နှောင်းတမြေ့မြေ့

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ကျနော့်ဆီ ထော့နဲ့ ထော့နဲ့နဲ့ အလည်ရောက် လာခဲ့တဲ့ ငယ်သူငယ်ချင်း တယောက် ။ သူ့မြင်မှ သူထော့နဲ့ ရတဲ့အကြောင်း ရေးရေးတွေးမိ တော့တယ်၊ ဖြစ်ပုံက စစ်မြေပြင်လို့ ဆိုတဲ့ ကရင်ပြည်နယ် သံတောင် အရှေ့ဘက်ခြမ်း မောင်နွဲကြီး ဆိုတဲ့ ရွာနားမှာ နင်းမိုင်းထိလို့ ခြေတဖက် ပြတ်တောက် သွားရရှာ သူပါ။

သူ ခြေပြတ်သွားတဲ့ ရွာဆိုတာ ကျနော်ကိုယ်တိုင် တပ်ခွဲမှူးအဖြစ်နဲ့ တပျော်တပါး ရွာသားတွေနဲ့ နေထိုင် ပျော်ရွှင်ခဲ့ဖူးတဲ့ ရိုးဖြောင့်တဲ့ တိုင်းရင်းသား ကရင်ရွာကြီး တရွာပါ။ ထားပါတော့။ သူဘာကြောင့် မိုင်းထိရသလဲ။ အဲဒီ မတိုင်ခင်ကရော သူ ဘယ်လို နေခဲ့ရသလဲ။ ပြောပြပါအုံးမယ်၊ သူနဲ့ ကျနော်က ကျောင်းနေဖက် သူငယ်ချင်းပါ ။ ဆယ်တန်း အထိ ဆိုပါတော့။ ဆယ်တန်းအောင်တော့ ကျနော်က ဗိုလ်သင်တန်း တက်သွားတယ်။ သူက အခြားအဆင့်နဲ့ တပ်ထဲကို ၀င်သွားတယ်။ ကျနော် ခြေလျှင်တပ်မှာ အရာရှိ အဖြစ်နဲ့ ၀ဲစွဲ ငတ်ပြတ် ဒုက္ခတွေ အလီလီနဲ့ ဆင်းရဲ ပင်ပန်းနေချိန်မှာ သူက စစ်ထောက်လှမ်းရေး အကြပ် တယောက် ဖြစ်နေပါပြီ။ သင်တန်းကျောင်း တခုမှာ ခဏ နေပြီးတော့၊ သူ့ကို နောက်ဆုံး ကြားသိခဲ့ဖူးတာက သူဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တန်ခိုး အထွားဆုံး စစ်ထောက်လှမ်းရေး တာဝန်ခံ တယောက် ဖြစ်နေတယ် ဆိုတာပါဘဲ။ လေဆိပ် အဝင်အထွက် အားလုံးကို သူ့နာမည် ပြောလိုက်တာနဲ့ လေဆိပ်ဆိုင်ရာ ကိစ္စအဝဝ အဆင်ပြေ သွားနိုင်လောက်အောင် သူ တန်ခိုး ထွားခဲ့ပါတယ်။

အားလုံး သိကြမယ် ထင်ပါတယ်။ ကံဇာတာ ခေချိန်ရောက်တော့ ။ စစ်ထောက်လှမ်းရေး အဖွဲ့ကြီး ပြိုကွဲ ဖျက်သိမ်း ခံရပြီးတော့ သူဟာ ခြေလျှင်တပ် တခုကို အပို့ခံရပါတယ်။ အဲဒီ တပ်ကလည်း ရှေ့တန်း စစ်မြေပြင်နဲ့ နပမ်းလုံး နေရတဲ့ တပ်ပါ။ လေဆိပ်မှာ ကျော့မော့ပြီး အဆီရစ်နေခဲ့တဲ့ သူဟာ ခြေလျှင်တပ် ကနေ ရထား၊ တယောလို့ ခေါ်တဲ့ ရေဒီယိုကြေးနန်း စကားဝှက် ( ရ = ရထား၊ တ = တယော ) ရှေ့တန်းကို ထွက်ထွက်ချင်းပဲ နင်းမိုင်းကို နင်းမိ ပါတော့တယ်။ ဒီတင် သူ့ ခြေထောက် ပြတ်ပါလေရော၊ စုဆောင်း ထားတာလေးတွေ ကလည်း နည်းအမျိုးမျိုးနဲ့ တိမ်းပါး ကုန်လေတော့ ခုချိန်မှာ သူဟာ လောကဓံကို ကောင်းကောင်းကြီး နားလည် ခံစားပြီးသူ ဖြစ်နေပါပြီ။ မမြဲသော သဘောသာ မြဲတယ်ဆိုတဲ့ အနှိုင်းမဲ့ဗုဒ္ဓ သွန်သင်ချက်ဟာ အမှန်ဆုံးပါပဲ။ ဘယ်အရာမှ မမြဲပါဘူး။ တန်ခိုး အာဏာကြီးထွား ထက်မြက်ခဲ့တယ် ဆိုတာဟာလည်း အခု အချိန်မှာတော့ သူ့အတွက် အိပ်မက်လို ဖြစ်နေရလေပြီ ပေါ့။

ပြီးခဲ့တဲ့ သုံး၊ လေးနှစ် အတွင်းက လေဆိပ်မှာ အာဏာအထွားဆုံး တာဝန်ခံ တယောက် အဖြစ်နေရတုန်းက အခုလို ချိုင်းထောက်လေး တဖက်ကိုမှီ ခြေတု အကျိုးလေးပေါ် အားပြုပြီး လိုင်းကား စီးစရာ ကားခတောင် မရှိတော့တဲ့ ဘဝကို ရောက်လိမ့်မယ်လို့ သူထင်ခဲ့မိမှာ မဟုတ်ပါဘူး။ လောကဟာ ဒီလိုပါပဲ။ ဘယ်လိုမှ မထင်မှတ် တာတွေ ဖြစ်တတ်ပါတယ်။ ဒါက သိပ်ပြီး ရင်နင့်စရာ မဖြစ်လောက်သေးဘူး ထင်ပါတယ်။ သူ့ထက် ပိုပြီး အမြင့်ဆုံး ကနေ အနိမ့်ဆုံးကို ဘုန်းကနဲ ကျသွားတဲ့ ဖြစ်စဉ်တွေ ရှိပါသေးတယ်။ ဘယ်လောက် သံဝေဂ ရစရာ တွေပါလဲ။ သေခြာ စဉ်းစား ဝေဖန် နှလုံးသွင်းရင်းနဲ့ ရှုတတ်ယင်ပေါ့။

ဟော ဒီတယောက် ကတော့ ခုချိန်မှာ ဘယ်မြို့ ဘယ်တောက ဘယ်ထောင်ထဲမှာ ဘယ်လို ဒုက္ခရောက်နေမှန်း မသိပါ။ သူဆင်းရဲ ဒုက္ခ အမြင့်ဆုံး ရောက်နေတဲ့ ခုချိန်မှာ သူ့နာမည် မတပ်ထားပေတဲ့ သူ့အကြောင်းကို ပြောရတာ လိပ်ပြာတော့ မလုံလှဘူး။ ဒါပေမယ့် သူ့လို အခွင့်သာခိုက် မိုက်ခဲ့ပြီး အခွင့် နာလာတော့မှ နောင် တပြင်းပြင်းတွေ ရလာတာမျိုး မဖြစ်စေချင်တဲ့ စေတနာနဲ့ ပြောပြရအုန်းမယ်။ သူနဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ အချိန်ကို ခုထိ မမေ့သေးပါ။ သူဟာ ကျနော့်ထက် ဂျူနီယာကျတဲ့ အရာရှိတဦးပါ။ အင်မတန် မှ စီးပွားရေး အခွင့်အလမ်း ကောင်းတဲ့ တိုင်းစစ်ဌာနချုပ် တည်ရှိရာ မြို့ကြီးပေါ်က စစ်ထောက်လှမ်းရေး တပ်က တပ်ရေး ဗိုလ်ကြီးတဦးပါ။ ဘယ်လောက်(ဂွင်) အခွင့်အလမ်း ကောင်းလိုက်သလဲ ဆိုရင် အဲဒီတပ်က အရာရှိ မပြောနဲ့ ထောက်လှမ်းရေး အခြားအဆင့် စစ်သည်တွေ အားလုံး နီးပါးမှာ ဒီအချိန်က ကိုယ်ပိုင်ယာဉ် တခုခုတော ့ ပိုင်ကြတာ ချည်းပါဘဲ။ တရက်မှာတော့ တပ်ဘက် တာဝန်တခုနဲ့ အဲဒီ ထောက်လှမ်းရေး တပ်ကို တာဝန်တခုနဲ့ ကျနော်ခဏ သွားရပါတယ်။ စစ်သည်အချင်းချင်း အစစ်အဆေး အရစ်အမေး တွေကို သည်းခံပြီး အင်မတန် ခမ်းနားကြီးကျယ်လှတဲ့ စစ်ထောက်လှမ်းရေး တပ်ဝင်းကြီးထဲ ၀င်သွား ခဲ့ရပါတယ်။ ဂျူနီယာဖြစ်တဲ့ သူ့ကို အိမ်မှာ သွားတွေ့ ရပါတယ်။

သူတို့က တန်ခိုးအာဏာ ထက်နေတာကိုး ။ တာဝန်ပိုင်း ဆိုင်ရာ ကိစ္စတွေပြောပြီး သူ့ကို စီနီယာ ကျောင်းဆင်း တယောက် အနေနဲ့ သွန်သင်စကား တချို့ပြောမိပါသေးတယ်။ သူက ရိသဲ့သဲ့ ပုံစံနဲ့ မခန့်လေးစား ပြန်ပြောပါတယ်။ ကျနော်က အဲဒီအချိန်မှာ အတော် ဆင်းရဲနေတာကိုး။ စစ်ယူနီဖေါင်းက ဆေးလိပ် မီးပေါက်နေတာ အသစ်ထပ် မချုပ်နိုင်လို့ အဲဒီ မီးအပေါက်နဲ့ ယူနီဖေါင်းပဲ ၀တ်နေရချိန် ဖြစ်ပါတယ်။ သူက ကျနော့်ကို ရိသလို ထေ့သလိုနဲ့ ပြောလိုက်တဲ့ စကားလေးကို အခုထိ သတိရ နေပါသေးတယ်။ အကို … ! အခက်အခဲ ရှိနေရင် အသေးသုံးဖို့ ယူသွားလေ ဆိုပြီး သူ့ ဧည့်ခန်းမှာ အဆင်သင့်ချထားတဲ့ သံသေတ္တာကြီးကို ဖွင့်ပြပါတယ်။ အဲဒီ သံသေတ္တာကြီးထဲမှာ ထောင်တန် အသစ်ကျပ်ချွတ် အုပ်လိုက် အပြည့်ပါ။ အနည်းဆုံး သိန်း ငါးဆယ်လောက် ရှိပါလိမ့်မယ် ထင်ပါရဲ့။ ဘယ်လောက်ပိုက်ဆံ ပေါလိုက်တဲ့ စစ်ဗိုလ် ပါလိမ့်နော်။ ကျနော် ဆေးလိပ်မီးပေါက် ယူနီဖေါင်းနဲ့ပဲ နေပါတယ်။ မသန့်ရှင်းတဲ့ ငွေကိုတော့ မယူခဲ့ပါ။ အဲဒီ ဖစ်စဉ်လေး ဖြစ်ခဲ့တဲ့ ရက်ဟာ စစ်ထောက်လှမ်းရေး အဖွဲ့ကြီး ဖျက်သိမ်းခံရဖို့ လပိုင်းပဲ လိုတော့တဲ့ အချိန် ဖြစ်နေတာပါ။ ဒါပေမယ့် အဲဒီညီငယ် အရာရှိဟာ ခေတ် အခြေအနေကို မသိပါဘူး။ မာန စည်းစိမ်ဟာ အထွတ်အထိပ်မှာ မာန်ဟုန်ပြင်းပြင်း တက်နေစဉ် ပေါ့လေ။

သူ့မှာ ဇိမ်ခံစီးစရာ ကိုယ်ပိုင်ကား နှစ်စီးလောက် ရှိပါတယ်။ အပိုင်ဟုတ် မဟုတ်တော့ မသိ။ သူစီးနေတာ တွေ့ရတာပါ။ အဲဒီလို တပ်ရေး ဗိုလ်ကြီး အဆင့်ရှိတဲ့ အရာရှိငယ်က ဒီလောက် ချမ်းသာ ကြွယ်ဝ နေရင် သူ့တပ်မှူးဆို ဘယ်လောက် ပြည့်စုံ နေလိုက်မလဲ တွေးကြည့်ရင် သိနိုင်ပါတယ်။ သူ့တပ်မှူး အကြောင်းကလည်း အစကတည်းက ယဉ်သကိုး ဒီတော့ တပါတည်း ပြောလိုက်ပါအုံးမယ်။ ဘဝ သံသသရာ ဆိုတာကို အလေးအနက် တွေးမိစေချင်လို့ပါ။ နောက်ဆုံးပေါ် ဇိမ်ခံကားပေါ် အကောင်းစား ဆက်သွယ်ရေး စက်တွေတပ်ပြီး ဇိမ်ကျကျ စီးလေ့ရှိတဲ့ တပ်မှူး ဗိုလ်မှူးဟာ တိုင်းမှူးနီးပါး တန်ခိုးအာဏာ ထက်မြက် လှပါတယ်။ သူ့နားမှာ စီးပွားရေးသမားတွေ ၀ိုင်းနေတာ များပါတယ်။ အခွင့်အရေး သမားတွေပေါ့။ အဲဒီတပ်မှူးဟာ အကောင်းစားဆုံး အရက်နဲ့ အကောင်းဆုံး အစားအစာကိုမှ သုံးဆောင်သူတွေ ဖြစ်ပါတယ်။ ဂေါက်ကွင်းမှာ ဂေါ့ဖ် ရိုက်ရင် သူသုံးစွဲတဲ့ ဂေါ့ဖ် ရိုက်တံ ဖိနပ် စတာတွေ အားလုံးဟာ မြန်မာပြည်ဈေးကွက်မှာ ရှိတဲ့ ပစ္စည်းတွေထဲ ဈေးအကြီးဆုံးတွေပါ။ ဘယ်သူမှ သူ့ကို လိုက်မမှီပါဘူး။ တိုင်းမှူးထက်တောင် သာပါသေးတယ်။ ပေါလိုက်တဲ့ ပိုက်ဆံဆိုတာကလည်း ဟောကနဲ ဖြောကနဲ တပည့်သားမြေးတွေကို မုန့်ဖိုးပေးနိုင် စွန့်ကြဲနိုင်သူလို့ ထင်ရှား ကျော်ကြား လွန်းသတဲ့ … ဗျာ။

အဲ………. ဒီလောက် ပြီးပြည့်စုံ လိုတရပြီး တန်ခိုးအာဏာ ထက်မြက်လှပါတယ် ဆိုတဲ့ ဒီပုဂ္ဂိုလ် နှစ်ယောက်ဟာ နောက်မကြာခင် လပိုင်းအတွင်း ဘာဖြစ်မယ် ဆိုတာ ကြိုမြင်နိုင်စွမ်းတော့ မရှိကြပါဘူး။ မာန်ယစ် အာဏာယစ်။ စည်းစိမ်ယစ် နေလိုက်တာ။ ကျနော်နဲ့ နောက်ဆုံးတွေ့လိုက်တဲ့ အဲဒီတပ်မှူးဟာ စိတ်ဆိုးမာန်ဆိုး ဒေါသတကြီးနဲ့ သူ့ငယ်သားတွေကို မာန်မဲ ဆဲဆို ဒေါသ ဖြစ်နေချိန်လေးပါ။ အဲဒီ ညနေမှာပဲ တပ်မှူးဖြစ်တဲ့ သူရော ၊ သူ့ တပ်ရေး ဗိုလ်ကြီးဖြစ်တဲ့ ကျနော့် ဂျူနီယာ အရာရှိရော အားလုံးသော စစ်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များဟာ ကျနော်တို့ တိုင်းရုံး အပါအဝင် တပ်အသီးသီးက တပ်တွင်း အချုပ်ခန်းတွေမှာ ဖမ်းဆီးထည့်သွင်း အချုပ်ခံရ ပါတော့တယ်။ ပြီးခဲ့တဲ့ နာရီပိုင်းလေးကတင် အကောင်းစား အရက်ကိုသောက် အကောင်းစား ကားကိုစီးပြီး ထင်တိုင်းဆဲဆို မင်းမူ နေနိုင်ခဲ့တဲ့ သူတို့ဟာ နာရီပိုင်းလေး အကြာမှာတင် လူမဆန်တဲ့ နေထိုင်မှုမျိုးနဲ့ နေကြ ရရှာပါတော့တယ်။

တပ်တွင်း အချုပ်ခန်း သံတိုင်တွေ အကြားမှာ လောကကြီးကို မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ အလစ်အငိုက် ရှော့(ခ်)ရပြီး ပြူးကြောင်ကြောင် ဖြစ်နေရှာတဲ့ သူတို့မှာ သောက်စရာ ရေအိုးနှုတ်ခမ်းပဲ့နဲ့ စံပျော်ရာ သံမံသလင်း ကြမ်းပြင်ပဲ ကျန်ပါတော့တယ်။ ခြံုစရာ စောင်ကြမ်းတောင် မရှိရှာပါဘူး။ အရာရာကို အားငယ်ဖျော့တော့တဲ့ မျက်ဝန်းသေကြီးတွေနဲ့ နာမလည်နိုင်သလို ကြည့်နေရှာတဲ့ သူတို့ ပုံရိပ်ကို ခုထိ မမေ့ပါ။ သူတို့ ဖြတ်သန်းခဲ့ဖူးတဲ့ နှောင်း ပုံရိပ်လေးတွေကို တမြေ့မြေ့နဲ့ စမြံု့ပြန် တွေးနေမယ်လား။ နောင်တတွေ တလှေကြီးနဲ့ စိတ်တွေကို လှော်ခတ် ဆွေးမြေ့နေမလား သူတို့ မှ လွဲ၍မည်သူမှ မသိနိုင်တော့ပြီ။

ပြန်မရ နိုင်တော့မယ့် နှောင်း အတိတ်တွေကို လွမ်းဆွေးတသသ နေမလားတော့ မသိနိုင်ပါဘူး။ အခု စာရေးနေချိန် ၂၀၀၉ ကုန်အထိ သူတို့ အကျဉ်းထောင်ထဲမှာ အကျဉ်းစံ နေရတုန်းပဲ ဖြစ်ပြီး မနေ့ တနေ့ကပဲ ပါးစပ်ထဲမှာ ဥပဒေတည်တဲ့ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာတယ် ဆိုလား ခပ်သဲ့သဲ့ ကြားမိသေး၊ ဘာပဲ ပြောပြော အစောပိုင်းက ကျနော်ပြောခဲ့တဲ့ သူငယ်ချင်း ချိုင်းထောက် ခြေတုတပ် စစ်သားလေးရော။ ဘယ်ထောင် ဘယ်စခန်းမှာ ဘယ်လို ဘဝနဲ့ အဖမ်းခံနေရမှန်း မသိနိုင်တဲ့ မိတ်ဆွေ အရာရှိတွေရော သူတို့တတွေ စိတ်ထဲမှာ လောကဓံ ဆိုတာကို ကောင်းကောင်း နားလည် ခံယူတတ် နေလောက်ပြီ ထင်ပါတယ်။ တမြေ့မြေ့နဲ့ တမ်းတ နောင်တတွေ၊ စိတ်ဒါဏ်ရာတွေ၊ သံဝေဂတွေ ရနေစေမယ့် သူတို့အတွက် နှောင်း အရိပ်တွေပဲ ပေါ့။

ဒီဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး လက်ရှိ အခွင့်သာခိုက် အာဏာပိုက်ထားကြတဲ့ မြန်မာပြည်ထဲက အာဏာရှင်ကြီး တွေကိုရော သတိပေးချင် မိတယ်။ နှောင်းမှ နောင်တတွေ မရပါစေနဲ့။… နှောင်းတမြေ့မြေ့ ဆိုတဲ့ သံဝေဂ ခပ်ပြင်းပြင်းတွေဟာ တကယ်တော့ ခါးသက်လွန်းပါတယ်၊ ပြည်သူတို့ ဘဝတွေ စတေး ပေးဆပ်ပြီးမှ အမြင်မှန် ရတာမျိုး သံသရာမှာ အထုံပါမဲ့ ကိစ္စမျိုးတွေ နောင် အရှည် အရှည်ကို မဖြစ်ပါစေနဲ့ လို့သာ ….. ရည်သန် နေပါကြောင်း။

ညီတိုးငြိမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here