ပါကစ္စတန် တာလီဘန်တို့ အင်အား ပိုမိုကြီးထွားလာဟု ဆို

alt

ဆွက်တောင်ကြား ဒေသတွင် မိမိ တို့၏ ထိပ်တန်း ခေါင်းဆောင် များ ဖမ်းဆီး ခံနေရ လင့်ကစား ပါကစ္စတန်ရှိ တာလီဘန် တို့၏ အင်အားသည် ပိုမိုကြီးထွား လာကြောင်း စစ်သွေးကြွ များက ကြေညာ ခဲ့သည်။

တာလီဘန် တို့သည် ယခုအခါ အတောင့်တင်းဆုံး အခြေအနေတွင် ရှိနေကြောင်း၊ ယခင် ကထက် ပိုမို ပြင်းထန်သော တိုက်ခိုက်မှုများနှင့် အသေခံ ဗုံးခွဲမှုများကို ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း တာလီဘန် ထိပ်တန်း စစ်သွေးကြွ တဦးက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

တာလီဘန် တို့အား အသေခံ ဗုံးခွဲသမားများ အဖြစ် လေ့ကျင့် ပေးနေသူအဖြစ် နာမည်ကျော်သော ကွာရီ ဟူစိန် မာဆက် သည် AP မှ သတင်းထောက် များနှင့် မြောက်ပိုင်း ၀ါဇီရီစတန် တွင် လျှို့ဝှက် တွေ့ဆုံခဲ့စဉ် ယခုလို ပြောကြားသွားခြင်း ဖြစ်သည်။

ထိုတွေ့ဆုံမှု ဖြစ်ပွားပြီး နာရီပိုင်း အတွင်းမှာပင် ယင်းဒေသသို့ အမေရိကန် စစ်တပ်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ လူ(၁၂)ဦး သေဆုံးခဲ့ရသည်။ အမေရိကန်တို့သည် ထိုဒေသအတွင်းရှိ တာလီဘန်နှင့် အယ်ကိုင်ဒါ လျှို့ဝှက်စခန်း များအား ခန့်မှန်းပြီး ဒုံးကျည်များဖြင့် ပုံမှန် ပစ်ခတ်လေ့ရှိရာ ပစ်ကွင်းများ ဖြစ်နေသည်။

မိမိတို့အား မည်သို့သော ဖိအားပေးမှုမျိုး ပြုလုပ်နေသည့်တိုင် တာလီဘန်တို့၏ အင်အားကို ယုတ်လျော့သွားအောင် ပါကစ္စတန်ရော၊ အမေရိကန် တပ်များကပါ စွမ်းဆောင်နိုင်မည် မဟုတ်ကြောင်း မာဆက် က AP သတင်းဋ္ဌာနသို့ ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here