မြန်မာ့အရေး ဘာတွေတွေးလို့ ဘာတွေလုပ်ကြမလဲ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အပိုင်း (က) ပြန်လည်သုံးသပ်ခြင်း

လူ့အခွင့်အရေးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လက်ရှိအခြေအနေ

  • စစ်အာဏာရှင် ဗိုလ်ချုပ်များက တရားဥပဒေမဲ့ ထင်ရာစိုင်းကာ ပြည်သူတို့၏ လူ့အခွင့်အရေးများကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေသည်။
  • ထိုသို့သောကျူးလွန်မှုများကို ပြည်တွင်း၌ မည်သူမှ၊ မည်သည့်အဖွဲ့အစည်းမှ မတားဆီးနိုင်ပဲ ဖြစ်နေသည်။
  • စစ်အာဏာရှင် ဗိုလ်ချုပ်တို့၌ ဒီမိုကရေစီကျင့်ဝတ်များကို လိုက်နာလိုစိတ်မရှိကြောင်း အဆိုပါကျူးလွန်မှုကြီးက သက်သေပြနေသည်။

လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးမှု ဆက်စပ်နေ

လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ တရားဥပဒေ စိုးမိုးမှုနှင့် တိုက်ရိုက်ပတ်သက်သည်။ တရားဥပဒေ စိုးမိုးမှု မရှိလျှင်- တနည်းအားဖြင့် တရားစီရင်ရေးစနစ်၊ ဥပဒေပြုရေးစနစ်တို့၌ ချွတ်ယွင်းချက်များရှိလျှင် တရားမျှတအောင် စီမံခန့်ခွဲ အုပ်ချုပ်နိုင်ခြင်း မရှိတော့ပေ။ ထိုအခါ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်လာတော့သည်။ သို့ဖြစ်၍ နိုင်ငံသား၏ လူ့အခွင့်အရေးများ ချိုးဖောက်ခံရခြင်းမှ ကာကွယ်ပေးနိုင်ရေးမှာ အဆိုပါနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု ရှိနေရမည် ဖြစ်သည်။

တရားဥပဒေ စိုးမိုးမှုကို အစိုးရမှ တာဝန်ယူရသည်။ လူ့အခွင့်အရေးများကို မထိခိုက်စေရန် ကြိုတင်ကာကွယ်ပေးထားရ သည်။ လူ့အခွင့်အရေးနှင့် ပတ်သက်သော ပြဿနာတခု ဖြစ်မှန်းသိလျက်

  • ပြဿနာ မဖြစ်သယောင် ဖုံးဖိထားခြင်း၊
  • လစ်လျူရှုထားခြင်း၊
  • အရေးယူ ဆောင်ရွက်မှု မရှိခြင်း၊
  • အရေးယူဆောင်ရွက်မည့် အခြားသူတို့အား ပိတ်ပင်ဟန့်တားထားခြင်း၊
  • အခြား မသင့်တော်သော နည်းလမ်းများဖြင့် ဖြေရှင်းနေခြင်း

အစရှိတို့သည် ထိုပြဿနာကို ပိုမိုကြီးထွားစေသည်သာမက နောက်ဆုံး၌ မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်စေသည်။

လူ့အခွင့်အရေးများကို ရပိုင်ခွင့် မရှိလျှင် လူတို့သည် မိမိတို့ဆန္ဒအတိုင်း မိမိတို့ကိုယ်ပိုင်ဘဝကို တည်ဆောက်ပိုင်ခွင့် မရှိ။ လုံခြံုရေးအာမခံချက်လည်း မရှိ။ အာဏာရှင် အလိုကျ သွန်လိုသွန် မှောက်လိုမှောက် ခံနေရသောဘဝသို့ မရောက်ချင်ပဲ အလိုလိုရောက်နေရတော့သည်။

ဘယ်သူ့ကြောင့်လဲ

တန်းတူညီမျှပိုင်ခွင့်ရှိသော လူစင်စစ်ဖြစ်လျက် လူဖြစ်ရှံုးရခြင်းမျိုး အပါအဝင် နစ်နာဆုံးရှံုးမှုများကို ကြံုတွေ့ရသည်မှာ ကိုယ်ကျိုးကိုသာ ကြည့်တတ်သော အာဏာပိုင်တို့က အတင်းအဓမ္မ အမိန့်ပေး စေခိုင်းနေသောကြောင့် ဖြစ်သည်။ အဓမ္မ ခိုင်းစေခံရခြင်း၊ မတရားပြုကျင့်ခံရခြင်း၊ အရွယ်မရောက်သေးမီ စစ်မှုထမ်းဆောင်ရခြင်း၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းဖျက်ဆီး ခံရခြင်း အစရှိသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုးတို့ကြောင့် ပြည်သူတို့တွင် နစ်နာဆုံးရှံုးမှုရှိသည်။ ဤသည်မှာ တန်းတူညီမျှမှုနှင့် လွတ်လပ်ခွင့်ကို တန်ဖိုးမထားသော အာဏာရှင်စနစ်ကြောင့် ဖြစ်သည်။

သို့ဖြစ်လျှင် စနစ်ကို အပြစ်တင်ရမည်လား ဟုမေးစရာဖြစ်လာသည်။ စနစ်ဆိုသည်မှာ သက်ရှိလူ မဟုတ်သဖြင့် အပြစ်တင် ၍လည်း အကျိုးမထူး။ မကောင်းမှန်း၊ မသင့်တော်မှန်း သိလာရသော ထိုစနစ်ကို အပြီးတိုင် ဖယ်ရှားမှသာ အကျိုးထူများ ရှိလာမည်ဖြစ်သည်။ နာဇီ၊ ဖက်ဆစ်၊ ပဒေသရာဇ်၊ အသားအရောင် ခွဲခြားစနစ်၊ ကျေးကျွန်စနစ် စသည့် မကောင်းသော စနစ်များကို နောက်နောင်မသုံးဖြစ်အောင် စံနမူနာထားရသကဲ့သို့ ဖြစ်သည်။ မကောင်းသည့်စနစ်ကို အခြားကောင်းနိုးရာရာ စနစ်တခုခုဖြင့် ပေါင်းစပ်ရောမွှေပြီး ဆက်သုံးရန်လည်း မဖြစ်နိုင်ပါ။ အမှန်တကယ် ကောင်းမွန်သင့်တော်သည်ဟု လူအများက ယူဆပြီး လက်ခံကြသောစနစ်ဖြင့် အစားထိုးရန်သာ ကြိုးပမ်းအပ်သည်။

စနစ်နှင့်ပတ်သက်၍တာဝန်ရှိသူမှာ ထိုစနစ်ကို ဦးဆောင်ကျင့်သုံးသူ(တို့)ဖြစ်သည်။ ဥပမာ- မြန်မာနိုင်ငံတွင် အာဏာပိုင် စစ်ဗိုလ်ချုပ်တို့က အာဏာရှင်စနစ်ကို ကျင့်သုံးနေသည်။ သို့ဖြစ်၍ အာဏာရှင်စနစ်ကြောင့် ဖြစ်ပေါ်သော နစ်နာဆုံးရှံုးမှု မှန်သမျှ ထိုဗိုလ်ချုပ်များ၌သာ တာဝန်ရှိသည်။ ထိုသူတို့ကိုသာ အပြစ်တင်ရန်ရှိသည်။

လူ့အခွင့်အရေး ချိုးဖောက်သူ

လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုလျှင် သက်ဆိုင်ရာ အာဏာပိုင်အစိုးရနှင့်သာ ဆိုင်သည်။ အစိုးရသည် လူတဦးဦးက အခြား သူတို့၏ လူ့အခွင့်အရေးများကို ထိခိုက်စော်ကားခြင်း မပြုနိုင်အောင် ရှောင်ကြဉ်အပ်သည်များကို ထုတ်ပြန်ညွန်ကြားထား ရသည်။ မိမိကိုယ်တိုင်ကပါ စံနမူနာပြကာ လိုက်နာကျင့်သုံးရသည်။ အကယ်၍ ဖောက်ဖျက်ကျူးလွန်သည်ဆိုလျှင် မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားပဲ တရားဥပဒေကြောင်းအရ အရေးယူရသည်။ နောက်နောင်မဖြစ်ပွားစေရန် ကြိုတင်ကာကွယ် တားဆီးပေးရသည်။ အစိုးရဘက်မှ ဤကိစ္စအားလုံးကို ပျက်ကွက်လျှင် ထိုအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်သူ ဖြစ်လာသည်။

လက်ရှိအာဏာပိုင် စစ်ဗိုလ်ချုပ်တို့သည် ဒီမိုကရေစီကို လိုလားသူများ ဖြစ်သလား

အာဏာရှင်စနစ် မရှိမှသာ တရားဥပဒေ စိုးမိုးမည်။ တရားဥပဒေ စိုးမိုးမှ လူ့အခွင့်အရေးများ အာမခံချက် ရှိမည်။ တရား ဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးများ ပြည့်ဝရေးကို အာမခံ အကောင်အထည်ဖော်ပေးရန် ဒီမိုကရေစီ ထွန်းကားဖို့ လိုသည်။ ဒီမိုကရေစီ အားကောင်းသွားလျှင် အာဏာရှင်စနစ်ပြုတ်ကျရန် လမ်းစများ အလိုလို ပေါ်ထွက်လာသည်။

မြန်မာဗိုလ်ချုပ်တို့က သူတို့ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အပြစ်ဒဏ်ခံရမည်ကို အလွန် စိုးရိမ် ပူပန်နေသည်။ လာဘ်စားထားသော စည်းစိမ်များနှင့် ပတ်သက်၍လည်း စိုးရိမ်ပူပန်နေသည်။ ထိုသို့ ဖြစ်မနေအောင် သူတို့အား ထာဝရ လုံခြံုမှုပေးနိုင်သည်မှာ သူတို့လက်ဝယ်၌ အာဏာရှိနေဖို့လိုသည်ဟု မှားယွင်းစွာ ခံယူထားကြသည်။ နောင်တက်လာမည့် ဒီမိုကရေစီ ခေါင်းဆောင်တို့က သူတို့လိုပင် ဥပဒေမဲ့ အာဏာစွမ်း ပြလိမ့်မည်ဟုလည်း သူတို့အဖြစ်နှင့် နှိုင်း၍ အဆင်ခြင်မဲ့ ကြိုတွေးထားကြသည်။

(အမှန်စင်စစ် ဒီမိုကရေစီအစိုးရ- တနည်းအားဖြင့် ကိုယ်စားပြု ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် အစိုးရမှန်သမျှ ဥပဒေမဲ့ လုပ်ခွင့်မရှိအောင် ကန့်သတ်ချက်များ ရှိနေပြီးဖြစ်သည်။ သူတို့ကဲ့သို့ ဥပဒေအပေါ်တွင် တက်ထိုင်နေသူများ မဟုတ်ကြပါ။)

စစ်ဗိုလ်ချုပ်တို့၌ ဆင်ခြင်တုံတရား ကင်းမဲ့နေသည်မှာ သူတို့သည် ဒီမိုကရေစီကို အမှန်တကယ် မလေ့လာ၊ လေ့လာရ ကောင်းမှန်းလည်း မသိ၊ လေ့လာဖို့လည်း အခွင့်မရ။ ထိုအခါ ဒီမိုကရေစီနှင့် ပတ်သက်လျှင် ဆင်တကောင်အား လက်နှင့် ကိုင်တွယ်စမ်းသပ်ပြီး ထင်ရာလျှောက်ပြောနေသူတို့ကဲ့သို့ ဖြစ်နေတော့သည်။ ဒီမိုကရေစီအကြောင်း မလေ့လာ မသိရှိရ သဖြင့် စစ်ဗိုလ်ချုပ်တို့သည် ဒီမိုကရေစီ ကျင့်ဝတ်များကို နားမလည်၊ ကျင့်ကြံဖို့ဆိုသည်မှာ ဝေးလာဝေး၊ ဒီမိုကရေစီ ဘက်တော်သားဆိုလျှင် သူတို့အား ဖျက်ဆီးတိုက်ခိုက်မည့် ရန်သူဟုပင် တဘက်သပ် သဘောထားနေတော့သည်။

ထို့ကြောင့် မြန်မာစစ်ဗိုလ်ချုပ်များသည် လက်ရှိ အခြေအနေများအရဆိုလျှင် ဒီမိုကရေစီ အမှန်တကယ် ဖြစ်ထွန်းလာရေးကို မည်သည့်အခါမှ အားပေးလုပ်ဆောင်မည် မဟုတ်။ သူတို့ရယူထားသော အာဏာကိုသာ ဆက်လက် ဖက်တွယ်ထားဦး မည်ဖြစ်သည်။ ဤဆောင်းပါးအစတွင် “စစ်အာဏာရှင် ဗိုလ်ချုပ်များသည် ဒီမိုကရေစီ ကျင့်ဝတ်များကို လိုက်နာလိုစိတ် မရှိ” ဟု သုံးနှုန်းခဲ့သည်။ အခြေအမြစ်မရှိပဲ စွပ်စွဲခြင်း မဟုတ်ကြောင်း ယခု သိနိုင်လောက်ပေပြီ။

မိမိတို့ပြဿနာကို မိမိတို့ကိုယ်တိုင် ပြည်တွင်းမှာဘဲ ဖြေရှင်းနိုင်မလား

တရားဥပဒေစိုးမိုးမှုကို မလေးစားပဲ လူ့အခွင့်အရေးများကို စိတ်ထင်တိုင်း အကြီးအကျယ် ချိုးဖောက်နေသည့် အခြေအနေ ဆိုးမျိုးမှာ မြန်မာနိုင်ငံတွင် ထင်ရှားသိသာစွာ ဖြစ်ပျက်နေသည်။ သက်သေခံ အထောက်အထား များစွာရှိသည်။ နိုင်ငံ အကြီးအကဲ၊ အစိုးရတာဝန်ရှိသူတို့နှင့် တိုက်ရိုက်သက်ဆိုင်သော အဆိုပါ ပြဿနာများက ရှုပ်ထွေးကြီးမားလာရာ နောက်ဆုံးတွင် နိုင်ငံရေးပြဿနာဟု သတ်မှတ်ရသည့်အဆင့်သို့ ရောက်လာသည်။ နိုင်ငံသားတိုင်း မည်သူမျှ လစ်လျူမရှှုပဲ ဖြေရှင်းအပ်သော အမျိုးသားရေးပြဿနာ ဖြစ်လာသည်။ နိုင်ငံရေးပြဿနာ ဖြစ်သဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်း သာလျှင် အကောင်းဆုံး ဖြစ်သည်။ နိုင်ငံရေးနည်းလမ်း ဆိုကတည်းက အကြမ်းဖက်ခြင်းမျိုး မရှိ၊ ရန်ငြိုးအာဃာတထားခြင်း မရှိ။ နိုင်ငံ့ဂုဏ်သိက္ခာ၊ မိမိဂုဏ်သိက္ခာကို ရိုးသားစွာ ထိန်းသိမ်း၍ ပွင့်ပွင့်လင်းလင်း ပြင်သာပြောင်းသာစွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းသာ ရှိသည်။

မြန်မာတမျိုးသားလုံးနှင့် သက်ဆိုင်နေသည့် ပြဿနာကား တရားဥပဒေစိုးမိုးမှု ရှိမနေခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်ခံ နေရခြင်းတို့သာ မဟုတ်သေးပါ။ ထိုသို့ဖြစ်နေခြင်းကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းလိုသူတို့အား ဖြေရှင်းခွင့်မရအောင် နှိပ်ကွပ်ထားခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားခြင်းစသည့် ပြဿနာကပါ ထပ်ဆင့် ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။ ထိုအခါ မယောင်ရာ ဆီလူးသည့်ပြဿနာက ပူးတွဲပါလာတော့သည်။ ဤသို့ဖြင့် ပြဿနာများ တက်ပြီးရင်းတက်နေတော့သည်။ အမှန်စင်စစ် မြန်မာ့အရေးကို ပြည်တွင်းမှ ကာယကံရှင် မြန်မာလူမျိုးများကိုယ်တိုင် ဖြေရှင်းနိုင်ရန်လမ်းစက နည်းပါးလျက် ရှိနေတော့သည်ဟု ဆိုရပေမည်။ သို့ဖြစ်ရာ ပြည်တွင်း၌ လူထုအကျိုးပြု နိုင်ငံရေးလမ်းကြောင်းသစ်တခုခုကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်လာနိုင်မှ ပြဿနာတို့ ချုပ်ငြိမ်းဖွယ်ရာ ရှိပေလိမ့်မည်။

ပြည်တွင်းမှာ မဖြေရှင်းနိုင်လျှင် ပြည်ပက ဝင်ရောက် ဖြေရှင်း

တမျိုးသားလုံးနှင့်ဆိုင်သည့် အမျိုးသားရေးပြဿနာကို ပြည်တွင်းမှာပင် ဖြေရှင်းခွင့် မရသည့်အခါ (သို့) ဖြေရှင်းရန် အခက်အခဲ ကြီးမားသောအခါ ပြည်ပရောက်မြန်မာလူမျိုးတို့က အမျိုးသားရေးစိတ်ဓါတ်ဖြင့် ဝိုင်းဝန်းကူညီဖြေရှင်းပေးသည်။ ထို့အတူ တရားဥပဒေ စိုးမိုးမှုနှင့် လူ့အခွင့်အရေးများကို လေးစားသော နိုင်ငံတကာ တိုင်းပြည်နှင့် အဖွဲ့အစည်းတို့ကလည်း ပါဝင်ဖြေရှင်းရန် ကြိုးပမ်းကြသည်။ ထိုအခါ နိုင်ငံတကာ၏အခန်းကဏ္ဍကို ဖွင့်လှစ်ပေးလိုက်သည့် အကျိုးဆက်များ ဖြစ်ပေါ် လာသည်။

မြန်မာနိုင်ငံသားတို့ လူဖြစ်ရှံုးနေရသည့် အဖြစ်ဆိုးမှ ထွက်ပေါက်ရရေးအတွက် ပြည်ပမှ ကူညီပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေလာကြရာ နိုင်ငံတကာ အတိုင်းအတာဖြစ်သောကြောင့် အလွန်ကျယ်ပြန့်သည်။ အင်အားကောင်းသည်။ ဝိုင်းဝန်း စုစည်းကာ ပူးပေါင်းလုပ်ဆောင်ကြသည်။ နိုင်ငံတကာ ဥပဒေ၊ သဘောတူညီချက်နှင့် ကျင့်ဝတ်များကို အခြေခံကြသည်။ ထိုအခါ ရည်ရွယ်ချက် ကောင်းမွန်သည့် မဟာဗျူဟာတရပ်ကို စဉ်းစားလာကြသည်။ နည်းဗျူဟာအပိုင်းတွင် လက်ရှိ၌ အားသာနေသည့် စွမ်းဆောင်နိုင်မှုများအပေါ် အခြေခံသော နိုင်ငံရေး (Realpolitik) ကို ကျင့်သုံးသည်။

ဘာကြောင့် မအောင်မြင်သေးသနည်း

ဆိုခဲ့သည့်အတိုင်း ပြည်ပအခန်းကဏ္ဍ၏ ကြိုးပမ်းမှုမှာ စကားလုံးအားဖြင့် အံ့မခန်းလောက်စရာများ ဖြစ်သည်။ သို့သော် လက်တွေ့လုပ်ဆောင်မှုအပိုင်းတွင် အားနည်းချက်များ အမှန်ပင်ရှိနေခဲ့သည်။ ဥပမာ-ဝိုင်းဝန်းစုစည်းကာ လုပ်ဆောင်ကြ သည့်အပိုင်းတွင် လုံခြံုရေးကောင်စီမှ တရုတ်နှင့်ရုရှားကို ကြည့်ပါ။ သူတို့သည် ကျန်အဖွဲ့ဝင်များနှင့်အတူ လက်တွေ့တွင် ဝိုင်းဝန်းစုစည်း လုပ်ဆောင်ကြသော်လည်း သူတို့အကျိုးစီးပွားကို ဦးစားပေးသည့်ရှုထာင့်မှကြည့်ရန် အားသန်လွန်းသည်ကို တွေ့ရသည်။ ထိုအခါ မြန်မာ့အရေးကို လုံခြံုရေးကောင်စီမှ ကိုင်တွယ်သည်ဆိုသော စကားသာ အဖတ်တင်ပြီး အကျိုး ဖြစ်ထွန်းမှု ရှိမလာပဲ ဖြစ်နေတော့သည်။

နောက်နမူနာတခုမှာ Realpolitik ကို ကျင့်သုံးကြရာတွင် နိုင်ငံတကာအသိုင်းအဝိုင်း၌ ခေါင်းဆောင်အပြောင်းလဲကြောင့် အကျိုးဆက်များ ပြောင်းလဲခြင်းဒဏ်ကို ခံရသည်။ ဥပမာ- ထိုင်းနိုင်ငံ၌ Thaksin Shinawatra နှင့် နောက်လိုက်များက အာဏာရနေစဉ် မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဆီယံ၏ ကြိုးပမ်းချက်များမှာ အရာမထင်ခဲ့ဘဲ ပို၍ပင် ဆိုးဝါးလာနေ ခဲ့သည်။ ကောင်းနိုးရာရာ ဆေးမြီးတိုများဖြင့် လက်တဲ့စမ်းကုနေသရွေ့ အမှန်တကယ် ပျောက်နိုင်မည် မဟုတ်သည်ကို အတော်များများက နားလည်ကြပေလိမ့်မည်။ သို့သော် Realpolitik ၏ သဘောကိုက လုပ်နိုင်စွမ်းရှိသော အင်အားဖြင့် တဘက်ဘက်သို့ ယိမ်းယိုင်လွှမ်းမိုးထားရသည်ဖြစ်ရာ ဆေးမြီးတို မသုံးသင့်မှန်း မည်မျှပင် နားလည်စေကာမူ အဆိုပါ လွှမ်းမိုးမှုကို မကျော်လွှား မချေဖျက်နိုင်ပဲ ရှိနေရသည်။

ပြည်ပရောက်မြန်မာတို့၏ ဒီမိုကရေစီလှုပ်ရှားမှု အခန်းကဏ္ဍတွင်လည်း ထိုသဘောမျိုး အနည်းနှင့်အများ ရှိနေသည်ကို တွေ့မြင်နိုင်သည်။ ကာလံ-ဒေသံ-ပယောဂံအရ Realpolitik သုံးကြသည်။ သို့သော် မှန်ကန်သော Realpolitik ကို ရွေးချယ်နိုင်ရန် ခက်ခဲသည်။ ရွေးချယ်နိုင်သည့်တိုင်အောင် (အားသာသည့် စွမ်းဆောင်နိုင်မှု ရှိနေသည့်တိုင်အောင်) လိုအပ် သော နိုင်ငံရေးနောက်ခံ အနေအထားတခုလုံးကို ဖန်တီးရေးအတွက် သက်ဆိုင်သူအားလုံးတို့က တစိတ်တဝမ်းတည်း ရှိနေဖို့ အလွန်ခက်ခဲနေပြန်ှသည်။ လူတဦး၏ ကိုယ်ပိုင်ပြဿနာကို အခြားလူတဦး (သို့) နှစ်ဦး-သုံးဦးဖြင့် ဖြေရှင်းနိုင် လောက်သည်။ နိုင်ငံတခုလုံးနှင့်ဆိုင်သော ပြဿနာတွင်ကား နိုင်ငံသားအားလုံး ပါဝင်ပတ်သက်နေသောကြောင့် အလွန် ခက်ခဲသည်။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် မဖြေရှင်းနိုင်သေးသည့် အရှေ့အလယ်ပိုင်း ဒေသတွင်းပြဿနာမှာ လွယ်ကူထင်ရှားသည့် နမူနာကောင်း ဖြစ်သည်။

ပြည်တွင်းကဏ္ဍနှင့် ပတ်သက်၍ သုံးသပ်လျှင် အာဏာပိုင်တို့က အမျိုး၊ ဘာသာ၊ သာသနာနှင့် အခြားဂုဏ်သိက္ခာများကို ထိန်းသိမ်းမြှင့်တင်ရေးထက် အာဏာရှင်စနစ်ဖြင့် အာဏာကို အငမ်းမရဖက်တွယ်လိုစိတ် ကြီးမားနေခြင်း၊ ထိုစိတ်ကြောင့် လူမဆန်ဆုံး အပြုအမူများဖြင့် တရားမဲ့ နှိပ်ကွပ်နေခြင်း၊ ထိုသို့နှိပ်ကွပ်မှုကြောင့် နိုင်ငံသားအားလုံးက တစိတ်တဝမ်းတည်း ပူးပေါင်းပါဝင်နိုင်မှု လမ်းစများ ပိတ်ဆို့ခံနေရခြင်း စသည်တို့က အဓိကအကြောင်းရင်းများ ဖြစ်ပေလိမ့်မည်။

မအောင်မြင်သေးသော်လည်း အောင်မြင်နိုင်မည့် သော့ချက်ကို တွေ့ရှိလာ

“သက်ဆိုင်သူအားလုံးတို့က တစိတ်တဝမ်းတည်းဖြစ်အောင် စုစည်းညီညွတ်နိုင်ရေး” ဆိုသည့် သဘောတရားကို အခြေခံ ထားနိုင်လျှင် လိုအပ်သည့် နိုင်ငံရေးအဝန်းအဝိုင်းကို ဖန်တီးနိုင်ပါလိမ့်မည်။ အဆိုပါ နိုင်ငံရေးအဝန်းအဝိုင်းသည် အာဏာရှင် စနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော ဒီမိုကရေစီကျင့်ဝတ်များကို အခြေခံရပါမည်။ ထိုအခါ မှန်ကန်သော Realpolitik ဖြင့် ဆက်လက် ဖြေရှင်းနိုင်မည် ဖြစ်သည်။

(ဒီမိုကရေစီ ကျင့်ဝတ်များကို အတော်အတန် လိုက်နာကျင့်သုံးတတ်သည်ဆိုလျှင်ပင် အဆိုပါလူ့အဖွဲ့အစည်းတွင် တစိတ် တဝမ်းတည်း ဖြစ်လာဖို့ရှိနေသည်။ အကြောင်းမှာ ဒီမိုကရေစီ၏ အခြေခံမူတွင် တန်းတူညီမျှမှုနှင့် လွတ်လပ်ခွင့်တို့ ပါဝင် နေခြင်းကြောင့် ဖြစ်သည်။)

ပြည်တွင်းအခန်းကဏ္ဍတွင် အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်လွန်းသော အုပ်ချုပ်မှုအောက်၌ လူးလွန့်လှုပ်ရှားနိုင်သမျှ အရာထင်လျက်ရှိသည်။ အရာထင်ကျန်ခဲ့သမျှ ပျောက်ပျက်မသွား၊ အရာထင်သမျှ “ဖိလျှင် ကြွသည်” ဆိုသော နိယာမကို အားဖြည့်ပေးနေခြင်း ဖြစ်သည်။ ကြွမည့်စိတ်က အထူးပြောစရာမလို၊ အာဏာရှင်မှလွဲ၍ လူတိုင်း၌ ရှိနေပြီး ဖြစ်သည်။ ကြွနိုင်စေမည့် ရင်းမြစ်စွမ်းအားများ ကောင်းလာရန် အရှိန်ယူနေစဉ်အတွင်း အထက်တွင် ရေးခဲ့ပြီးသည့် “သက်ဆိုင်သူ အားလုံးတို့က တစိတ်တဝမ်းတည်းဖြစ်အောင် စုစည်းညီညွတ်နိုင်ရေး”ကိုသာ မြန်မြန်ဆန်ဆန် ရလိုက်လျှင် မြန်မြန်ပွဲသိမ်း နိုင်ပါမည်။

၂ဝဝ၇ နှစ်လယ်ပိုင်းလောက်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တို့က ရဲရဲဝံ့ဝံ့ ဆော်ဩ တိုက်တွန်းခဲ့ကြသည်။ “အမျိုးသား ပြန်လည်သင့်မြတ်ရေး”သည် ဒီမိုကရေစီ အသွင်ပြောင်းရေးအတွက် အခြေခံ လုပ်ငန်းစဉ်တရပ်ဖြစ်သကဲ့သို့ အာဏာရှင်ဗိုလ်ချုပ်တို့အတွက်လည်း “ထွက်ပေါက်ဗျူဟာ” ဖြစ်သည်ကို သတိပြုသင့်သည်။

လွင်အောင်စိုး

LEAVE A REPLY

Please enter your comment!
Please enter your name here