မက္ကစီကို မူးယစ်ဆေးစွဲ သူများ ကုသမှုဂေဟာတွင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်

alt

မက္ကစီကို နိုင်ငံတွင် မူးယစ်ဆေးဝါး စွဲနေသူများအား ကုသ ပေးသည့် စင်တာ တခု ကို သေနတ်သမား များက ၀င်ရောက် ပစ်ခတ်ခဲ့ရာ လူ(၁၀)ဦး သေဆုံး သွားကြောင်း သိရှိရသည်။

ယခု ဖြစ်ရပ်သည် စက်တင်ဘာလ အတွင်း ဒုတိယ အကြိမ်မြောက် မူးယစ်ဆေးဝါး ဖြတ်သည့် စင်တာ တခုသို့ ၀င်ရောက် ပစ်ခတ်မှု ဖြစ်လာခဲ့ပြီး ရဲများက အခင်းဖြစ်ပွားရာ နယ်စပ်မြို့ ဆီဒက်ဂျူရက်မှ မူးယစ်ဆေးဝါး ဂိုဏ်းအချင်းချင်း အညှိုးထား ချေမှုန်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် နေကြသည်။

မူးယစ်ဆေးဝါး ဂိုဏ်းသားများသည် ၎င်းတို့၏ မဟာရန်ဘက် များအား ပုန်းရှောင်ရာတွင် မူးယစ်ဆေးဝါး ကုသပေးသည့် စင်တာများသို့ လာရောက် ပုန်းရှောင် နေတတ်သောကြောင့် ယခုကဲသို့ သဲသဲမဲမဲ ချေမှုန်းခြင်း ဖြစ်သည်ဟု ဆိုကြသည်။

စက်တင်ဘာလ (၁၅)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ သေဆုံးပြီး အခြား(၂)ဦးမှာ ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိထားခဲ့သည်။ သေဆုံးသူ အတော်များများသည် သီးသန့် ခွဲထားသည့် မူးယစ်ဆေးဝါး စွဲနေသူများဟု ယူဆရကြောင်း သိရှိရသည်။

ပစ်ခတ်မှုကြောင့် သေဆုံး သွားရသူများ၏ မိသားစုများမှာ အလွန်ဝမ်းနည်း ကြေကွဲနေကြပြီး ယခုကဲ့သို့ အဓိပ္ပါယ်မဲ့ လုပ်ရပ်များဖြင့် ရက်စက်ကြမ်းကြုတ် သွားသည့် အမည်မသိ သေနတ်သမားများအား အကြီးအကျယ် စက်ဆုပ် မုန်းတီးလျှက်ရှိနေ ကြသည်။ မက္ကစီကို ရဲတပ်ဖွဲ့ ကမူ ယခုရမ်းကား ပစ်ခတ်မှုကို မည်သည့် အဖွဲ့က ကြိုးကိုင် ဆောင်ရွက်နေခဲ့သည်ကို ဖော်ထုတ်နိုင်ရန် ကြိုးစား သွားမည်ဟု အတည်ပြု ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here