၉/၁၁ အထိမ်းအမှတ် အာဖဂန်ရောက် အမေရိကန်စစ်သည်များ စုပေါင်းကျင်းပ

alt

လွန်ခဲ့သော (၈)နှစ်က ဖြစ်ပွားခဲ့သည့် စက်တင်ဘာ အကြမ်းဖက် တိုက်ခိုက် မှုကြီး အတွက် အောက်မေ့ သတိရဖွယ် အခမ်းအနားကို အာဖဂန်နစ္စတန် နိုင်ငံ ရှိ အမေရိကန် စစ်သည်များ စုရုံး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြို့တော် ကဘူးနှင့် (၅)မိုင်ခွဲမျှ အဝေးတွင်ရှိသည့် အဓိက အမေရိကန် အခြေစိုက် စစ်စခန်းကြီးတွင် စစ်သည် (၁၀၀၀)ကျော်တို့ စုရုံးကာ ထိုဖြစ်ရပ် ကြီးအတွက် တရားမျှတမှုကို ပြန်လည် ရယူရန် အာဖဂန်သို့ ၀င်ရောက် တိုက်ခိုက်ရင်း ကျဆုံးခဲ့ရှာသူ အမေရိကန် စစ်သည် များအားလည်း ရည်စူး ဂုဏ်ပြုခဲ့သည်။

အမေရိကန် ခရီးသည်တင် လေယာဉ်ကြီး နှစ်စင်းအား အပိုင်စီးကာ WTC အမြွှာ မျှော်စင်ကြီး နှစ်ခုအား ၀င်တိုက်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်ကြီးကြောင့် အမေရိကန် ပြည်သူများ ထောင်နှင့်ချီပြီး အသက် ဆုံးရှုံးခဲ့ရပြီးနောက် အမေရိကန်နှင့် မဟာမိတ် တပ်များသည် ထိုလုပ်ရပ်အား ကြိုးကိုင်ခဲ့သူ တာလီဘန် အကြမ်းဖက် ခေါင်းဆောင် အိုစမာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန် အာဖဂန်နိုင်ငံအား (၂၀၀၁)ခုနှစ်၊ အောက်တိုဘာလက ၀င်ရောက် တိုက်ခိုက်ခဲ့ကြသည်။

သို့သော်လည်း ဘင်လာဒင်အား မဖမ်းဆီး နိုင်သေးသလို (၈)နှစ်လုံးလုံး ကြာမြင့်သည့်တိုင် ယခု နှစ်ပါတ်လည်နေ့ကို ရောက်ရှိလာတိုင်း အမေရိကန် ပြည်သူတို့၏ စိတ်နှလုံး ညှိုးလျ ကြေကွဲမှုကိုလည်း မကုစား နိုင်သေးပေ။ အာဖဂန်ရောက် အမေရိကန် ကြည်းတပ်မှ ဗိုလ်ကြီး ဂျရမီမတ်ဟုဂျ်က အာဖဂန် အစိုးရသစ် တစထက်တစ အခြေခိုင်လာမှုသည် ဘင်လာဒင်အား လက်ရ ဖမ်းဆီးနိုင်ရေး အတွက် မျှော်လင့်ချက်များ ပိုမို ရှင်သန်လာစေကြောင်း နှစ်ပတ်လည် အခမ်းအနားတွင် သုံးသပ်ပြောကြားခဲ့သည်။

မက်ဆာချူးဆက်မှ လာရောက် စစ်မှုထမ်းသူ ဗိုလ်ကြီးတဦးက မိမိတို့သည် အာဖဂန်ကို တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ 9/11 အကြမ်းဖက် မှုကြီးအား ကျူးလွန်ခဲ့သည့် ရာဇဝတ်သားများကို ရှာဖွေ ချေမှုန်းနေခြင်းသာ ဖြစ်ကြောင်း အခမ်းအနား မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here