ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခံရသည့် ချဲလ်ဆီးအသင်း ဂိုးသမားတဦး ဝယ်ယူလိုက်

alt

FIFA မှ ကစားသမား ခေါ်ယူခွင့် ပိတ်ပင် ခံထားရသော်လည်း အင်္ဂလန် ထိပ်သီး ချဲလ်ဆီး အသင်းသည် ဂိုးသမား တဦးအား ၀ယ်ယူလိုက်ပြီ ဖြစ်သည်။

သို့သော်လည်း အသက်(၁၇)နှစ် အရွယ် ခရိုအေးရှား ဂိုးသမား မက်တီဒီလက် သည် ချဲလ်ဆီးသို့ ပြစ်ဒဏ် ကုန်ဆုံးသည့် (၂၀၁၁) ခုနှစ်မှ ရောက်ရှိ လာမည် ဖြစ်သည်။

ခရိုအေးရှား ကလပ်အသင်း အင်တာဇပါဆစ် က ချဲလ်ဆီးအား လူငယ် ဂိုးသမားကို ရောင်းချ လိုက်ကြောင်း အတည်ပြုခဲ့ပြီး ဒီလက် ၏ လစာငွေကို ချဲလ်ဆီးက ပေးချေ သွားမည်ဟု ကြေညာ ထားသည်။

ချဲလ်ဆီး၏ လုပ်ရပ်သည် FIFA မှ တာဝန် ရှိသူများအတွက် ကသိကအောက် ဖြစ်စေသော်လည်း ဥပဒေကြောင်း အရ အပြစ်ပြောနိုင်မည် မဟုတ်ချေ။ ဒီလက်သည် အသက်အရွယ် အားဖြင့် ငယ်ရွယ် သေးသော်လည်း လက်စွမ်းထက်ပြီး အလားအလာ ကောင်းမွန်သည့် ဂိုးသမားလေး တဦးလည်း ဖြစ်သည်။

ခရိုအေးရှား နည်းပြကြီး ဆလေဗန်ဘီလစ် သည် ယခုလ အစောပိုင်းက အင်္ဂလန်နှင့် တွေ့ဆုံသည့် ကမာ္ဘ့ဖလား ခြေစစ်ပွဲတွင် ဒီလက်အား လက်ရွေးစင် အသင်းအအတွက် ခေါ်ယူခဲ့သည်။ ချဲလ်ဆီး အသင်းသည် ပြင်သစ်မှ လူငယ် ကစားသမားလေး ဂေးကာကူတာအား လန်းစ်အသင်း ထံမှ ခေါ်ယူရာတွင် မရိုးသားမှုများ ပြုလုပ်ခဲ့ကြောင်း FIFA က စစ်ဆေး တွေ့ရှိပြီးနောက် (၂)နှစ်နီးပါး ပွဲပယ် ခံထားရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here