အသီးအနှံများ ပိုမို ကြီးထွားစေမည့် အံ့ဖွယ်နည်းလမ်း သိပ္ပံပညာရှင်များ ပြောကြား

alt

စိုက်ပျိုးရေး လုပ်ငန်းရှင်များ အတွက် မိမိတို့ ခြံထွက် အသီး အနှံများ ပိုမိုဖွံ့ဖြိုး ကြီးထွား စေမည့် နည်းလမ်း တခုအား ပညာရှင် များက အကြံပြု ပြောကြား လိုက်သည်။

လေ့လာမှု အသစ်များအရ လူ၏ ကျင်ငယ်ရေ ပက်ဖြန်း ခံရသော သီးနှံများသည် ပိုမို ကြီးထွား မှုနှုန်း လျှင်မြန်ကြောင်း သိရှိ ရသည်။ သီးနှံအလိုက် စိုက်ပျိုးထားသော အောက်ခံ မြေပြင်တွင် သင့်လျော်သော သဲမြေ ပမာဏ ရှိနေပြီး ကျင်ငယ်ရေ ပုံမှန် ရရှိနေသော သီးနှံများသည် သာမန်ထက် (၄)ဆ အထိ ကြီးထွား နိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ဖင်လန် နိုင်ငံမှ သုတေသီများက ကျင်ငယ်ရေသည် သဘာဝနှင့် ကိုက်ညီသော အလွန် အစွမ်း ထက်သည့် ဓာတ်မြေဩဇာ တမျိုး  ဖြစ်နေကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြပြီး ဘူးသီး၊ ခရမ်းချဉ်သီး၊ ပြောင်းဖူးနှင့် အခြားသော ကောက်ပဲ သီးနှံများတွင် လက်တွေ့ စမ်းသပ်ကြည့်ရာ အကျိူးထူးများ ရရှိ ခံစားနေရသည်။

ကျင်ငယ်ရေ နှင့် သစ်သားကို မီးရှို့ ထားသောပြာတို့အား ရောစပ်ပြီး ဖန်တီး ထားသော ဓာတ်မြေဩဇာသည် သီးနှံများ၏ ရောဂါနှင့် ပိုးမွှားများ ကာကွယ်မှု စွမ်းအင်ကိုလည်း တိုးတက် လာစေသည်ဟု ဆိုသည်။

အထူးသဖြင့် နိုက်ထရိုဂျင်ဓာတ် ပိုမိုများပြားသော ကျင်ငယ်ရေမှာ စိုက်ပျိုးရေး ကဏ္ဍအတွက် အထူး သင့်လျော် ကောင်းမွန်ကြောင်း သိရှိရသည်။

ယခု တွေ့ရှိချက်သည် သာမန် ဓာတ်ဆားပါသော ဓာတ်မြေဩဇာ များထက် ပိုမို အစွမ်းထက်သည့် သဘာဝ စွန့်ပစ် ပစ္စည်းတခုကို ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုး သီးနှံများအတွက် အလွန် အကျိုးရှိသည့် တွေ့ရှိမှု တခုဟုလည်း ယူဆကြောင်း ယင်းကိစ္စအား ဖော်ပြခဲ့သည့် စိုက်ပျိုးသီးနှံ နှင့် အစားအသောက် ဆိုင်ရာ ဓာတု ဗေဒဂျာနယ်မှ အယ်ဒီတာ ဆူရန်ဒါ ပရာဟန်က ထုတ်ဖော် ချီးကျူးသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here