Dell Laptop အသစ် စတင်မိတ်ဆက်

alt

အမေရိကန် ကွန်ပြူတာ ကုမ္မဏီကြီး Dell က Latitude Z အမည်ရှိ ဒေါ်လာ (၂၀၀၀) တန် Laptop အသစ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

ယခု Laptop သည် Dell ၏ နာမည်ကျော် နည်းပညာ များကို ပြန်လည် အသုံးပြု ထားသလို Wireless စံနစ်ဖြင့် Charging ပြန်လည် ဖြည့်တင်းနိုင်မည့် ခေတ်မီ တီထွင်မှုတခု ပါရှိလာကြောင်း Dell က စက်တင်ဘာ (၂၉)ရက် နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

Dell အနေနှင့် ၎င်း၏ Laptop များအတွင်း Wireless နည်းပညာသုံး Charging စံနစ် ထည့်သွင်းပေးခြင်းမှာ ယခုတကြိမ် ပထမဆုံးပင် ဖြစ်သည်။ ထို့အပြင် အင်တာနက် ၀ဘ်ဆိုဒ်များအား ကြည့်ရှုရာတွင် ပိုမို လျှင်မြန်စေရေး အတွက် Smartphone များတွင် အသုံးပြုသည့် Chip တမျိုးကိုလည်း ထည့်သွင်း ပေးထားကြောင်း သိရှိရသည်။

ထို့အပြင် Windows စံနစ်များနှင့် ကိုက်ညီစေမည့် အဆင့်မြင့် Intel Processor များကိုလည်း ထည့်သွင်း ပေးထားကြောင်း Dell ကဆိုသည်။ Wireless Charging စံနစ်သည် မိုဘိုင်းလ်ဖုန်း ကဲ့သို့ အချို့ အီလက်ထရောနစ် ပစ္စည်းများတွင် စတင် အသုံးပြုနေပြီ ဖြစ်ပြီး ဥပမာအားဖြင့် Palm Pre ဖုန်းများတွင် အဆိုပါ စံနစ်ကို အသုံးပြုထားသည်။

Dell ၏ Laptop တွင် Latitude On ဟုခေါ်သည့် စံနစ်တခု ထည့်ပေးထားပြီး စက္ကန့် အနည်းငယ်အတွင်း Laptop ကို စတင် အသုံးပြုနိုင်ရန် အဆင်သင့် ဖြစ်နေစေသည်။ Latitude Z သည် ဘက်ထရီ သက်တမ်း (၁၂)နာရီ အထိ မရပ်မနား အသုံးပြုနိုင်ပြီး အခြား Monitor နှင့် ချိတ်ဆက်နိုင်မည့် DVI အပေါက်နှင့် USB အပေါက်များ ပို၍ ပါ၀င်သည်။

(၄.၅) ကီလိုဂရမ် လေးသော အဆိုပါ Laptop တွင် (၁၆)လက်မ LCD မော်နီတာ၊ Core 2 Duo Processor 1.4 GHzမှ 1.6GHz၊ RAM 4GB တို့ကို တပ်ဆင်ပေးထားပြီး Hard Disk မှာ 512GB ပမာဏရှိသော SSD ဖြစ်သည်။ ထို့အပြင် အခြားသော Wireless နည်းပညာများဖြစ်သည့် WiFi802.11a/g/n နှင့် 3G၊ WiMax စသည် တို့ကိုလည်း ထည့်သွင်း ပေးထားသည်။

Dell သည် Latitude Z ကို အမေရိကန်၊ ကနေဒါ နှင့် အာရှ၊ ဥရောပရှိ နိုင်ငံအချို့ တို့တွင် (၁၉၉၉) ဒေါ်လာဖြင့် စတင် ရောင်းချ ပေးသွားမည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here