုံးသွားသော အမေရိကန် စစ်သည်များမှာ ရေတပ်မှဖြစ်ပြီး တိုက်ခိုက်ရေး တာဝန်ကို ယူထားသူများ မဟုတ်ပေ။

ဖိလစ်ပိုင် စစ်ဘက်က အမေရိကန်နှစ်ဦး သေဆုံးကြောင်း သတင်းကို ကြေညာ ခဲ့သော်လည်း အမည်များကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ထို့အပြင် ဗုံးပေါက်ကွဲမှုမှ လွဲပြီး အပြန်အလှန် ပစ်ခတ်မှုများလည်း မဖြစ်ခဲ့ကြောင်း ပြောကြား သွားခဲ့သည်။

ဖိလစ်ပိုင်ရှိ အမေရိကန် သံရုံးကလည်း ယင်း ကိစ္စအတွက် အသေးစိတ် အကြောင်းအချက်များ ဖော်ပြရန် ငြင်းဆန် ထားသည်။ အဘူဆာယက် အဖွဲ့သည် (၁၉၉၀)ပြည့်နှစ် အစောပိုင်း ကာလများ ကတည်းက အိုစမာဘင်လာဒင် ၏ အကြမ်းဖက် အဖွဲ့များထံမှ ငွေကြေး အထောက်အပံ့ကို ရယူကာ ဖိလစ်ပိုင် တောင်ပိုင်းရှိ ရိုမန်ကက်သလစ် ခရစ်ယန် ဘာသာဝင် အများအပြား နေထိုင်ရာ ဒေသများကို တိုက်ခိုက်ခဲ့ပြီး (၂၀၀၄) ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ သမိုင်းတလျှောက် အဆိုးရွားဆုံး အကြမ်းဖက်မှု အဖြစ် ကူးတို့ ရေယာဉ်တစင်းအား ဗုံးခွဲခဲ့ရာ လူ(၁၀၀)ကျော် သေဆုံးခဲ့ရသည်။

အမေရိကန် တပ်ဖွဲ့များသည် သမ္မတဟောင်း ဂျော့ဘုရှ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး မူဝါဒ အရ ဖိလစ်ပိုင်သို့ (၂၀၀၁) ခုနှစ်က ပထမဆုံးအကြိမ် လာရောက် တပ်စွဲ ထားခဲ့ရကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here