အအေးမိတဲ့ ပန်းကလေးများ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

“အောင်မယ်လေး အမေရဲ့…. သမီးမိုက်ကို ထကြည့်ပါအုံးလား ဟီး … အီး…အီး အမေရဲ့ ….. ဂစ် အစ် …အစ်” “ဟဲ့ .. ဟဲ့ .. လုပ်ကြပါအုံး ဟိုမှာ အကြီးမ တက်နေပြီ….” တောက် …! ။

ဟာ…“ ဒီကောင်မ အခုမှ ငိုကြီးချက်မ နဲ့ တက်ပြနေတယ်။ သူ့ကြောင့် သူ့အမေဆုံးတာ.. ခွေးမ.. အမိုက်မ ပြစ်ထားလိုက် ..အေ… အမေ အသက်ရှိတုန်း ကတော့ နည်းမျိုးစုံ ဒုက္ခတွေပေး။ အခု သေမှ ငိုပြမနေနဲ့ …………..။ အဟီး အိ အိ အီး အမရယ် ထ ကြည့်ပါအုံးလား အမ ရဲ့ ညည်းသားသမီး အလိမ္မာတွေ ကို … ဟင်…. ညည်းသေမှ ငိုပြ နေပြီတော့… အီးဟီး …..”

ဒီဖက်ဇရပ် အဆောင်ကို လှည့်ကြည့်မိပြန်တော့ မိန်းမကြီး တယောက် မပဋာ မြေလူးခန်းထဲမှ လို “သားလေးရဲ့ အမေတို့ကို ထားခဲ့ပြီလား သားမိုက်ကြီးရဲ့ … ဒါတွေကို မသုံးပါနဲ့ မသောက်ပါနဲ့လို့ အမေ အတန်တန် တားရဲ့ သားနဲ့ အဖြစ်ဆိုး လှချည်လား သားလေးရဲ့ …. အဟီး အီး..အိ….. အမေ့သားရေ……..”ဟု ဟစ်လို့သာ အော်ငို နေတော့သည်။

ရေဝေး အသုဘပို့ အခမ်းအနားများ ပြင်ဆင်ထားရာ ဇရပ်အုတ်ဆောင်လေးများ အောက်မယ် အသံတွေ ဆူလှသည်။ စုံလှသည်။ ဖိနပ်ရှပ်တိုက်သံ၊ အလောင်းတင်ခုံ ရွှေ့သံ။ လူများ စကားသံနှင့် အရှေ့ဘက် ကားရပ်ကွင်းဆီမှ ဝင်ချည်ထွက်ချည် စည်ကားလှသော အသုဘပို့ ကားသံတို့အကြား ဖေါက်ထွက်ကာ လျှံထွက်လာသော အခုလို ကျယ်လောင်စွာ ၀မ်းနည်းပက်လက် ငိုကြွေး အော်ဟစ်သံတို့မှာ ပေါ်လွင်လာသည်။ အချိန်အလိုက် သတ်မှတ် ပေးထားသည်မို့ မီးရှို့သဂြိုဟ်ရန် အလှည့်ကျသော အလောင်းကို တာဝန်ကျ တို့က လာရောက် သယ်ဆောင်ပြီ ဆိုသည်နှင့် ထိုတိုက် အဆောင်တွင်း ငိုကြွေးသံတို့ ဘဝဂ်ညံအောင် ပွက်လောရိုက် တော့သည်။

အပြိုင်ငိုကြသည်၊ အပြိုင်တက်ကြသည်၊ အပြိုင်တမ်းတ ကြသည်။ မျက်နှာနီနီ နှာရည်ယိုရွဲ ပုဆိုးထမိန် မနိုင် ယိုင်လဲမည့် ဟန်တို့ဖြင့် ပရိဒေဝ သောကမီးတို့ အလျှံငြီးငြီး လောင်မြိုက်ကြသည်။ တရားသံဝေဂ ယူတတ်သူတို့ အတွက် အဖိုးမဲ့သော တရားရှုမှတ်ဖွယ်ပင် တကား။ ထိုသူ မသေခင်ကသာ ထိုမိသားစုဝင်တို့က ယခုလိုများ တမ်းတ ချစ်ခင်တတ်ခဲ့ကြလျှင် သူတို့ မိသားစုမျိုးများ ပါ၀င်ဖွဲ့စည်း ထားသည့် လူ့လောကသည် အလွန်ပင် သာယာ ကြည်နှုးဖွယ် ကောင်းပေလိမ့်မည် တကား ……၊ အမှည့်တဝင်းဝင်း အကင်း တဖြိုက်ဖြိုက် ဆိုသည့် စကားပုံသည် မှန်သည်။

ရေဝေး သင်္ချိုင်း မီးသဂြိုဟ်စက် အနီး အသုဘရှုဇရပ် အသီးသီးတွင် ချိတ်ထားသည့် ကွယ်လွန်သူတို့ နာမည်၊ အသက်၊ ဆိုင်းဘုတ်များတွင် အရွယ်စုံ အသက်စုံ တွေ့ရသည်။ အသက် ဆယ်နှစ်ဝန်းကျင်မှ ခုနှစ်ဆယ် ရှစ်ဆယ်အထိ ပါသည်။ အများစု သေဆုံးသူတို့မှာ ဆယ်ကျော်သက် များပင်။ ချမ်းသာသူ ဖြစ်ခဲ့ဖူးသည့် သူသေ အလောင်းစင်တွင် တင့်တယ်သော အဆင်ယင် ခင်းကျင်းထားပြီး ပန်းအလှခြင်းများ လွမ်းသူ့ပန်းခွေများ စီရီ ချထားသည်ကို မြင်ရမည်။ ညိုးနွမ်းဆင်းရဲသော သူသေဆိုပါက ပို့ဆောင်သူ မိသားစုအချို့ ကသာ ၀န်းရံကာ ဖြစ်သလို စောင်ကြမ်း ပုဆိုးကြမ်း ဖုံးလွှမ်းပြီး ဈေးပေါပေါ သစ်သား စက္ကူကပ်သည့် အခေါင်းတွင်း သွင်းထားသော အသက်မဲ့ ခန္ဓာ အမျိုးမျိုးတို့သည် တခန်းစီ တနေရာစီမှာ လျောင်းစက်နေကြသည်။

ဆင်းရဲ ချမ်းသာ အာဏာရှိ အာဏာမဲ့ ဘယ်လိုအဆင့်ဖြင့် ဘယ်လိုနေခဲ့ နေခဲ့ သေတဲ့အခါ အတူတူ ဆိုသည့်တရားကို ပြဆိုနေသည် ..ထင့် ….၊ ထို အမျိုးမျိုးသော ဆင်းရဲချမ်းသာ ဖြစ်ခဲ့ဖူးသည့် ကွယ်လွန်သူတို့ အလောင်း နံဘေးတွင်လည်း အရွယ်စုံ အသက်စုံ ဆင်းရဲ ချမ်းသာ စုံသော မြန်မာတို့ လူမှန်းမသိ လူစိတ် ပျောက်လောက်သည် အထိ ငိုကြွေးနေကြသည်။ ရှိုက်ငိုနေကြသည်၊ ပူဆွေးနေကြသည်။ အဖိုးတန်ကားကြီး စီးလာသော သူလည်း ငိုသည်။ ဘတ်စ်ကား၊ အငှားကား စီးလာသည့် နီကျင်ကျင် ဆံပင်နှင့် နွမ်းပါးသော အသွင်ရှိသူ တို့လည်း ငိုကြွေးနေသည်။ ထူးဆန်းသည်မှာ ကလေးလေး လူမမည်လေး အများစုသည် ငိုကြွေးခြင်း အလျဉ်းမရှိဘဲ သည်းထန်စွာ ရှိုက်ငိုနေကြသည့် လူလတ်ပိုင်း၊ လူကြီးပိုင်းတို့ကို တအံ့တဩ ကြည့်နေကြခြင်း ပင်။ ကြောက်၍ မငိုသည်လား။ လူစိတ် ပျောက်လောက်အောင် ငိုကြွေး နေသူများကိုကြည့်၍ ကြောက်နေသည်လား။ သို့တည်းမဟုတ် သူတို့လည်း ကြီးလာသော အခါမှ သူတို့လို ငိုမည်ဟုများ သံဝေဂယူ ဆင်ခြင် အတုယူနေသည်လား မပြောတတ်တော့ပေ။

အသက်ရှင်ခိုက် ဘဝအသိ ဆင်ခြင်ဉာဏ် နည်းစွာဖြင့် ထင်ရာစိုင်း မိဘပေါ် ရိုင်းခဲ့ပြီး ယခု ကွယ်လွန်ခါမှ တက်မတတ် ငိုကြွေးနေသော လူငယ်တွေ အနား လောကမှ စွန့်ခွါသွားရှာပြီ ဖြစ်သော သက်ကြီးပိုင်း အမေအိုတို့ ပါသလို……. အသက်လေးမှ သုံးဆယ် မပြည့်သေး လူ့လောကမှ စွန့်ခွါသွားသော စာရေးသူတို့ အိမ်နားမှ လူငယ်လေးမျိုး ငယ်ရွယ်သူ ရုပ်ကလာပ်များလည်း ပါသည်။ သံဝေဂ ရစဖွယ်ပင်။ အတွေးနယ်ချဲ့ နေမိသည်။

ယခု သင်္ချိုင်းမြေတွင် ဘာကိုမှ အရှက်မထားနိုင်တော့ပဲ ပရိဒေဝ သောကမီး အလျှံကြီး တောက်လောင်နေသူ အများစုသည် စာရေးသူတို့ ဗုဒ္ဓဘာသာဝင် များက အများစု ဖြစ်နေသည်ကို တွေးမိသည်။ မမြဲသော သဘောသာ မြဲသည်ဟု အစဉ်သွန်သင် ဆုံးမသော ဘာသာတရား အဆုံးအမအောက် ခိုလှုံနေခဲ့ပါလျှက် အဘယ့်ကြောင့် သင်္ခါရ တရားနှလုံး မသွင်းနိုင်ကြသနည်း။ တရားဖြင့် ဘာကြောင့် မဖြေဆည်နိုင်သနည်း။ အသက်ရှင်ခိုက် လူ့ဘဝ ရသတို့ လှပအောင် ငြိမ်းချမ်းအောင် ချစ်ကြည်နူးစဖွယ် မိသားစု ဘဝတို့ တည်ဆောက်နိုင်အောင် မကြိုးပမ်းခဲ့ကြပဲ သေမင်းက ဆွဲခေါ်သွားခါမှ ရတက်အပူ ပွက်ဆူမတတ် ငိုကြွေးကြသည်။ မလာနိုင်တော့မှန်း သိရက် ဖြင့် …….သာ။ ပြန်လာခဲ့ပါ အမေရဲ့ အကိုရဲ့ မောင်လေးရဲ့ဖြင့် ခေါ်အော် ငိုဟစ်ကြသည်။

မြန်မာမှု ဓလေ့တွင် အနိစ္စရောက်ပြီ ဆိုသော ထိုသူတဦး၏ အကြောင်း လူ့သမိုင်း အကောင်းအဆိုး ဆိုသည်ကိုလည်း ဂုဏ်တင်ချီးမြောက် ဝေဖန်ခြင်းမျိုး လုပ်ကြသည်ကို လုံးဝ မတွေ့ရ။ တီးတိုး တီးတိုး သဖန်းပိုး ဆိုသည်ဖြင့် အသုဘပို့သော လူအုပ်အတွင်း တိုးတိုးတိတ်တိတ် ဝေဖန်သည်မျိုးတော့ ရှိပါသည်။ ဒါကလည်း အတင်းတုပ်သည့် သဘောသာ …..။ အခမ်းအနား သဘော လူစုလူဝေး သဘောဖြင့် အသက်ဝါကြီးသူတို့က ငယ်သူတို့ကို စံနမူနာပြ ဆိုဆုံးမသည့် သဘောဖြင့် လူအချင်းချင်း နှိုင်းယှဉ်ချီးမြောက်ကာ လူ့ဘောင်သာယာ တိုးတက်ရေးအတွက် သမိုင်းဖြစ်စဉ် လူတို့အသွင်များ ဆင်ခြင်တုံတရားဖြင့် မျှဝေခြင်း၊ ကောင်းရာမွန်ရာ ဂုဏ်တော်ဘွဲ့ ချီးမွမ်းသည့် အစဉ်အလာမျိုး မြန်မာတို့တွင် မရှိ။

စာရေးသူကတော့ လူတဦး၏ နောက်ဆုံးခရီးတွင် သူဖြတ်သန်းခဲ့ဖူးသော သူ့သမိုင်း အကောင်းအဆိုး တန်ဖိုးထား မှတ်တမ်း တင်ခြင်းမှသည် နောက်လာနောင်သားတို့ ဆောင်ရန် ရှောင်ရန်အတွက် သုံးသပ်သွန်သင် ဆင်ခြင် အတုယူခြင်း ပြုကျင့်မှု မရှိသည့် မြန်မာ့ ဓလေ့ကို အားမရသလို ခံစားရသည်။ အမှန်တကယ်သာ အခြေအနေ ဆိုသည်ကို ဖန်တီးနိုင်ခွင့် ရှိမည်ဆိုလျှင် သေသူများ၏ ကြိုးစင်နံဘေးမှာ ဖြစ်ဖြစ် နိုင်ငံတော် ဈာပနမှာဖြစ်ဖြစ်…. သာမန် အလောင်းစင်လေး ပေါ်မှာပဲ ဖြစ်ဖြစ်…..ဘယ်နေရာမှာ မဆိုဖြစ်စေ။ အသက်မဲ့နေပြီ ဖြစ်သော ခန္ဓာကြွင်း အတ္တဘော သက်မဲ့ကိုကြည့်ပြီး၊ ကျန်ရစ်သူတို့ ငိုကြွေးပူဆွေး တမ်းတ မနေစေချင်။ အလောင်းနံဘေး အမျိုးအဆွေ မိတ်ဆွေ မိသားစုဝင်တို့ ငိုကြွေး မနေစေလို၊ သေသူသည် လူ့ဘဝ သက်တမ်းတလျှောက်မှာ အသက်ဘယ်လောက် ရှင်သန်ကြီးပြင်း နေထိုင်ခွင့် ရခိုက် ဘယ်လို နေထိုင်သွားခဲ့သည်။ လူ့ဘောင် လူ့လောက ကို ဘယ်လို ကောင်းကျိုးပြုသွားခဲ့ပြီး ဘယ်လို ဆိုးကျိုးကိုလည်း ဓွန်တွဲ ပြုသွားခဲ့သည်။ သူ့လိုမျိုး ဘယ်လို လူထု အကျိုးပြု လုပ်ရပ်မျိုးတွေကို ဒို့တတွေ အတုယူ လိုက်လုပ်သင့်ပြီး သူ့လိုမျိုး ဘယ်လုပ်ရပ်ကို ဒို့တတွေ ရှောင်ရှားနိုင်အောင် ၀ိုင်းဝန်း ကြိုးစားကြရမယ် စသည်ဖြင့် အောက်မေ့ကာ ဂုဏ်တော်ဘွဲ့ ချီးကျူးခြင်း ရှုတ်ချခြင်း သီကျူးခြင်းတို့ကို လုပ်စေချင်သည်။

စိတ်ကူးယဉ် ဆန်သည်ပဲ ပြောပြော ထိုသို့ပြုရက စာရေးသူသာ ဆိုလျှင် လိပ်ပြာသည် အလောင်းနံဘေး ရစ်ဝဲနေရင်း သေသူအကြောင်း ပြောနေသည့် လူတို့ သုံးသပ်ချက်များ မှန်မမှန် တန်ဖိုး ရှိမရှိ ကြည့်နေရလိမ့်ဦးမည် ဟုလည်း ထင်မိသည်။ သေသူတဦး နံဘေး အသုဘရှုခြင်း ဟူသည့် အခမ်းအနားကို လူ့သဘာဝ မမြဲခြင်းအပေါ် နားလည်မှုရှိစွာဖြင့် မျိုးဆက်သစ်တို့အတွက် အမျှော်မြင် ဆင်ခြင် အားကျ အတုယူဖွယ်တို့ တထိုင်တည်း သင်ပြပေးနိုင်ရာ ငြိမ်းချမ်းစွာ ကျင်းပသော သာသာယာယာ ဆိတ်ငြိမ်သည့် အခမ်းအနားမျိုးသာ ဖြစ်စေချင်သည်။ လူတဦး၏ မွန်မြတ်မှု တန်ဖိုးမဲ့မှု ယဉ်ကျေးခဲ့မှု ရိုင်းပြခဲ့မှုကို အရှိအတိုင်း သုံးသပ်ဖွင့်ဆို ချပြပြီး သတိသံဝေဂ ယူကြသည့် အသက်ရှင် ကျန်ခဲ့သူတို့ အတွက် ဘဝအမြင် အတွေးအရ ခံယူချက်အရ တန်ဖိုးကြီးသော သုံးသပ်ချက် အမြင်အတွေးတို့ ဆပွားဆင်ခြင်ရာ အသုဘ အခမ်းအနားမျိုးသာ ဖြစ်စေချင်သည်။

ထိုနေ့က ကြံုခဲ့ရသော အသုဘတခုတွင် သဂြိုဟ်မည့် လူငယ်လေးသည် အသက်မှ သုံးဆယ်မပြည့်သေး။ လူ့လောကမှ စွန့်ခွါသွားရရှာပြီ။ ကျန်ရစ်ခဲ့သော သူ့အမေ အဖေတို့ ရင်ထုမနာ သောကပူတွေ ဖိစီးနေသည်။ ခေတ်ကိုလည်း အပြစ်တင်ကြသည်။ ဆိုဆုံးမ ခက်သော ခေတ်လူငယ်တို့ စရိုက်ကြီးထွား ရင့်သန်ပုံကိုလည်း ညည်းတွားကြသည်။ ပေါများလှသော အရက်ဆိုင်တို့ကို အပြစ်ဆိုသည်။ မှောင်ခိုရောင်းချသော စိတ်ကြွဆေး မူးယစ်ဆေး ရောင်းဝယ် ဖေါက်ကားသူတွေကို စိတ်နာနေကြပြီ။ သက်ပြင်းမောကြီးတွေ ချသည်။ အံတွေ အကြိမ်ကြိမ် ကြိတ်သည်။ ငိုသည် ပြီးတော့ ရှိုက်သည်။ နောက်တော့ တွေဝေ ငေးမောနေသည်။ သူတို့၏ အမြူတေ ရတနာဖြစ်သည့် တဦးတည်းသော သားလေးသည် သူတို့ ရင်ခွင် အသိုက်အမြံုမှ ထာဝရ ခွဲခွါသွားလေပြီ။

သား ယောင်္ကျားလေး ဆိုသည် မြန်မာ့ လူနေမှု အသိုင်းအဝိုင်းတွင် အဖိုးတန်သည်။ သားရတနာဟုပင် ခေါ်သည်။ ယခု ထိုသားငယ်သည် လူလားမြောက်စ အရွယ်မှာပင် တမလွန်သို့ အချိန်မတိုင်မီ တင်ကြို မြန်းသွားရှာသည်။ သူ့ကို ဘယ်လို အကြောင်းအရာတွေက ငယ်နုသေးသော သူ့အား တမလွန်သို့ ခေါ်ဆောင်သွားသနည်း။ အဖြေမူကား ယနေ့ လူ့အသိုင်းအဝိုင်း အတွက် အကြီးမားဆုံး ရန်သူဖြစ်သည့် မူးယစ်ဆေးနှင့် အရက်သေစာ တို့ပင် ဖြစ်သည်။

နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တဦး ငယ်ငယ်ဖြင့် ကွယ်လွန်သော အခိုက် သူ့ဦးလေး တော်သူ ၀ါရင့် သရုပ်ဆောင်ကြီးက အဓိပ္ပါယ်ပါသော စာသားဖြင့် “ ငါ့သားကို ဘယ်သူ သတ်သွားသလဲ ? ” ဟု စာတိုလေး တစောင်ဖြင့် မေးခွန်းထုတ်ကာ ထိုမင်းသား ရုပ်ကလဒ် နောက်ဆုံးခရီးကို သံဝေဂပွား အလင်္ကာအဖြစ် ပေးပို့ဖူးသည်။ သူ ဆိုလိုသည်မှာ မူးယစ်ဆေး ဆိုသည့်အရာ လူသတ်သမားမှန်း လူတိုင်း သိကြသည်။ မြန်မာ့ လူနေမှု အသိုင်းအဝိုင်းတွင်း ဆိုးဝါးစွာ လှိုက်စားနေသည့် အဆိုပါ မူးယစ် ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများ လူငယ်ထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ဖေါက်ကား နေခြင်းသည် မြန်မာ့ လူငယ်ထု အနာဂတ်ကို ပြင်းထန်စွာ ခြိမ်းခြောက်လျှက်ရှိသည်။

လူငယ်တို့ ပျက်စီးနေသည်များကို ညနေအချိန် နေဝင်ရီတရောမှသည် သက်ကြီး ခေါင်းချချိန် မတိုင်မီ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်များ အကြား၊ မီးမှောင်မှောင် လမ်းမများတွင် လက်တွေ့ကွင်းဆင်း လေ့လာနိုင်ပေသည်။ သက်ဆိုင်သူတို့ အထူးသတိပြု အရေးယူရန် လိုအပ်နေသည်ဟု သုံးသပ်မိသည်။ ထို့ကြောင့် မိမိသဘော အလိုအရ ဆိုလျှင် ယခု မူးယစ်ဆေးဖြင့် သေဆုံးခဲ့သူ လူငယ် အလောင်းအနီးတွင် အသုဘ ရှုသူတို့ သတိသံဝေဂ ရဖွယ် အကျိုးအပြစ်များကို ဖတ်ကြား ဟောပြောမည် ဖြစ်ရမည်ဖြစ်လျှင် မူးယစ်ဆေး၏ သားကောင် ဘဝဖြင့် ဘဝပျက်ရသူ လူငယ်များ နောက်ထပ်ပေါ်ထွက် မလာစေရေး လူသား အားလုံး တာဝန်ရှိကြောင်း တလက်စထဲ ဆင်ခြင်နိုင်ကြမည်၊ လက်ကမ်း စာရွက်များ ဖြန့်ဝေမည် ဆိုလျှင် နောက်ထပ် အသီးသီးသော နှောင်းလူတို့ ဆင်ခြင်တုံတရား ပွားစေနိုင်မည်သာ မဟုတ်ပါလား။

ဤသည်မှာ မိမိ အလိုဆန္ဒ တခုပင်။ လူစုခြင်း ဟောပြောခြင်းကို အခွင့်မရှိသော ဘဝမို့ မလုပ်နိုင်ပါ ဟု ဖြေတွေးနေမည့်အစား လုပ်နိုင်သော အခြေအနေဆီသို့ ရောက်အောင် စာရေးသူတို့ ချည်းကပ်ဆောင်ကြဉ်း ကြရပေမည်။ မကြာခင် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော ယခု ဖြစ်စဉ်တွင် မိသားစု တစု၏ ဘဝသည် ပြိုကွဲ ပျက်စီးခဲ့ရပေပြီ။ သူတို့ကဲ့သို့ ပြိုလဲပျက်စီးနေသော မိသားစုဘဝတွေ မိမိတို့ နိုင်ငံတွင် ဘယ်လောက် များပြားနေခဲ့ပြီလဲ မသိနိုင်။ မြန်မာပြည်၏ ပစ္စက္ခ အခြေအနေကို ကျွန်ုပ်တို့ လက်ခံ ပြောရမည်ဆိုလျှင် လူငယ် လူရွယ်လေးများသည် ပန်းကလေးများနှင့် တူသည်ဟု ဆိုလျှင်၊ လေကြမ်းမြေကြမ်း တစိမ်းတရံစာ မြေတို့ဆီမှ ပေါက်ဖွား သယ်ဆောင်လာသော အဆိပ်မူးယစ်ဆေး များနှင့် ရာသီကာလ ဖေါက်ပြန်ကာ အအေးမိသွားသော ပန်းကလေးများသာ ဖြစ်ချေတော့မည် ဟုသာ ဆိုရမည်။ ဟုတ်သည် …. အမိနိုင်ငံတွင် အအေးမိတဲ့ ပန်းကလေးများစွာ ဘယ်မှာ…. မရှိစေ ချင်တော့ပြီ။

 

ညီတိုးငြိမ်း

စာရေးသူ၏ ဝန်ခံချက်။ ။ ယခု ဆောင်းပါးတွင် ဖေါ်ပြထားသော လက်ရေးပုံ ပန်းချီမှာ မူးယစ်ဆေး သုံးစွဲပြီး အသက်ပါသွားသည့် သူ၏သားငယ် အဖြစ်အား အမိဖြစ်သူ ကိုယ်တိုင် ရေးဆွဲထားသော ပုံဖြစ်သည်။ ပရိဒေဝ သောကမီး အလျှံညီး တောက်လောင်နေချိန် ရင်တွင်းအပူမီးဖြင့် တတ်စွမ်းသမျှသော အနုပညာ ပန်းချီရေးခြယ်ပြီး ကဗျာ ရေးစပ်ကာ အသုဘရှုလာသော သူအချို့အား သံဝေဂ ပွားနိုင်စေရန် ဝေခဲ့သော လက်ကမ်း စာရွက်ပုံလေး ဖြစ်သည်။ အကယ်ပင် သားပျောက်၍ ငိုနေချိန်၌ အမေအို ဆွဲထားသော ပန်းချီကားပါ ပုလင်း၊ ဖန်ခွက်နှင့် ဆေးလိပ်၊ WY ပုံပါ ဆေးပြား သဏ္ဍာန်တို့သည် သူ၏ သားငယ်ကို ဤလောကမှ ဆွဲထုတ်သွားသော တရားခံဖြစ်ကြောင်း လှစ်ဟ ဖေါ်ပြထားပြန်သည်။ ၁.၈.၀၉ စနေ့နေ့တွင် ဆုံးပါးသော သူ၏သားငယ်အား အသုဘ ပို့ပြီး အပြန်တွင် ရေးစပ်သည့် သားဆုံး မိခင်တယောက်၏ အပူဟပ်ကဗျာ ဖြစ်ရပ်မှန်လေးကို သုံးသပ်ဖတ်ရှုပြီး တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သည့် သားကောင်း ရတနာတို့ ရေတိမ် မနစ်ကြရအောင် မြန်မာပြည်သူ/သား အားလုံး ၀ိုင်းဝန်း ကြိုးပမ်းကြစေ ချင်သည် ………………………….။

 

မိခင်သောက

မိုက်မျိုးရယ်စုံ

ကမ်းကုန်အောင် ပြောမရ

ဩချ လို့နေခဲ့

မိုက်လှတဲ့ အမေ့သား

ပြုသမျှကံ ကိုယ်သာခံတော့

သံသရာ ဒီတကွေ့မှာဖြင့်

ပြန်ကာလေ

ဘယ်မတွေ့နိုင်ဘု

သွားနှင့်တော့ အမေ့သား

ငုတ်တုတ်ရယ်ထိုင်

ယိုင်လဲပြို အမေအိုကြီးမှာ

ငိုညည်းတာ ဘယ်မဆုံးနိုင်ဘူး

သောက တွေဖုံး။

LEAVE A REPLY

Please enter your comment!
Please enter your name here