မြန်မာ့အရေး ဘာတွေတွေးလို့ ဘာတွေလုပ်ကြမလဲ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အပိုင်း (ခ)

ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ အတွက်် နိုင်ငံရေး နည်းလမ်းများ

လက်ရှိအားဖြင့် ပြည်ပရောက် မြန်မာများနှင့် နိုင်ငံတကာမှ ကြိုးပမ်း နေသည်များ၊ နောင်တချိန် ကြိုးပမ်းရန် လိုအပ်နိုင်ဖွယ် ရှိသည်များကို

အမျိုးအစားများခွဲ၍ အောက်ပါအတိုင်း အနည်းငယ်စီ ရှင်းလင်း ပါမည်။ မိမိတို့ရောက်ရှိရာ နိုင်ငံ၏အခြေအနေ အရ၊ မိမိတို့တွင် စွမ်းဆောင်နိုင်သည့် အနေအထားအရ လှုပ်ရှား နိုင်မည့် နည်းလမ်းများ ဖြစ်သည်။ အကြမ်းအားဖြင့် (၃)မျိုး ခွဲနိုင်သည်။

  • နိုင်ငံတကာဥပဒေများ၊ သဘောတူညီချက်များ
  • ကုလသမဂ္ဂ လုံခြံုရေးကောင်စီ
  • နိုင်ငံတကာဖိအား

    နည်းလမ်း (က) ကမာ္ဘတလွှားကျင့်သုံးနေကြသော နိုင်ငံတကာဥပဒေများ၊ သဘောတူညီချက်များအပေါ် အခြေခံ၍ မြန်မာ စစ်ဗိုလ်ချုပ်တို့၏ လုပ်ရပ်များကို ကနဦးအဆင့်၌ ဟန့်တားခြင်း၊ လမ်းညွှန်ခြင်းနှင့် ပျက်ကွက်ပါက နောက် တဆင့်တွင် သူတို့အား အရေးယူ အပြစ်ပေးခြင်း

    မြန်မာ့အရေးတွင် နိုင်ငံတကာဥပဒေများ၊ သဘောတူညီချက်များကို ပြင်ဆင်ပြောင်းလဲရန် ကြိုးပမ်းမှုများ အမှန်ပင် ရှိနေ ခဲ့သည်။ ဥပမာ-အာဆီယံအဖွဲ့၏ ပဋိဉာဉ်စာချုပ်သစ် ဖြစ်သည်။ သို့သော် မည်မျှအထိ ထိရောက်နိုင်သနည်း ဆိုသည်ကိုမူ စောင့်ကြည့်ရပေဦးမည်။

    နိုင်ငံတကာဥပဒေများ၊ သဘောတူညီချက်များ၌ ပြောင်းလဲနေသောအခြေအနေ ဖြစ်ထွန်းမှုအလိုက် လက်ရှိ အနေအထား ထက် ပိုမိုထိရောက်သောရလဒ်များ ဖြစ်လာစေရေးအတွက် ပိုမိုတိကျပြင်းထန်သော ဥပဒေများ၊ သဘောတူညီမှုများ ရရှိရန် ထပ်မံလုပ်ဆောင်ဖို့ လိုနေသည်။ ဖြစ်နိုင်သမျှ ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း အများသဘောတူညီမှု ရရေးအတွက် ယခုထက်ပို၍ ကြိုးပမ်းရန် လိုအပ်သည်။ အထူးသဖြင့် ကာယကံရှင် ပြည်ပရောက် မြန်မာလူမျိုးများက နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်းများထံ Lobby ချဉ်းကပ်နိုင်စွမ်းကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာနိုင်သည်နှင့်အမျှ မြန်မာ့ ဒီမိုကရေစီအရေးမှာ ပိုတိုးတက်လာမည် ဖြစ်သည်။

    မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်နေသော နိုင်ငံတကာအဖွဲ့အစည်းများတွင် ယခုအချိန်ထိ မည်သည့်အဖွဲ့အစည်းကမျှ နအဖစစ်အစိုးရအား အရေးယူသည့်အနေဖြင့် ထုတ်ပယ်ခြင်း မရှိသေးသော်လည်း ထိုသို့လုပ်ဆောင်ရန် ကြိုးပမ်းမှုများ အမှန်ပင် ရှိနေခဲ့သည်။ နောင်လည်း အလားတူ ကြိုးပမ်းနေကြဦးမည် ဖြစ်သည်။ အောင်မြင်နိုင်မည့်အခြေအနေမှာ နိုင်ငံတကာ ဥပဒေနှင့် သဘောတူညီချက်များအရ မြန်မာစစ်ဗိုလ်ချုပ်တို့အား ဟန့်တားရန်နှင့် အရေးယူရန် ပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်ပြီးသည့်အပေါ် မူတည်သည်။

    ထုတ်ပယ်ခြင်း မရှိသည့်တိုင်အောင် ပြင်းထန်စွာ အပြစ်ပေးးခြင်းဖြင့် နအဖ၏ လှုပ်ရှားနိုင်ခွင့်ကို တရားဝင် ကန့်သတ်ထား နိုင်သည်။ ဥပမာ- ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး၊ အလုပ်သမားရေးရာ အစရှိသည်တို့ ဖြစ်သည်။ ဤနည်းလမ်းမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် နအဖအား နိုင်ငံတကာ အဖွဲ့အစည်းတို့မှ တရားဝင် ဖိအားပေးခြင်း ဖြစ်သည်။ နအဖစစ်ဗိုလ်ချုပ်တို့၏ ကိုယ်ကျိုးစီးပွားများကို တိုက်ရိုက်ထိခိုက်စေသည်များလည်း ပါရှိနေသဖြင့် ဖိအားကောင်းကောင်း ပေးနိုင်မှ စစ်ဗိုလ်ချုပ်တို့ အညံ့ခံလာပေလိမ့်မည်။

    နည်းလမ်း (ခ) ကုလသမဂ္ဂ၏ လုံခြံုရေးကောင်စီမှာ ကမာ္ဘပေါ်တွင် အပြင်းထန်ဆုံး အာဏာသက်ရောက်နိုင်စွမ်း ရှိသဖြင့့် မြန်မာ့အရေးအား တိုက်ရိုက် ကိုင်တွယ်ခြင်း

    လုံခြံုရေးကောင်စီတွင် ဗီတိုအာဏာရှိသော တရုတ်နှင့် ရုရှားတို့က မြန်မာစစ်ဗိုလ်ချုပ်များအား အကာအကွယ် ပေးလျက် ရှိနေခြင်းက ကုလသမဂ္ဂမှ မြန်မာ့အရေးကို ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်သည့် အဓိကအကျဆုံး အချက်ဖြစ်သည်။ တရုတ်နှင့်ရုရှားတို့မှာ အာဏာရှင်ဆန်သည် (သို့) အာဏာရှင်စနစ်ဘက်သို့ ယိမ်းယိုင်နေဆဲဖြစ်သည်။ ထိုနိုင်ငံများအား ဘက်ပြောင်းလာရန် သံတမန်နည်းလမ်းများဖြင့် ချဉ်းကပ်ခြင်းသာလျှင် လောလောဆယ်အချိန်ထိ တခုတည်းသော နည်းလမ်း ဖြစ်လျက်ရှိနေသည်။ သို့သော် သမားရိုးကျနည်းလမ်းများမှ ခွဲထွက်ကာ ကျင့်သုံးသော သံတမန်ရေး (Alternative Diplomacy) ရှိလာပါက ကမာ္ဘ့အင်အားကြီးနိုင်ငံများ၏ ချိန်ခွင်လျှာကစားမှုနှင့် ပူးပေါင်းလိုက်လျောပေးသည့် အတိုင်းအတာပေါ် မူတည်၍ အကျိုးထူး တစုံတရာကို ရရှိလာနိုင်သည်။

    အကယ်၍ လုံခြံုရေးကောင်စီမှ ဗီတိုအာဏာပိုင်ဆိုင်သည့် ကြီး ၅ ကြီးကသာ သဘောတူလျှင် နိုင်ငံတကာဥပဒေနှင့် သဘောတူညီချက်များကို ဖောက်ဖျက်သည့် မည်သည့်အဖွဲ့ဝင်နိုင်ငံကိုမဆို ကနဦးအဆင့်၌ ဟန့်တားခြင်းနှင့် ကြီးကြပ် လမ်းညွှန်ခြင်း၊ ပျက်ကွက်သော် နောက်တဆင့်တွင် အရေးယူ အပြစ်ပေးခြင်းတို့ဖြင့် ပြတ်ပြတ်သားသား လုပ်နိုင်သည်။

    အချက်(က)တွင် အကြံပေးထားသကဲ့သို့ ကာယကံရှင် ပြည်ပရောက် မြန်မာလူမျိုးများက နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်း များထံ ပိုမိုထိရောက်သော Lobby နည်းလမ်းများဖြင့် ချဉ်းကပ်သင့်သည်။

    လုံခြံုရေးကောင်စီမှ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ)သို့ လွှဲပြောင်းကာ ဥပဒေကြာင်းအရ စီရင်ပိုင်ခွင့် ပေးခြင်း ဆိုသည့်နည်းလမ်းမှာ ဤအပိုင်း၌ကျန်ရှိနေသော နိုင်ငံရေးနည်းလမ်းတခုဖြစ်ပြီး အလေးအနက် ထည့်သွင်းစဉ်းစား သင့်သည်။ ဤနည်းလမ်းသည် တနည်းအားဖြင့် မြန်မာအာဏာပိုင်တို့အား အရေးယူအပြစ်ပေးရန် လက်ရှောင်လိုသော ဗီတိုအာဏာရှိ နိုင်ငံများအတွက် မျက်နှာလွှဲ ခဲပစ်သည့်နည်း ဖြစ်သည်။

    နည်းလမ်း

    (ဂ)နိုင်ငံတကာအတိုင်းအတာဖြင့် မေတ္တာရပ်ခံခြင်း၊ ပူးပေါင်းညှိနှိုင်း၍ ဖြေရှင်းခြင်း (Constructive Engagement)၊ ကန့်ကွက်ခြင်း၊ သတိပေးခြင်း၊ ပြစ်တင် ရှုတ်ချခြင်း၊ စီးပွားပြစ်ဒဏ်ခတ် အရေးယူခြင်း (Economic Sanctions)

    ဤနည်းလမ်းများကို သုံးရသည်မှာ အာဏာရှင်ဗိုလ်ချုပ်တို့အား ချော့မော့ဖြောင့်ဖျခြင်း (သို့) အကြပ်ကိုင်ခြင်းဖြင့် ဒီမိုကရေစီ အသွင်ပြောင်းရေးအတွက် ဖိအားပေးရန်သာ ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်သန်းရွှေမှာ ကမာ္ဘပေါ်တွင် အဆိုးဝါးဆုံး အာဏာရှင်များစာရင်းတွင် ထိပ်ဆုံးမှပါဝင်နေသူဖြစ်၍ သူ့အားဖိအားပေးသည့်ကိစ္စမှာ လုံးလုံးလျားလျား မအောင်မြင်နိုင်သေးသောကြောင့် ဤနည်းလမ်းများအားလုံးကို ဆက်လုပ်လျှင် အောင်မြင်မှု မရနိုင်ဟု ပြီးစလွယ် မသတ်မှတ်သင့်ပေ။ လုံးဝအမြစ်ပြတ် စွန့်လွှတ်ခြင်း မရှိသင့်ပါ၊ ဆက်ကာဆက်ကာ ဖိအားပေးနေရန်သာ လိုအပ်သည်။ နည်းလမ်းများအားလုံးမှာ အမှန်တကယ်ပင် လုပ်ဆောင်ရန်လိုအပ်သည့် နည်းလမ်းများ ဖြစ်သည်။ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ကာ အားနည်းချက်များရှိလျှင် ပြုပြင်သင့်သည်။ ပိုမိုကျွမ်းကျင် ပိုင်နိုင်စွာဖြင့် တဆင့်ပြီးတဆင့် ပြင်းထန် လာအောင် ဖိအားပေးနေသင့်သည်။ ဥပမာ- Targeted Sanctions မျိုးဖြစ်သည်။

    လုံးလုံးလျားလျား မအောင်မြင်နိုင်သေးဟု ဆိုထားသော်လည်း အတိုင်းအတာတခုအထိ အောင်မြင်လျက်ရှိသည်ကိုမူ မငြင်းနိုင်ပါ။ စစ်ဗိုလ်ချုပ်များ အာဏာစသိမ်းသည့် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ နှစ်ပေါင်း (၂ဝ)ကျော် ကာလအတွင်း နည်းလမ်း(ဂ)ဖြင့် တစိုက်မတ်မတ် ကြိုးပမ်းနေခဲ့ကြသည်။ အားလုံးခြံုငုံကာ ပြန်လည်သုံးသပ်ရလျှင် စစ်ဗိုလ်ချုပ်များအား အတော်အတန် ဖိအားပေးနိုင်ဆဲ၊ ကန့်သတ်ထားနိုင်ဆဲ ဖြစ်သည်ဟု ဆိုရပေမည်။ သို့သော် အာဏာရှင် ဗိုလ်ချုပ်တို့ ဆက်လက် ခေါင်းထောင်နေသည်ကို သာမန်ကာရှန်ကာကြည့်၍ မအောင်မြင်နိုင်တော့ဟုယူဆကာ အချို့နည်းလမ်းများကို လှုပ်ရှားသူတချို့က စိတ်ပျက်အားလျော့နေကြသည်။

    အမှန်စင်စစ် နည်းလမ်း(ဂ)သည် တချက်တည်းပွဲသိမ်း အောင်မြင်နိုင်သည့်နည်းလမ်းမဟုတ်ပါ။ အကြောင်းကြောင့် အကျိုး ဖြစ်ရသည့်နိယာမအတိုင်း အကျိုးတခုဖြစ်ထွန်းစေရန် အကြောင်းပေါင်းများစွာကို စုစည်းနေရသည့်သဘောလည်း ရှိသည်။

    လက်ရှိအနေအထားတွင် မြန်မာနိုင်ငံအတွင်း ရဲဝံ့တက်ကြွစွာ လှုပ်ရှားနိုင်သူတို့အား အာဏာပိုင်တို့က အကျဉ်းချထားခြင်း နိုင်ငံရေးလှုပ်ရှားမှုများကို ဖိနှိပ်ချုပ်ချယ်ထားခြင်း၊ စီးပွားပြစ်ဒဏ်ခတ်မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုနေခြင်းတို့ကို ကြည့်လျှင် အာဏာရှင် ဗိုလ်ချုပ်တို့ အင်အားချိနဲ့စွာ ဟန်ဆောင် ခေါင်းထောင်နေရသည့်အဖြစ်ကို သဘောပေါက်နိုင်သည်။

    ပြည်ပတွင် နိုင်ငံတခုချင်းအလိုက် ထောက်ခံသူလူအများ ပိုမိုသိရှိကာ ပါဝင်အားဖြည့်လာစေသည့် လှုပ်ရှားမှုများ (Awareness campaigns)ကို ထိထိမိမိ ကျယ်ပြန့်လာအောင် မြှင့်တင်ပေးနိုင်ပါက တကမာ္ဘလုံး တချိန်တည်း တပြိုင်တည်း စုစည်းလှုပ်ရှားသည့် Global campaign အမျိုးစုံစွာဖြင့် ပိုမိုအားကောင်းအောင် လှုပ်ရှားနိုင်လာမည်။ ထိုအခါ စစ်ဗိုလ်ချုပ် များအား အတော်အတန် ဖိအားပေးနိုင်သည့် နိုင်ငံတကာလှုပ်ရှားမှုများ ဖြစ်လာပေလိမ့်မည်။ တချိန်တည်းမှာပင် မီဒီယာ အခန်းကဏ္ဍမှ ပိုမိုအားဖြည့်ပေးနိုင်လျှင် သာ၍ပင် ကောင်းတော့သည်။ Meeting, Training, Workshop, Seminar, Conference အစရှိသည်များကို အခါအားလျော်စွာ ကျင်းပပြုလုပ်ပေးနိုင်သည်နှင့်အမျှ လှုပ်ရှားသူတို့၏ နိုင်ငံရေး အရည်အသွေးများ ပိုမို ထက်မြက် သွက်လက်လာပေလိမ့်မည်။

    လှုပ်ရှားသူတို့၌ နိုင်ငံရေးအရည်အသွေးများ တိုးတက်ရင့်ကျက်လာလျှင် မည်သည့်လှုပ်ရှားမှုကိုပင်လုပ်လုပ်-မေတ္တာရပ်ခံ သည့် လှုပ်ရှားမှုဖြစ်စေ၊ ကန့်ကွက်ရှုတ်ချသည့် လှုပ်ရှားမှုဖြစ်စေ စစ်ဗိုလ်ချုပ်တို့အား ဖိအားပေးရာ၌ ပို၍ ထိရောက်မည် ဖြစ်သည်။ ဖိအားပေးနိုင်ခဲ့သည့် အကျိုးသက်ရောက်မှုကို တန်ဖိုးထားလျှက် ယခုထက် ပိုမိုထိရောက်စွာ ဆက်လက် ဖိအားပေးရန် လိုအပ်သည်။ ဖိအား အပေးနိုင်ဆုံး တချိန်တွင် စစ်ဗိုလ်ချုပ်များ ခေါင်းမမာနိုင်တော့ပဲ ဒူးထောက် အညံ့ခံလာ ပေလိမ့်မည်။

    နည်းလမ်း

    (ဃ)နိုင်ငံရေးနည်းလမ်း မဟုတ်သော စစ်ရေးနည်းလမ်းကို အသုံးချလျှင် ဖြစ်နိုင်စရာ ပြည်ပနည်းလမ်းများမှာ

    • ၁၊ ကုလသမဂ္ဂ၏ နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့များ ချထား၍ ကာကွယ်စောင့်ရှောက်ပေးခြင်း၊
    • နိုင်ငံတခုခုမှ စစ်ရေးအရ ဝင်ရောက်တားဆီးခြင်း တို့ဖြစ်သည်။

    အချက်(ဃ-၁)အရ ကုလသမဂ္ဂ၏ နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့များကို ချထား၍ ကာကွယ် စောင့်ရှောက်ပေးရန်မှာ များသောအားဖြင့် လက်နက်ကိုင်ဆောင်၍ ပဋိပက္ခဖြစ်သည့် ပြည်တွင်းစစ် (သို့) ကျူးကျော်စစ် ဖြစ်ပွားနေချိန်တွင် ဆိုးဝါး ပြင်းထန်သော အခြေအနေများအရ လုံခြံုရေးကောင်စီ၏ သဘောတူညီမှု ရရှိသည့်အပေါ် မူတည်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တိုက်တွန်းနိုင်စွမ်းအပေါ် မူတည်၍လည်း ကုလသမဂ္ဂတပ်များကို ချထားနိုင်သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါတပ်များသည် ပဋိပက္ခ ဖြစ်ပွားမှုကို တားဆီး- လျှော့ချကာ ငြိမ်းချမ်းရေး ရရှိရန်အတွက်သာ ရည်ရွယ်သည်။

    အချက်(ဃ-၂)အရ နိုင်ငံတခုခုမှ စစ်ရေးအရ ဝင်ရောက်တားဆီးပေးရန်မှာ ထိုသို့လုပ်ဆောင်မည့်နိုင်ငံအဖို့ အလွန်ပင် ခက်ခက်ခဲခဲ စဉ်းစားဆုံးဖြတ်ရသောကိစ္စ ဖြစ်သည်။ နှစ်ဦးနှစ်ဘက် အစိုးရနှင့် ပြည်သူတို့၏ အကျိုးစီးပွားများ၊ ဒေသတွင်း အကျိုးစီးပွားများအတွက် ကောင်းကျိုး-ဆိုးကျိုး မည်မျှဖြစ်စေနိုင်သည်ကို တွက်ချက်ရသည်။ လက်ရှိကမာ္ဘ့နိုင်ငံရေး အခင်းအကျင်းတွင် အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံများက အထင်အရှား ဖြစ်သည်။

    လက်ရှိ မြန်မာနိုင်ငံအနေအထားတွင် အချက်(ဃ)၌ ပါရှိသော နိုင်ငံရေးနည်းလမ်းမဟုတ်သည့် စစ်ရေးနည်းလမ်းဖြင့် လုပ်ဆောင်နိုင်မည့် လုံလောက်သော အကြောင်းပြချက် မရှိသေးပါ။ သို့သော် မြန်မာစစ်ဗိုလ်ချုပ်များက အနုမြူလက်နက် ပိုင်ဆိုင်ရေးကို လုပ်ဆောင်လာလျှင်၊ အနုမြူလက်နက်ဖြင့် ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်လာလျှင် နိုင်ငံရေး နည်းလမ်းများဖြင့် တားမြစ်၍မရသည့်အဆုံး၌ ပြည်ပနိုင်ငံတခုခု(သို့)အများက စစ်ရေးအရ ကျူးကျော်ဝင်ရောက် တိုက်ခိုက် ဖြေရှင်းလာမည် ဖြစ်သည်။

    လွင်အောင်စိုး

  • LEAVE A REPLY

    Please enter your comment!
    Please enter your name here