ချီကာဂို လူရမ်းကားတို့၏ ဆိုးသွမ်းလုပ်ရပ် မှတ်တမ်း တင်နိုင်ခဲ့

alt

ချီကာဂိုတွင် အုပ်စုလိုက် ရမ်းကား ဆိုးသွမ်းနေသည့် လူငယ်များက အသက် (၁၆)နှစ် အရွယ် ကျောင်းသားလေး တဦးအား အသေရိုက်သတ် နေသည့် မြင်ကွင်းကို ဖုန်းကင်မရာဖြင့် မှတ်တမ်း တင်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းဗီဒီယို မှတ်တမ်းသည် နှစ်စဉ် ဒါဇင် များစွာသော ဆယ်ကျော်သက် လူငယ်များ အသက်ဆုံးရှုံး နေရခြင်းတွင် လူငယ် ဒုစရိုက်ဂိုဏ်းများ ဆက်စပ်နေကြောင်း အထောက်အထားလည်း ဖြစ်လာသည်။

စက်တင်ဘာ (၂၈)ရက် နေ့က ရရှိခဲ့သော ဗီဒီယိုကို ဒေသဆိုင်ရာ သတင်း မီဒီယာများက ထုတ်လွှင့်ပြသခဲ့ပြီး ကျောင်းသားလေး ဒါရီယွန် အဲလ်ဘတ် ၏ ကြေကွဲဖွယ် အဖြစ်ဆိုး အတွက် ပြည်သူများအား အစီရင်ခံ တင်ပြခဲ့သည်။

၎င်းသည် ချီကာဂိုတွင် နောက်ဆုံး အသတ်ခံရသည့် ဆယ်ကျော်သက် လူငယ်လေး ဖြစ်လာပြီး လွန်ခဲ့သော စာသင်နှစ် အတွင်း ထိုကဲ့သို့ ရမ်းကား တိုက်ခိုက်မှု များကြောင့် သေဆုံးရသူ လူငယ် ပမာဏမှာ (၃၀)မျှ ရှိခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ (၂၈)ရက် နေ့က ဒါရီယွန် အသတ်ခံရမှု အတွက် အစိုးရ ရှေ့နေများက လူငယ်(၄)ဦးကို တရားစွဲ ဆိုထားပြီး ၎င်းတို့သည် ကျောင်းမှ ဘတ်စ် ကားမှတ်တိုင်သို့ လမ်းလျှောက် သွားသည့် ဒါရီယွန်အား အသေရိုက်သတ် ခဲ့ကြောင်း ထိုသို့ စွပ်စွဲထားခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်သည် စက်တင်ဘာ (၂၄)ရက် နေ့က ဖြစ်ပွားခဲ့ပြီး Agape Community စင်တာအနီး ဖန်ဂါ ဟိုက်စကူး ကျောင်းဆင်းချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အစိုးရ ရှေ့နေများသည် ဒါရီယွန် သေဆုံးမှုအတွက် အသက်(၁၉)နှစ် အရွယ် ဆီဗိုနက်ရှယ်နွန်၊ အသက် (၁၈)နှစ်ရှိ အူဂျင်းရိုင်လီ၊ အသက်(၁၆)နှစ် အရွယ် အဲရစ်ကာဆန် နှင့် အသက်(၁၈)နှစ်ရှိ အူဂျင်းဘေလီ တို့အား ပထမအဆင့် လူသတ်မှုဖြင့် စွဲချက် တင်ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here