ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် အပြင်းဖျား၍ ဆေးရုံတင်ထားရ

alt

သက်တော် (၈၁)နှစ် ရှိပြီဖြစ်သည့် ထိုင်းနိုင်ငံပြည့်ရှင် ဘုရင် မင်းမြတ်သည် အပြင်းဖျားသော ဝေဒနာကို ခံစားခဲ့ရပြီး နောက် ဆေးရုံတင်ပို့ ကုသမှုခံယူ နေရကြောင်း တော်ဝင် အသိုင်းအဝိုင်းက ကြေညာလိုက်သည်။

ထိုသတင်းကို ကြားပြီးနောက် ထိုင်းပြည်သူ လူထု မြောက်များစွာ တို့သည် ၎င်းတို့ မြတ်နိုးချစ်ခင်သည့် ဘုရင်ကြီး အတွက် ဆုမွန်ကောင်းများ တောင်းပေးရန် အတွက် ဆီရီရက် ဆေးရုံရှေ့တွင် လာရောက် စုရုံးခဲ့ကြသည်။

ဘုရင် ဘူမိဘော အဒူယာဒက်သည် နန်းစံသက် (၆၃)နှစ် ရှိနေပြီဖြစ်ပြီး ကမာ္ဘပေါ်တွင် နန်းစံသက် အကြာဆုံး ဘုရင်အဖြစ် လတ်တလော မှတ်တမ်းတင် ခံထားရသူ ဖြစ်သည်။

တော်ဝင် မိသားစုက ဘုရင်ကြီးအား ဘန်ကောက်မြို့ ဆီရီရက် ဆေးရုံသို့ စက်တင်ဘာ (၁၉)ရက်နေ့ ညက တင်ပို့ ထားရကြောင်း ဖတ်ကြား ကြေညာခဲ့ပြီး ထိုင်းဘုရင် မင်းမြတ်သည် အစားအသောက် မစားနိုင်သလို ပင်ပန်း နွမ်းနယ်လျှက် ရှိကြောင်း၊ ထို့အပြင် အပြင်းဖျားသော ဝေဒနာကိုလည်း ခံစားနေရကြောင်း အတည်ပြုခဲ့သည်။

ဘုရင်ကြီးအား အားဆေးများ သွင်းပေး ထားရသလို ပိုးသတ်ဆေးများလည်း တိုက်ကျွေး ထားရကြောင်း၊ ဘုရင်ကြီး၏ အခြေအနေ စိုးရိမ်စရာ မရှိလှကြောင်း ထိုဆေးရုံမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံရေး အကဲခတ်များ ကမူ ဘုရင်မင်းမြတ် တစုံတရာ ဖြစ်ခဲ့ပါက ငြိမ်သက်လျှက် ရှိသော ထိုင်းနိုင်ငံရေး မုန်တိုင်း တကျော့ပြန် ပြင်းထန်လာပြီး ထိုအချိန်တွင် တားဆီးနိုင်မည့် ပုဂ္ဂိုလ် မရှိတော့မည်ကို စိုးရိမ်လျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here