မြန်မာ စစ်အစိုးရအား ထောက်ပံ့ ကူညီနေသည့် စွပ်စွဲမှု JetStar လေကြောင်းလိုင်း ငြင်းဆို

alt

မြန်မာ စစ်အစိုးရအား ထောက်ပံ့ ကူညီနေသည် ဆိုသော စွပ်စွဲမှုများကို ဩစတြေးလျ JetStar လေကြောင်း လိုင်းက ယနေ့ ငြင်းဆန် သွားခဲ့သည်။

ဩစတြေးလျရှိ မြန်မာ့အရေး လှုပ်ရှား သူများက JetStar လေကြောင်း လိုင်းသည် မြန်မာနိုင်ငံသို့ လိုအပ်သော ခရီးစဉ် ပမာဏထက် အခေါက်ရေ ပိုမို ပြေးဆွဲနေပြီး မြန်မာ စစ်အစိုးရအား ငွေကြေး ထောက်ပံ့ နေသည့် သဏ္ဍာန်နှယ် ဖြစ်နေသည်ဟု စွပ်စွဲမှုများအား လေကြောင်းလိုင်းက ကာကွယ် တုန့်ပြန် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

ဩစတြေးလျရှိ မြန်မာ့အရေး လှုပ်ရှားသူ များသည် မြန်မာ စစ်အစိုးရကို ထောက်ပံ့နေသော ၎င်းတို့ နိုင်ငံအတွင်းရှိ ကုမ္မဏီ (၈)ခု စာရင်းကို ထုတ်ပြန်ခဲ့ရာ JetStar နှင့်အတူ Chevron၊ Andaman Teak Supplies၊ Gecko’s Adventure၊ Lonely Planet၊ Millers၊ Sri Asia Tourism နှင့် Twinza Oil ကုမ္မဏီများ ပါ၀င် နေခဲ့သည်။

ဩစတြေးလျ ကုန်သွယ်မှု ယူနီယံကောင်စီ ဥက္ကဌ ရှာရန်ဘာရိုက ယင်း ကုမ္မဏီများ အားလုံးတို့သည် ပြည်သူများအား ဂုပ်သွေးစုပ် အုပ်ချုပ်နေသည့် မြန်မာ စစ်အစိုးရကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ထောက်ပံ့နေကြောင်း စွပ်စွဲခဲ့သည်။ သို့သော်လည်း JetStar လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီးက ယင်း စွပ်စွဲချက်ကို တုန့်ပြန်ခဲ့ပြီး မိမိတို့ ကုမ္မဏီ အနေနှင့် မြန်မာနိုင်ငံ အစိုးရနှင့် မဆီလျော်စွာ စပ်ယှက် ပတ်သက်နေသည်ဟု စိုးရိမ်နေသော မည်သည့် အဖွဲ့အစည်းနှင့် မဆို ပွင့်လင်းစွာ ဆွေးနွေးသွားရန် အသင့် ရှိနေကြောင်း တုန့်ပြန် ကြေညာခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ခရီးစဉ်များ ပျံသန်း ပြေးဆွဲနေခြင်းသည် ကောင်းမွန်သော ဆောင်ရွက်ချက် တခုဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထိုနိုင်ငံအတွင်း ပြည်သူများ အတွက် အမှန်တကယ် ကောင်းမွန်သော လေကြောင်း ထောက်ပံ့မှုစံနစ် နည်းပါး နေသေးပြီး မိမိတို့ မြန်မာ စစ်အစိုးရထံ ပေးသွင်းရသော ငွေကြေးမှာလည်း လေကြောင်း ပျံသန်းမှုဆိုင်ရာ ရံပုံငွေအတွင်း အများဆုံး ရောက်ရှိ သွားသောကြောင့် ယခုကဲ့သို့ စွပ်စွဲမှုပြုခြင်း ဖြစ်နိုင်ကြောင်း ယင်းပုဂ္ဂိုလ်က ဆက်လက် ပြောဆို သွားခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here