မြန်မာ အိမ်အကူအား မညှာမတာ ဆက်ဆံခဲ့သူ စင်္ကာပူအိမ်ရှင် တရားစွဲခံရ

alt

စက်တင်ဘာလ (၁၆)ရက် နေ့က မြန်မာအမျိုးသမီး အိမ်အကူ တဦးကို မညှာမတာ ဆက်ဆံခဲ့သည့် စင်္ကာပူမှ အိမ်ရှင်မ တဦးအား တရားစွဲဆို ထားကြောင်း သိရှိရသည်။

ပက်ချွန်ကင် အမည်ရှိ အသက်(၄၀) အရွယ် အမျိုးသမီးသည် သူမ၏ နေအိမ်မှ အသက် (၂၄)နှစ်ရှိ အိမ်အကူ အမျိုးသမီး မမိုးသန္တာလင်း အား ကိုယ်ထိလက်ရောက် နှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး မျက်နှာ နှင့် လည်ပင်း တို့ကို လက်သီးဖြင့် ထိုးခြင်း၊ ကန်ကျောက်ခြင်း တို့အပြင် အခြားသော ရက်စက်သည့် အပြုအမူများဖြင့် ညှဉ်းပမ်းခဲ့ကြောင်း စင်္ကာပူမှ လာသော သတင်းများတွင်  ဖေါ်ပြထားကြောင်း သိရှိရသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းက ပက်သည် မမိုးသန္တာလင်း၏ မျက်နှာနှင့် ဆံပင်တို့ကို ဆားဖြင့် ပက်ခဲ့ပြီး ဖေဖော်ဝါရီလ တွင်မူ ဟင်းသီးဟင်းရွက် များဖြင့် ပစ်ပေါက်ခဲ့သေးကြောင်း၊ နောက်ထပ် ရက်အနည်းငယ် အကြာတွင်လည်း ထို အိမ်အကူ မြန်မာအမျိုးသမီးအား အကြောင်းပြချက် မရှိဘဲ ရေနှင့် ပက်ခဲ့သေးသည်။

ပက်၏ အပြုအမူများသည် အိမ်အကူဖြစ်သည့် မမိုးသန္တာလင်း အတွက် စိတ်ရောကိုယ်ပါ အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် ယခုလို တရားစွဲဆို ထားခြင်းဟု တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းများက ဆိုသည်။ ပက်သည် ပြစ်မှု ထင်ရှားကြောင်း ရုံးတော်မှ တွေ့ရှိရပါ ထောင်ဒဏ်(၃)နှစ် အထိ ကျခံရမည် ဖြစ်သလို သူမ ပြုလုပ်ခဲ့သည့် ကြမ်းကြုတ်မှု တခုချင်းစီ အတွက် ဒေါ်လာ(၇၅၀၀)စီ အထိ လျော်ကြေးပေးဆောင် ရဖွယ် ရှိနေသည်။

ပက်၏ အမှုအား နောက်ထပ်တကြိမ် ကြားနာမှုကို အောက်တိုဘာလ (၁၄)ရက် နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here