ဟွန်ဒူးရပ်စ် နိုင်ငံမြို့တော်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

alt

ဟွန်ဒူးရပ် အာဏာသိမ်း အစိုးရသည် သမ္မတဟောင်း မန်နျူရယ် ဇီလာရာ ပြန်ရောက် လာပြီးနောက် မြို့တော် တီဂူဆီဂယ်ပါ တွင် ညမထွက်ရ အမိန့် ထုတ်ပြန် ထားလိုက်ကြောင်း သိရှိ ရသည်။

ဇီလာရာသည် မြို့တော်ရှိ ဘရာဇီး သံရုံးတွင် ခိုလှုံခွင့် တောင်းခံထားပြီး ၎င်းကို ထောက်ခံသည့် ပြည်သူလူထု အမြောက်အမြားက ယနေ့တွင် သံရုံး ရှေ့တွင် လာရောက် စုရုံးကာ အော်ဟစ် အားပေး နေခဲ့သည်။

ဇီလာရာသည် အာဏာ အသိမ်းခံရပြီးနောက် အိမ်နီးချင်း နိုင်ငံများသို့ လှည့်လည်ကာ ၎င်းသမ္မတ ပြန်ဖြစ်ရေး ကြိုးပမ်း နေခဲ့သလို စစ်တပ် အကူအညီဖြင့် အာဏာ သိမ်းထားသည့် ကြားဖြတ် အစိုးရကလည်း ထိုအခြေအနေ ဖြစ်မလာစေရန် အသည်းအသန် တားဆီးလျှက် ရှိသည်။

ဘရာဇီး နိုင်ငံက ဇီလာရာအား ထောက်ခံကြောင်း ကြေညာ ထားသလို ၎င်းအနေနှင့် ဟွန်ဒူးရပ် မြို့တော်သံရုံးတွင် ခိုလှုံ နေထိုင်ခွင့်အား စိတ်တိုင်းကျ ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကြေညာ ထားသည်။ ဇီလာရာကို ထောက်ခံသည့် ပြည်သူများသည် သံရုံးရှေ့တွင် လာရောက် စုရုံးကြသော်လည်း တစုံတရာ ရုတ်ရုတ်သည်းသည်း ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်း သံရုံး တာဝန်ရှိသူများက ဆိုသည်။

ဇီလာရာသည် စက်တင်ဘာ (၂၀)ရက် နေ့က နိုင်ငံတွင်းအား တောတောင် လျှိုမြောင်များဖြတ်ကာ ပြန်ရောက် လာခြင်းဖြစ်ပြီး ဟွန်ဒူးရပ် ပြည်ထဲရေးဌာန အကြီးအကဲ ရောဘတ်တို မစ်ချယ်လက်တီက ဘရာဇီး အနေနှင့် ဇီလာရာအား ထောက်ခံ အားပေးနေခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုထား လိုက်သည်။ လက်ရှိ အချိန်တွင် ညမထွက်ရ၊ လူစုခွဲအမိန့် ထုတ်ပြန် ထားသော်လည်း တစုံတရာ ပဋိပက္ခများ ပေါ်ပေါက် လာပါက ဘရာဇီး နိုင်ငံတွင် တာဝန်ရှိကြောင်း မစ်ချယ်လက်တီ က ဆိုသည်။

ဘရာဇီး နိုင်ငံခြားရေး ၀န်ကြီး ကယ်ဆိုအာ မော်ရင် က သမ္မတဟောင်း ဇီလာရာသည် လည်းကောင်း၊ ဘရာဇီး သံရုံးသည် လည်းကောင်း နိုင်ငံတကာ စည်းမျဉ်း ဥပဒေများကို ဖောက်ဖျက်ခြင်း မရှိသေးဟု ချက်ခြင်းတုန့်ပြန် ပြောကြားထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here