မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တရုတ်ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

alt

တရုတ်နိုင်ငံမှ ထိပ်တန်း ကိုယ်စားလှယ် အဖွဲ့ တဖွဲ့သည် မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျံုအီ အား စက်တင်ဘာလ (၁၈)ရက် နေ့က သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရှိ ရသည်။

တရုတ် နိုင်ငံသည် (၂၀၀၃)ခုနှစ် နောက်ပိုင်း မြောက်ကိုရီးယား နှင့် အပြန်အလှန် ဆက်ဆံမှု တိုးတက် လာသော နိုင်ငံ(၅)ခု အနက် တခု အပါအဝင် ဖြစ်ပြီး မြောက်ကိုရီးယား၏ ယုံကြည် အားကိုးမှု အရှိဆုံး မဟာမိတ်သဖွယ် ရပ်တည် လာခဲ့သည်။

မြောက်ကိုရီးယားသည် ဧပြီလအတွင်း အနုမြူဆိုင်ရာ (၆)နိုင်ငံနှင့် ဆွေးနွေးမှုများကို ရပ်ဆိုင်း လိုက်ပြီးနောက် ကမာ္ဘ့နိုင်ငံများနှင့် ဆက်ဆံရေး အေးခဲ လာသော်လည်း တရုတ်နှင့်မူ ပိုမို ရင်းနှီးလာခဲ့သည်။

တရုတ်အစိုးရ၏ အထူးကိုယ်စား ဒိုင်ဘင်ဂေါင်သည် ပြံုယမ်းမြို့တော်သို့ စက်တင်ဘာ (၁၆)ရက်နေ့ ကတည်းက ရောက်ရှိနေပြီး တရုတ်သမ္မတ ဟူကျင်တောင်က ကွန်မြူနစ်နိုင်ငံ ခေါင်းဆောင်ကြီးထံ ပေးပို့လိုက်သော သဝဏ်လွှာအား လက်လွှဲ ပေးအပ်ခဲ့သည်။

မြောက်ကိုရီးယား အစိုးရပိုင် KNCA သတင်းဌာနက တရုတ် ကိုယ်စားလှယ်များ လာရောက်မှုသည် နှစ်နိုင်ငံ ရင်းနှီး နွေးထွေးသော ဆက်ဆံမှုကို တိုးတက် ကောင်းမွန်လာစေကြောင်း ဖော်ပြသွားသည်။ တရုတ် သံတမန်အဖွဲ့သည် သမ္မတ ဟူကျင်တောင်၏ မြောက်ကိုရီးယား နှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန် လာစေလိုသော ဆန္ဒကို ကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း တရုတ် အခြေစိုက် ဆင်ဟွာ သတင်းဌာနကြီး ကလည်း ကြေညာချက် ထုတ်ပြန် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here