စာရွက်ပေါ်မှသည် လက်တွေ့ တိုက်ပွဲဆီသို့

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းကို ကြည့်လျှင် ပြည်တွင်းရှိ နိုင်ငံရေး အင်အားစုများ အကြား စစ်အစိုးရ၏ (၂၀၁၀) ရွေးကောက်ပွဲကို ၀င်ရေး၊ မဝင်ရေး ကွဲပြား နေသကဲ့သို့ အယူအဆ ရေးရာတွင်လည်း ပူးသတ်မည့် အယူအဆ နှင့်

မပူးပေါင်းပဲ လုံးဝ ဆန့်ကျင်ရေး အယူအဆ ဟူ၍ ကွဲပြား နေကြသည်။ ၎င်းအကွဲအပြဲ အတွင်းတွင် အပစ်အခတ် ရပ်ထားသော ငြိမ်းအဖွဲ့များနှင့် ပြည်သူလူထုမှာ ဝေဝါးသော လမ်းကြောင်းပေါ်သို့ ရောက်မှန်း မသိ ရောက်ကုန်ကြပြီ ဖြစ်သည်။

ထိုအနေအထား တွင်ပင် (၁၉၉၀) ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်တိုင်ကလည်း ရှေ့လာမည့် တနှစ်အတွင်း ပြည်သူကို ဦးဆောင်၍ လျှောက်လှမ်းရမည့် နိုင်ငံရေး ခရီးကြမ်းကြီး အတွက် အဖက်ဖက်မှ ထိုးနှက်ခံထားရသော ဒဏ်ရာဒဏ်ချက် များစွာကြောင့် များစွာ ရင်လေးဖွယ်ရာ အနေအထားပင် ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်ပနိုင်ငံရေး အင်အား အများစုများမှာ ညီညွှတ်နေရမည့် အစား အချင်းချင်း လက်ညှိုးထိုး၍ ငယ်ကျိုးငယ်နာ ဖော်နေကြသည့် သံသရာမှ ရုန်း မထွက်နိုင်သေးပဲ နစ်ပြီးရင်း နစ်နေကြသည်ကို စိတ်မကောင်းစွာ တွေ့ရှိနေရပေသည်။ တိုင်းပြည် ချောက်ကမ်းပါး ကျတော့မည့် အနေအထားတွင် ကယ်တင်နိုင်မည့် ခေါင်းဆောင် ပေါ်ထွက်လာနိုင်မည့် အရေးမှာလဲ လူ့ပြည်မှ အပ်တစင်းနှင့် ဗြဟ္မာပြည်မှ အပ်တစင်း တွေ့ဆုံရေး ခက်ခဲသလို ခက်ခဲနေပေသည်။

အဘယ့်ကြောင့် ယခုလို အခြေအနေအထိ ဖြစ်ခဲ့သနည်း။ အမေးရှိက အဖြေရှိရပေမည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း နိုင်ငံရေး အင်အားစုများ ဖြိုခွဲ မခံရသေးမှီ အချိန်က ပြည်သူတို့ ကိုယ်တိုင် မသိလိုက် မသိဘာသာ နေလိုက်ခြင်းက ပထမဆုံးအမှား ဖြစ်လျှင် တဗိုလ်ကျ တဗိုလ်တက် စံနစ်ကို အကောင်အထည် ဖော်မှု နည်းပါးစွာပင် အရာရာတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာ အားကိုးနေကြခြင်းသည် ဒုတိယအမှားဟု ဆိုလျှင် လွန်အံ့မထင်ပါ။ တတိယနှင့် အကြီးကျယ်ဆုံးသော အမှားမှာ အဖွဲ့အစည်း အသီးသီးရှိ နိုင်ငံရေး အင်အားစုများကို ဦးဆောင်နေကြသော ၀ါရင့် နိုင်ငံရေးသမားကြီး များသည် မျိုးဆက်သစ် ခေါင်းဆောင်များ မွေးမထုတ် ပေးနိုင်ခြင်းနှင့် မိမိတို့ အတွေ့အကြံုများကို လူငယ်များအား မျှဝေ ပေးရန် ပျက်ကွက်ခဲ့ခြင်းပင် ဖြစ်သည်။ ဤ အယူအဆကို စောဒတက်လိုက တက်နိုင်သော်လည်း လူတိုင်းလူတိုင်း အမှားမကင်းခဲ့၍သာ ယခုလို အနေအထား အထိ ရောက်ရှိခဲ့သည်မှာ ငြင်း၍ မရသော အမှန်တရားဖြစ်သည်။

အထူးသဖြင့် စစ်အာဏာရှင် စံနစ်ကို ဆန့်ကျင်နေပါသည် ဆိုသော ဒီမိုကရေစီ အင်အားစုများသည် မိမိတို့ အမှားအတွက် အမိ မြန်မာပြည်ကို အခြားသူများထက် ပိုမို ပေးဆပ်သင့်လှသည်။ လူထု ခေါင်းဆောင် အကျယ်ချုပ် ကျနေခြင်းကို ဆယ်စုနှစ်တခု ကျော်အကြာ အထူး အလေးအနက် မထားခဲ့ပါပဲ ထောင်ချခံရမည့် ဆဲဆဲတွင်မှ အိပ်နေရာမှ လှုပ်နှိုး ခံလိုက်ရသလို သတိ၀င်လာခြင်းမှာ တိုင်းပြည်အတွက် များစွာနစ်နာ လှပေသည်။

ကြေငြာချက် ထုတ်ယုံ၊ မြန်မာသံရုံးရှေ့ ဆန္ဒပြယုံ၊ ကန်ပိန်းလုပ်ယုံ ဖြင့်သာ န.အ.ဖကို ဖြုတ်ချနိုင်မည် ဆိုပါက ရှေးဦးမဆွ ကတည်းကပင် ပြည်သူများ တက်ကြွစွာ ပါ၀င်လာပေမည်။ ထိရောက်မှုနှင့် တန်ပြန် ထိရောက်မှု မညီမျှ၍သာ ပြည်သူ ပါ၀င်လာမှု မရှိသည်ကို သတိမပြု မိခဲ့ကြခြင်း ပေလော..။ သတိမပြုမိ ချင်ယောင်ဆောင်ခဲ့ကြခြင်း ပေလော။ န.အ.ဖ ပြုတ်ကျလျှင် ထောက်ပံ့ ကြေးမရတော့ မည့်အရေး တွေးပူ၍ ကျောက်ဆောင်ကို လေနှင့်သာ မှုတ်ခဲ့ကြခြင်း ပေလော..။ မည်သို့ပင်ဆိုစေ သွေးစည်း ကြရတော့မည့် အခြေအနေတွင် တိုင်းပြည် ချောက်ကမ်းပါး ရောက်အောင် တွန်းပို့ပေးနေသော မည်သည့် အလုပ်ကိုမဆို မိမိတို့ ရပ်တန့်ရတော့ မည်ဖြစ်သည်။

ညီညွှတ်ရေး အတွက် လိုအပ်ချက် များကို မဖြစ်မနေ အကောင်အထည် ဖော်ရတော့မည် ဖြစ်သည်။ ဖက်ဆစ်စနစ် တိုက်ဖျက်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ နိုင်ငံ့ ခေါင်းဆောင်ကြီး များက ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးကို အဖွဲ့အစည်း ပေါင်းစုံဖြင့် ညီညွှတ်စွာ ဖွဲ့စည်းခဲ့ကြသလို ယနေ့ အချိန်အခါ တွင်လည်း စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေးအတွက် တခုတည်းသော အဖွဲ့အစည်းကြီးတခု တည်ထောင်ရန်မှာ တိုင်းပြည် လိုအပ်ချက်ကို သိနားလည်သော ခေါင်းဆောင်ကောင်းတို့၏ တာဝန်ပင်ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများသည်လည်း ကိုးကန့် ငြိမ်းချမ်းရေးအဖွဲ့ကို သင်ခန်းစာယူ၍ မိမိတို့အလှည့် ကျရောက်လာ မည့်အချိန်ကို စောင့်မနေသင့်တော့ပဲ အချိန်မီ တခုတည်းသော လက်နက်ကိုင် မဟာမိတ် တပ်ပေါင်းစုကြီးကို ဖွဲ့စည်းရမည့် အချိန်ရောက်ရှိနေပြီ ဖြစ်သည်။ အဖွဲ့အစည်း အသီးသီး၏ လူမျိုးစွဲ၊ ၀ါဒစွဲများနှင့် ပုဂ္ဂိုလ်ရေးမာနများကို ခဝါချ၍ အချင်းချင်း ယုံကြည်ချက် တည်ဆောက်ရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံးသော အလုပ်သာဖြစ်သည်။ အစွယ် ထုတ်ပြပြီးတာတောင် ကျားဟုမမြင် သေးပါက မိမိတို့လောက် ညံ့သောသူ ကမာ္ဘပေါ်တွင် ရှိနိုင်တော့မည် မထင်ပေ။

န.အ.ဖ သည် ပညာရှိနည်းနှင့် ဆုံးမ၍မရသော အစိုးရဖြစ်ကြောင်းကို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးက သက်သေပြခဲ့ပြီး ဖြစ်သည်။ ယခုအချိန် အထိ အစိုးရကို နားချ၍ ရနိုင်လောက်သည် ထင်ပြီး န.အ.ဖနှင့် အပေးအယူ လုပ်ချင်နေသေးသည့် လူမိုက်များ အတွက် အချိန်ကုန် ခံမနေပဲ ပြည်သူများ နားမယောင်စေရန် အတွက် မိမိတို့ဘက်မှ တိကျသည့် လမ်းကြောင်း၊ ခိုင်မာသည့် အဖွဲ့အစည်း ချပြနိုင်မှသာလျှင် ပြည်သူတို့၏ ယုံကြည် ကိုးစား ပါ၀င်လာခြင်းကို မြင်တွေ့ရပေမည်။ ဓား လိုအပ်နေချိန်တွင် ဓား မပေးပဲ ရေကြည်ကမ်းနေမိသည့် မိမိတို့အဖြစ်ကို အမြန် သတိပြုမိပြီး ပြုပြင်နိုင်မှသာ အမိမြန်မာပြည်ကြီး ကံဆိုးမိုးမှောင် ကျတော့မည့် အရေးမှ နိုင်ငံ့သားကောင်း ပီသစွာ ကယ်တင်နိုင်ပေမည်။ ကျောက်ဆောင် ဖြိုမည့်သူသည် ကျောက်စောင်း ရှမှာလောက်တော့ ဖြံုမနေသည့် စိတ်ဓာတ် ထားရှိရပေမည်။

သမိုင်းသည် မိမိတို့ လက်ထဲတွင် ရှိသည်။ အလှည့်အပြောင်းသည် ဆုံးဖြတ်ချက် ချလိုက်သည့် အချိန်ပိုင်း ကလေးပင် ဖြစ်သည်။ ကျွနု်ပ်တို့၏ မျိုးဆက်သွေး ကလေးငယ်များကို စာသင်ခန်းထဲတွင် ကမာ္ဘ့ အဆင့်မီပညာများကို သင်ကြား ခိုင်းမည်လော.. လမ်းများပေါ်တွင် တောင်းစား ခိုင်းမည်လော..။ ကျွနု်ပ်တို့၏ အမျိုးသမီးငယ်များကို တင့်တယ်မှု အပေါင်းနှင့် ကမာ္ဘ့အလယ်တွင် ၀င့်ထည်စေမည် လော…။ တခြားနိုင်ငံများ၏ ပြည့်တန်ဆာတန်းသို့ ပို့ပစ်ကြမည်လော…။ အမိ မြန်မာပြည်ကြီး၏ အနာဂတ် အကောင်းအဆိုးမှာ သင့် လက်ထဲတွင် ရှိသည်။ တွေဝေနေပါက အဖိုးတန် အခွင့်အရေးများ ဆုံးရှံုးတော့မည်။ မည်သူမှာမှ အသက်အပိုမပါ ပါ။ ခေါင်းတလုံး အပိုမပါ ပါ။ အမေမွေးသည့် အသက် တိုင်းပြည်အတွက် ပေးဆပ်ပါက မိခင်များ မွေးရကျိုး နပ်လှမည်။ ဓား ကိုင်မှကြောက်မည့် လူမျိုးသည်၊ တရားထိုင် နေယုံနှင့်တော့ ပြောင်းလဲ မလာတော့ပေ။

မြန်မာပြည် အနှံ့အပြားတွင် စစ်မောင်းသံကြားပါက ခွာရှပ်နေသော စစ်မြင်းများ များစွာရှိသည်။ တိုက်ပွဲခေါ်သံကို ငံ့လင့်နေသော ပြည်သူများရှိသည်။ တွေဝေခြင်းသည် ဆုံးရှံုးခြင်း၏ အစ ဖြစ်သည်။ မိမိတို့ အားလုံး စာရွက်ပေါ်မှ စကားလုံးများကို လမ်းမများပေါ်မှ တိုက်ပွဲများအဖြစ် အသွင်ပြောင်း ပစ်ရမည်။!

ကျွနု်ပ်တို့ ကိုးကွယ် အားထားသော ဗုဒ္ဓကိုယ်တော်တိုင် နန္ဒာပ နန္ဒနဂါးမင်းအား အင်အားသုံး ဦးနှိမ်ပြီးပါမှ တရားစကား မြွက်ကြားသော သာဓက ရှိသည်။ လူရိုင်းများရှေ့ မေတ္တာစကား ပြောကြားနေပါက သင်သာလျှင် ဆုံးရှံုးခြင်း ကြီးလိမ့်မည်။ တတိုင်းပြည်လုံး၏ ညီညွှတ်ရေးကို အကောင်အထည် ဖော်ရင်း သင်သည်လည်း တိုင်းပြည်အတွက် …….

ဓါးကောင်းတလက် ဖြစ်ပါစေ…!

မင်းသွေးသစ်

(၂၀၀ရ) မျိုးဆက် ကျောင်းသားသမဂ္ဂ ကျောင်းသားတဦး

ဤစာစုဖြင့် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ များအား ဦးညွှတ်ပါသည်။ ဤစာစုဟာ မည်သူ တဦးတယောက် တဖွဲ့ကိုမှ ရည်ရွယ်ရေးထားခြင်း မဟုတ်ပဲဲ မြန်မာနိုင်ငံ စစ်အာဏာရှင် စံနစ်မှ လွတ်မြောက်ရေး အတွက် အုတ်တချပ် သဲတပွင့် ဖြစ်လျှင်ပင် ရေးရကျိုး နပ်ပြီဟူသော စေတနာသန့်သန့် ဖြင့်သာ အကြံပြုရေးသားခြင်း ဖြစ်ကြောင်း၊ ရေးသားသူမှာ ရွှေဝါရောင် တော်လှန်ရေးမှ မွေးထုတ်ပေးလိုက်သော ၂၀၀၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသား ရဲဘော်တဦးဖြစ်သော ရဲဘော် မင်းသွေးသစ်၏ ပုဂ္ဂလိက အမြင်သာ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here