ချန်ပီယံဆု အတွက် မန်စီးတီးကို ယှဉ်စရာ မလိုဟု ဖာဒီနန် ပြောကြား

alt

မိမိတို့ အသင်းသည် ချန်ပီယံဘွဲ့ အတွက် လီဗာပူးကိုသာ အဓိက ယှဉ်ပြိုင် သွားရမည် ဖြစ်ပြီး မန်ချက် စတာစီးတီး ကိုမူ စာရင်းထဲ ထည့်မထား ကြောင်း မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ရီယိုဖာဒီနန်က ပြောကြား လိုက်သည်။

မန်ချက်စတာ မြို့ခံ နှစ်သင်းသည် ယခုလာမည့် တနင်္ဂနွေတွင် ထိပ်တိုက် တွေ့ဆုံမည် ဖြစ်ပြီး ရာသီအစ ရလဒ် ကောင်းများ ရရှိနေသည့် စီးတီးမှာ ယူနိုက်တက်နှင့် တွေ့ဆုံချိန်တွင် ဒူးထောက် ရလိမ့်မည်ဟု အသက်(၃၀) အရွယ် အင်္ဂလန် လက်ရွေးစင်က ကြံုးဝါးလိုက်သည်။

မိမိတို့သည် လီဗာပူးကိုသာ စိုးရိမ်မိကြောင်း၊ စီးတီးမှာ ချန်ပီယံဘွဲ့ ရရှိ နိုင်လောက်အောင် တောင့်တင်းမှု မရှိကြောင်း၊ ထိုအကြောင်းကို ယူနိုက်တက်မှ စီးတီးသို့ ပြောင်းရွှေ့သွားသည့် မိမိ၏ သူငယ်ချင်း ကားလို့စ် တီဗက်စ် ကောင်းကောင်း သိပြီးဖြစ်ကြောင်း ဖာဒီနန် က ဆိုသည်။

တီဗက်စ် သည် အာဂျင်တီးနား လက်ရွေးစင်အသင်း အတွက် ကိုယ်စားပြု ယှဉ်ပြိုင်နေစဉ် ဒဏ်ရာ ရရှိခဲ့သော်လည်း ယခုအခါ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝ လာပြီဖြစ်သည်။ ပရီးမီးယားလိဂ် လေ့လာသူများ ကမူ ယခု ဖာဒီနန် ပြောဆိုလိုက်မှုကို မြို့ခံပြိုင်ဘက် အသင်းအပေါ် စိတ်ဓာတ် စစ်ဆင်ရေး တရပ် ပြုလုပ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် နေကြသည်။

ထိုပွဲတွင် စီးတီးဘက်မှ အထူး အားထားရသည့် တိုဂို လက်ရွေးစင် တိုက်စစ်မှူး အီမန်နူရယ် အဒီဘာယောမှာ ပွဲပယ် ပြစ်ဒဏ်ကြောင့် ပါ၀င်နိုင်မည် မဟုတ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here