လက်နက်ကိုင် အကြမ်းဖက်မှုကို လုပ်နိုင်တာ စစ်အုပ်စုပဲ ရှိပါတယ်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

စက်တင်ဘာလ ၁၈ ရက်နေ့က ငြိမ်/ပိ အာဏာ သိမ်းခဲ့တဲ့နေ့။ အာဏာသိမ်း အထိမ်းအမှတ် အဖြစ်နဲ့ န.အ.ဖ စစ်ကောင်စီ က အကျဉ်းသားတွေ လွှတ်တယ်။

လွှတ်ပေးလိုက်တာ ရ၁၁၄ ယောက်ရှိတယ်။ NLD စာရင်းအရ ထောင်က လွတ်လာတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၁၉ ယောက်ပါတယ်။

ရာခိုင်နှုန်းအရ ၁.၇ ရာခိုင်နှုန်း။ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တာ မဟုတ်။ ၄၀၁ ခြေမန်းကွင်း တပ်ပြီး လွှတ်ပေးလိုက်တာ။

ရဲဘော်သည် သံ၊ တိုက်ပွဲသည် မီး၊ အကျဉ်းထောင် သည် တူ။ သံဟာ မီးနဲ့ တူနဲ့ ထိတွေ့ပြီးရင် ပိုပြီး ထက်မြက် လာတတ်တယ်။ ပိုပြီး တောက်ပ လာတတ်တယ်။ အကျဉ်းထောင်ဟာ ဖက်ဆစ်ငရဲခန်းပဲ။ ဖက်ဆစ် ငရဲခန်းထဲမှာ နေခဲ့ရတဲ့ ကျနော်တို့ရဲ့ နိုင်ငံ့သားကောင်း တွေဟာ ရုပ်ပိုင်းအရ ချိနဲ့ သွားခဲ့ကြရတယ်။ ဒါပေမယ့် စိတ်ဓါတ်ရေးရာမှာ အမြင့်မားဆုံး အဆင့်မှာ ရှိနေတယ်။ န.အ.ဖ စစ်ကောင်စီရဲ့ စိတ်ဓါတ်ရေးရာ အခြေအနေက အောက်ဆုံးအဆင့်မှာ ရောက်နေတယ်။ ၁၉၈၈ တုန်းကလို အခြေအနေမျိုး ပြန်ပြီး ဆိုက်ရောက်နေတယ်။ အမြင်အားလုံးကို စစ်ရေးအမြင်နဲ့ ကိုင်တွယ်နေတယ်။

၁၉၈၈ တုန်းကလိုပဲ နယ်မြေ တွေကို အရောင်တွေနဲ့ သတ်မှတ်နေရတယ်။ စက်တင်ဘာလ တလလုံး အရေးပေါ် အခြေအနေ အဆင့် သတ်မှတ်ထားတယ်။ မြို့ကြီး ပြကြီး မှန်သမျှ “အညိုရောင်နယ်မြေ”။ လုံခြံုရေးတွေ ထူထူထဲထဲ ချထားရတယ်။ အဖမ်းအဆီး များတယ်။ ရခိုင်ပြည်နယ် ဘက်မှာ အခု ဖမ်းထားတာ ၄၀ လောက် ရှိတယ်။ ပခုက္ကူ၊ မြင်းခြံ ဘက်မှာလည်း အဖမ်းအဆီး တွေရှိတယ်။ သေနတ် မပေါက်တော့ပြီ ငြိမ်းချမ်းပြီဆိုတဲ့ နယ်စပ်ဒေသတွေနဲ့ အပစ်အခတ် ရပ်ထားတဲ့ တိုင်းရင်းသား နယ်မြေဒေသ တွေကျတော့ “အမည်းရောင် နယ်မြေ” လို သတ်မှတ် ထားတယ်။ အဖြူရောင် နယ်မြေဆိုလို့ ကြပ်ပြေးက မြေအောက် လှိုင်ခေါင်းပဲ ရှိတယ်။

ပြည်သူလူထု နဲ့ န.အ.ဖ စစ်ကောင်စီ ဆက်ဆံရေး အခြေအနေက ချောမွေ့မှု မရှိဘူး။ အထူးသဖြင့် သံဃာတော်တွေနဲ့ န.အ.ဖ ဆက်ဆံရေး အခြေအနေက အတင်းမာဆုံး အခြေအနေမှာ ရှိနေတယ်။ စက်တင်ဘာလမှာ န.အ.ဖ အာဏာသိမ်းခဲ့တယ်။ အရင်ကတော့ စက်တင်ဘာလ က န.အ.ဖ အဖို့ အောင်ပွဲခံတဲ့လ ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့မယ်။ အခုတော့ စက်တင်ဘာလဟာ န.အ.ဖ စစ်ကောင်စီ အဖို့ ခြောက်ခြားစရာ အကောင်းဆုံးလ ဖြစ်နေတယ်။ စက်တင်ဘာလ မှာ သံဃာတော်တွေ သွေးမြေ ကျခဲ့ရတယ်။ စက်တင်ဘာမှာ ဘုရားသား၊ ကျောင်းသား၊ ပြည်သူပြည်သား ပေါင်းစည်းမိခဲ့တယ်။ စစ်သားတွေ ပေါင်းစည်း လာဖို့ပဲ လိုတော့တယ်။ အခု လူထုကြားမှာ စစ်သားတွေ ရှိနေတယ်။

ကျောင်းသားတွေ လူငယ်တွေက စစ်သားတွေကို ရင်းနှီးစွာ ဆက်ဆံကြမယ်။ ပြည်သူပြည်သားတွေက တပ်မတော်သားတွေကို ကျွေးမွေး ပေးကမ်းကြမယ်။ သံဃာတော် တွေက မေတ္တာတရား လက်ကိုင်ထားဖို့ ဟောကြားကြမယ်။ စစ်သားနဲ့ လူထု ရင်းနှီးမှုရှိအောင် လုပ်ယူကြမယ်။ အဲသလို ဖြစ်မှာ န.အ.ဖ စစ်ကောင်စီ ကြောက်တယ်။ မကြာခင် တပ်တွေ ပြန်ရုပ်သိမ်း လိမ့်မယ်။ စစ်သားတွေနဲ့ ပြည်သူလူထု ရင်းနှီးသွားမှာ န.အ.ဖ စစ်ကောင်စီ မလိုလားဆုံး ဖြစ်တယ်။ “အမည်းရောင် နယ်မြေ” တွေမှာ အခြေအနေက မတည်ငြိမ်။ လက်နက်အသင့် ငြိမ်းချမ်းရေးခေတ်။ မနက်ဖန် ထတိုက်မလား – သန်ဘက်ခါ ထတိုက်မလား။ အခြေအနေက ပေါက်ကွဲတော့မယ့် ဗုံးတလုံးလို။ အဲဒီဗုံးက ရိုးရိုးဗုံး မဟုတ်ပဲ ချိန်ကိုက်ဗုံးဖြစ် သွားမှာ စစ်အုပ်စုကြောက်တယ်။ ဆိုလိုတာက…အချိန်ကိုက် တပြည်လုံး တပြိုင်နက် လက်နက်ကိုင်အုံကြွမှာ စစ်အုပ်စု ကြောက်တယ်။ တပြည်လုံးနဲ့ တယောက် ချရတော့မယ်လေ။ စစ်ရေး မျက်နှာစာမှာ အကြပ်အတည်း ရင်ဆိုင်ရရင် ပြည်တွင်းမြို့ပြ မျက်နှာစာမှာ အုံကြွ တော်လှန်မှုတွေ ဖြစ်လာနိုင်တယ်။ (နိုင်ငံတကာ ဖိအားပေးမှုတွေ ၀င်လာမယ်။) ဆိုတော့ ဒီလို တပြည်လုံးနဲ့ တယောက်ချမယ့် စစ်ဗျူဟာမျိုးကို န.အ.ဖ စစ်ကောင်စီ ကျင့်သုံးလိမ့်မယ်လို့ မထင်ရေးချ မထင်။

တကောင်ချင်း ဆွဲစားသည့် ဗျူဟာကိုသာ ကျင့်သုံးမှာ ဖြစ်တယ်။ ဟိုတုန်းက တယောက်ချင်း လာ၊ တဖွဲ့ချင်း ၀င်၊ နိုင်ငံရေး စကားနောက်မှ ပြော၊ ဒေသဖွံ ့ဖြိုးရေး အရင်လုပ် ဆိုတဲ့ အပစ်အခတ် ရပ်ဆိုင်းရေး မူအရ တဖွဲ့ချင်းနဲ့ အပစ်အခတ် ရပ်ဆိုင်းခဲ့တယ်။ အခုလည်း ဟိုတုန်းကလို အကြံမျိုးနဲ့ တဖွဲ့ချင်းကို ဖဲ့စားဖို့ ချောင်းနေတာ ဖြစ်တယ်။ ကြောင်ကိုခြောက်ဖို့ စာကလေးကို သတ်ပြခဲ့ပြီးပြီ။ မြောက်ပိုင်းက ကိုးကန့်အဖွဲ့ကို လုပ်သွားတာ ပူပူနွေးနွေး ရှိသေးတယ်။ အင်အား (လက်နက်၊ ရိက္ခာ၊ လူသူ၊ ငွေကြေး၊ နယ်မြေဒေသ၊ စစ်ရေးနိုင်ငံရေး မဟာမိတ်၊ လူထုကျောထောက် နောက်ခံ၊) နည်းတဲ့ အဖွဲ့တွေအဖို့ အထူး သတိ၀ိရိယ ရှိကြဖို့ လိုအပ်ပါတယ်။ ကိုယ့်အားနည်းချက် တွေကို စစ်ဆေးပြီး ပြင်ဆင်ထားနိုင်မှ တော်ကာကျမယ်။ ခြင်းထဲက ကြက်လိုဘဝမျိုးက အခံရ ခက်ပါတယ်။ မြေခွေး ကတော့ တကောင်ချင်း လာစားနေမှာပဲ။ ကိုယ့်ဘက်က “တအုပ်လုံး ခုခံတဲ့နည်း” နဲ့ တုံ့ပြန်နိုင်ဖို့ ပြင်ဆင် ထားသင့်တယ်။

“၀” တွေကို တိုက်ဖို့ဆိုရင် လေယာဉ်တွေ သုံးမယ်တဲ့။ ကိုးကန့်ကို တိုက်အပြီးမှာ စစ်သွေးတွေကြွ စစ်မာန်တွေတက်ပြီး ရေရေလည်လည် လန်းနေတဲ့ န.အ.ဖ စစ်ကောင်စီဝင် တိုင်းမှူးတယောက် ပြောခဲ့တယ်။ ဆိုတော့…ဘယ်လို လေယာဉ်မျိုးလဲ၊ ဘယ် လောက်ကျွမ်းကျင်တဲ့ တိုက်လေယာဉ်မှူးတွေ ရှိနေလို့လဲ ကျနော်တို့မှာ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ တိုက်လေယာဉ်တွေ အကြောင်းကတော့ စစ်ရေး ကျွမ်းကျင်သူတွေ ပိုပြီး သိပါလိမ့်မယ်။ ကျနော်တို့ ကတော့ တိုက်လေယာဉ်မှူးတွေရဲ့ စိတ်ဓာတ်ရေးရာ အခြေအနေကို ဦးစားပေး လေ့လာပါတယ်။ တိုက်လေယာဉ်မှူး တယောက်ကို သာမန် ထရပ်ကား မောင်းတဲ့ စစ်သားတယောက်လို သဘောထားလို့ မရပါဘူး။ သူ့မှာ လိုအပ်တဲ့ ပညာအရည်အချင်း၊ လုံလောက်တဲ့ လေ့ကျင့်မှု ရှိဖို့ လိုပါတယ်။ န.အ.ဖ တပ်တွင်း အခြေအနေက ဒါမျိုးတွေကို ခွင့်ပြု မထားတဲ့အပြင် ကြီးနိုင်ငယ်ညှင်း ဆက်ဆံရေးကို တွင်တွင်ကျယ်ကျယ် ထူထောင်ထားတာ ဖြစ်ပါတယ်။ ဒါ လေတပ်တခုထဲမှာ ဖြစ်နေတာ မဟုတ်ဘူး။ ကြည်း၊ ရေ၊ လေ၊ အားလုံးမှာ ဖြစ်နေတာ ဖြစ်ပါတယ်။

မတတ်သာလို့ အမိန့် နာခံနေကြရမယ်။ မလွှဲသာလို့ ခိုင်းတာလုပ်နေရမယ်။ အခြေအနေ ပေးတာနဲ့ လူထုဖက်ကို ပူးပေါင်းကြမှာပဲ။ နယ်စပ်နဲ့ နီးတဲ့နေရာတွေမှာ ရောက်နေတဲ့ စစ်တပ်တွေက စစ်သားတွေဆို တော်လှန်ရေး တပ်တွေနဲ့ ပူးပေါင်းကြတယ်။ တဖက်နိုင်ငံတွေထဲ ၀င်ပြေးကြတယ်။ တတိယနိုင်ငံ ရောက်ကုန်တယ်။ ဒါမျိုးတွေ အများကြီး ဖြစ်နေတယ်။ ဖင်လန်နိုင်ငံ မှာတင်ပဲ တပ်က ပြေးလာတဲ့ တပ်ပြေး ရဲဘော်လေးတွေ တပုံကြီး ရှိတယ်။ န.အ.ဖ ထိုးစစ်ကြောင့် ဒေသခံလူထုတွေ ထွက်ပြေး နေရသလို၊ စစ်သားတွေ ကိုယ်တိုင်ပါ ထွက်ပြေး နေကြရတယ်။ ကိုယ့် ဘက်က လုပ်ရမှာက ထွက်ပြေးလာတဲ့ သူတွေကို အဖြူ၊ အမည်း ခွဲမနေပဲဲ နွေးထွေးစွာ ကြိုဆိုဖို့နဲ့ လုံခြံုမှုကို အာမခံပေးဖို့ လိုပါတယ်။ တပ်က ထွက်ပြေးတာဟာ စစ်အာဏာရှင် စံနစ်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ (ခေတ်မှီစွာ) တနိုင်တပိုင် ဆန့်ကျင်တာ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

န.အ.ဖ စိတ်ဝင်စားနေတဲ့ အကြောင်းအရာ အတော်များများ ရှိပါလိမ့်မယ်။ ဒါပေမယ့် လောလောဆယ် အကြောင်းအရာ ၄ခု အပေါ်မှာ အာရုံစိုက်ထားတာ တွေ့နေရတယ်။

  • စက်တင်ဘာ ရွှေဝါရောင် တစ္ဆေ အခြောက် ခံနေရတယ်။ မြို့ပေါ် ဖိနှိပ်မှုတွေ နင်းကန်လုပ်နေတယ်။
  • ဒေါ်အောင်ဆန်းစုကြည် အမှု တကျော့ပြန် ၀င်လာနေတယ်။ အောက်တိုဘာလ ဆန်းတာနဲ့ ဆုံးဖြတ် ရတော့မယ်။
  • နယ်ခြားစောင့်တပ် အဖြစ်အသွင် ကူးပြောင်းရေးကို ၆လ အချိန်ပေးထားတယ်။ အောက်တိုဘာလ ထဲမှာ အချိန်စေ့မယ်။
  • အမေရိကန် အစိုးရက မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒ ရေးရာပြုပြင်မှုတွေ လုပ်မယ်။ အောက်တိုဘာ လထဲမှာပဲ။

ဒီအကြောင်းအရာ ၄ ခုကို ၂၀၀၉ ခုနှစ်မှာ အပြတ်ဖြတ် ထားနိုင်မှ ၂၀၁၀ ရွေးကောက်ပွဲကို စိတ်အေးလက်အေး လုပ်နိုင် မယ်လို့ န.အ.ဖ စစ်ကောင်စီက ယူဆနေပုံ ရပါတယ်။ ရွေးကောက်ပွဲက ၂၀၁၀ မှာလုပ်မယ်သာ ပြောတယ်။ ဘယ်တော့ ဆိုတာ မကြေညာ ရဲသေးဘူး။ ရွေးကောက်ပွဲ ဥပဒေမထုတ်ပြန်ပဲ လက်ဦးမှုယူတဲ့ အနေနဲ့ သူ့ဘက်က အရင်စပြီး အကြို စည်းရုံးမှုတွေ လုပ်နေတယ်။ ၀န်ကြီးတွေ ၀န်ကလေးတွေက အမတ်စာရင်း သွင်းနေကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဗလာ ချည်း ထောက်ခံနေတဲ့ အေးလွင်တို့ နေမျိုးဝေတို့ ဦးသုဝေ တို့ကလည်း ဒါတွေကြည့်ပြီး လိုက်လုပ်ကြရော။ ကိုယ့်သဘောနဲ့ကိုယ် ဆိုင်းဘုတ်တွေထောင်၊ ဟောပြောမှုတွေ လုပ်ကြတော့ န.အ.ဖ စစ်ကောင်စီ ကျွဲမြီးတို သွားပုံရတယ်။ ခေါ်ပြီး ဆူပူ ကြိမ်းမောင်းတာ တွေ့ရတယ်။ စစ်အုပ်စု သွားနေတာက လက်ဦးမှု ယူပြီး သွားနေတာ။ ဒါကို နားမလည်ကြဘူး ဆိုတော့ အင်း .. အရိပ်၃ပါး နားမလည်တဲ့ ချေသူငယ်ဟာ နောက်ဆုံးမှာ ကျားစာဖြစ်တာပဲ လို့သာ ပြောရတော့မှာပဲ။

စစ်အုပ်စု သွားနေတာက သပိတ်ဝင် အိတ်ဝင်နည်း “အရင်ထောက်ခံကြ နောက်မှ ထုတ်ပြန်ကြေညာမယ်”။ အဲဒီလို။ ၂၀၀၈ ဆန္ဒခံယူပွဲ တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့တယ် မဟုတ်လား။ ဆန္ဒမဲက ပေးရတော့မယ်။ ဖွဲ့စည်းပုံက လူထုလက်ထဲ မရောက်သေးဘူး။ ထွက်လာတော့လည်း ပိုက်ဆံပေး ၀ယ်ကြတဲ့။ တကဲ့ သပိတ်ဝင် အိတ်ဝင်နည်း။ ဆန္ဒမဲသာ ပေးရတယ် ဖွဲ့စည်းပုံ ဆိုတာကြီးက ငပြူးလား ငပြဲလား မသိခဲ့ကြရဘူး။ ငပြူးမှန်းမသိ ငပြဲမှန်းမသိ မဲပေးခဲ့ကြရတယ်။ အခုလည်း စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲကို အရင် လက်ခံတယ်ပြော။ ကျန်တာ နောက်မှပေါ့။ ဒီလိုမျိုးလုပ်ချင်တယ်။ ကေအိုင်အို ကချင်နဲ့ ဆွေးနွေးတော့ ဒီလိုပဲပြောတာပဲ။ ကေအိုင်အိုက ရွေးကောက်ပွဲကို ကေအိုင်အို အနေနဲ့ မဝင်ဘူး။ ပါတီသပ်သပ် ထောင်ပြီး ၀င်မယ်ဆိုတော့ န.အ.ဖ အောင့်သက်သက် ဖြစ်ရတယ်။ ပါးစပ်က မူအားဖြင့် သဘောတူညီမှု ရပြီလို့သာ တုံ့ပြန် လိုက်ရတယ်။ စိတ်ထဲက မပါဘူး။ အကြံထုတ် နေရတယ်။

မွန်အမျိုးသား တွေကလည်း စစ်အုပ်စုအထာကို ကောင်းကောင်း ပေါက်ကြပါတယ်။ လုပ်ငန်းကော်မတီ တခုဖွဲ့လိုက်တယ်။ လုပ်ငန်းကော်မတီက ရွေးကောက်ပွဲ ၀င်သင့် မဝင်သင့် အရင်လေ့လာမယ်။ နောက်မှ ၀င်ချင်ဝင်မယ်။ ၀င်မယ်ဆိုတော့မှ လုပ်ငန်းကော်မတီ ကနေ နိုင်ငံရေးပါတီအဖြစ် အသွင်ကူးပြောင်း ကြလိမ့်မယ်။ စစ်အုပ်စုရဲ့ “အရင်ထောက်ခံကြ နောက်မှ ထုတ်ပြန်ကြေညာမယ်” ကို “အရင် ထုတ်ပြန်လိုက် နောက်မှ သဘောထားပေးမယ်” နဲ့ တုံ့ပြန်လိုက်တာ ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ရွှေဂုံတိုင် ကြေညာချက်မှာ အလားတူ ပြောထားတာပဲဲ။ ၂၀၁၀ တွက်ကိန်းက မှန်းချက်နဲ့ နှမ်းထွက် မကိုက်တော့ န.အ.ဖ စစ်ကောင်စီ တခုခုကြံနေပုံ ရတယ်။ လောလောဆယ်တော့ ကနေဒါက သံတော်ဆင့် သတင်းစာကိုမြင့်ရွှေ ဆီက သတင်း ထွက်လာတာ တွေ့ရတယ်။ ရွေးကောက်ပွဲကို ၂၀၁၀ ဆယ်လပိုင်း ဆယ်ရက်နေ့ လုပ်မယ်တဲ့။ ၈ လေးလုံး ကို ဘူကြီးနဲ့ စားမှာတဲ့။ နိုင်ငံရေးကို ဖဲသမားဉာဏ်နဲ့ တွက်ကြတာ အံ့ဩတယ်။ ကျနော်တို့ကတော့ လေလည် ပြတယ်လို့ပဲ အောက်မေ့ပါတယ်။ ၀မ်းသာချင်တဲ့ သူတွေ ၀မ်းသာကြပါ။

ဗုံးပေါက်တိုင်း စစ်အုပ်စုက အတိုက်အခံတွေကို လက်ညိုးထိုးတယ်။ NLD အဖွဲ့ဝင် သက်ကြီးရွယ်အိုကြီးကို ဖောက်ခွဲရေး အမှုနဲ့ ထောင်ချခဲ့ဘူးတယ်။ အခုလည်း ရန်ကုန်မှာ ဗုံးတွေပေါက်ပြန်ပြီ။ ဘယ်သူ့ လက်ညိုးထိုးဦးမလဲ။ လောလောဆယ်တော့ ကိုညီညီအောင် ခမျာ စွပ်စွဲ ခံထားရရှာတယ်။ အဖြစ်အပျက်က အမေရိကန်တွေ မူဝါဒကြားနာပွဲ လုပ်ဖို့ စီစဉ်နေတာ နဲ့ သွားပြီး တိုက်ဆိုင်နေတယ်။ အမေရိကန် နိုင်ငံသားချင်း အတူတူ ယက်တော မှဲ့တပေါက် မစွန်းခဲ့ဘူး။ ကိုညီညီအောင် မှာတော့ အညိုအမဲတွေ စွဲပြီး တကိုယ်လုံး ဖူးယောင်နေပြီ။ ယက်တောကို သေနတ်တချက် အမြောက်တချက် မဖောက်ရပဲ ကယ်ထုတ်နိုင်ခဲ့တဲ့ သူရဲကောင်းကြီး ဂျင်ဝက်ဘ် ဘာပြောမလဲ။ နားထောင် ချင်ပါတယ်။

အမေရိကန်တွေ ချမှတ်မယ့် မူဝါဒ အသစ်ဆိုတာ အများဖြစ်စေချင်တဲ့ ပြတ်သားမှု ရှိတဲ့ မူဝါဒ မဖြစ်နိုင်ပါဘူး။ ပိတ်ဆို့မှု ဆိုတာမှာလည်း အထည်ချုပ် စက်ရုံလောက်၊ ဆပ်ပြာစက်ရုံ လောက်ကိုပဲ စကားထဲ ထည့်ပြော နေကြတာပါ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံပေါင်း ၂၀ လောက်ရှိပါတယ်။ အဲဒီထဲမှာ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေက ရေနံ လုပ်ငန်းကြီးတွေ ပါပါတယ်။ အဓိက ၀င်ငွေကို အဲဒီကနေ ရနေတာပါ။ ဒို့တွေ ထွက်သွားလည်း သူတို့တွေ ၀င်လာမှာပဲ ဆိုတဲ့ အကြောင်းပြချက်ကလည်း မခိုင်လုံဘူးလို့ မြင်ပါတယ်။ မခိုင်လုံတဲ့ အကြောင်းပြချက်ကို မူဝါဒတခုလို လုပ်မယ်ဆိုရင်တော့ ထွက်လာ မည့်မူဝါဒက ဒို့တွေ မထောက်ခံလဲ သူတို့တွေ (အာရှနိုင်ငံ အစိုးရတွေ) ထောက်ခံနေတာပဲ ဒီတော့ ဒို့တွေလည်း ထောက်ခံ လိုက်ရအောင်ပါ ဆိုတဲ့ ထောက်ခံရေး မူသာ ဖြစ်ပါလိမ့်မယ်။

စက်တင်ဘာ လှုပ်ရှားမှုအပြီးမှာ ပေါ်လာတဲ့ မြို့ပြပျောက်ကြား တွေကတော့ မူဝါဒတွေ အပေါ်မှာ ယစ်မူး သာယာနေမည့် သူတွေ မဟုတ်ပါဘူး။ အတွေးအခေါ် ရှိတဲ့သူတွေ အခြေအနေကို နားလည်တတ်တဲ့ သူတွေဖြစ်တဲ့ အလျှောက် ရန်သူ-မိတ်ဆွေ ခွဲခြား တတ်ပါတယ်။ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင် စံနစ်နဲ့ တပ်မတော်သားကို ခွဲခြားတတ်တယ်။ စစ်နောက်ပိုင်း ဒေသတွေမှာ ရန်သူ့ပစ္စည်းတွေ၊ ဂိုဒေါင်တွေ ဖျက်ဆီးကောင်း ဖျက်ဆီးမယ်။ မော်တော်ယာဉ်တွေကို မီးရှို့ကောင်းရှို့မယ်၊ တံတားတွေကို ချိုးဖျက်ကောင်း ချိုးဖျက်မယ်။ ဆန္ဒမပါပဲ အမိန့်အရ လုံခြံုရေး ယူနေရတဲ့ သာမန် စစ်သားလေး တယောက်ကို ခဲ(ဂဲ)နဲ့ တောင် မပေါက်ပါ။ လက်နက်ကိုင် အကြမ်းဖက်မှုကို လုပ်နေတာ – လုပ်နိုင်တာ န.အ.ဖ စစ်ကောင်စီ ပဲရှိပါတယ်။

သားဆွေ

LEAVE A REPLY

Please enter your comment!
Please enter your name here