အင်တာနက် လူမှုရေး စာမျက်နှာများ၏ နည်းပညာ တော်လှန်ရေး

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ယခုအခါ မြန်မာပြည်မှ အင်တာနက် သုံးစွဲသူ အတော်များများနှင့် Blogger တော်တော် များများသည် Facebook သို့ရောက်ရှိ သုံးစွဲ

နေကြသည်ကို တွေ့မြင် ရနေသည်။ သို့သော် Facebook အား Social Network တခု အနေဖြင့်သာ အသိအမြင် များနေကြပြီး၊ သူ၏ လုပ်ဆောင် စွမ်းဆောင် နိုင်ခဲ့ပုံများကို အများစု မသိရှိကြသေးဟု ထင်မြင်မိသည်။ သို့ပါ၍ ဆောင်းပါး ဖြစ်သော “A Tool Of Revolution” ကို ဖတ်ရှု့ နိုင်ကြပါရန် ဖော်ပြအပ်ပေသည်။

ဧပြီလ ၆ရက် နေ့တွင် အီဂျစ်ပြည် အယ်လ်မဟာ လီရာ၌ လူထောင်ပေါင်း များစွာသည် စားသောက်ကုန် ဈေးနှုန်း တဟုန်ထိုးမြင့်တက် လာမှုအပေါ် သပိတ်မှောက်နေကြသည့် ချည်ထည် အလုပ်သမား များနှင့် စည်းလုံးညီညွတ်မှု ရှိသည်ကို ပြသည့်အနေဖြင့် ဆန္ဒပြရန် လမ်းပေါ်သို့ ထွက်လာခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ပါ၀င်သူ အများအတွက် ၁၉၇၇ ပေါင်မုန့် လူထုဆန္ဒပြပွဲ၏ အငွေ့အသက်များ ပြန်ပြောင်း အောင်မေ့ဖွယ် ဖြစ်စေခဲ့သည်။ သို့ရာတွင် အတိတ်သို့ မမျှော်လင့်ဘဲ ပြန်လည်ရောက်ရှိအောင် စွမ်းဆောင် ပေးခဲ့သည့် အရာမှာ အဆိုပါ ဆန္ဒပြမှုအတွက် ရည်ရွယ်သည့် Facebook ၏ အုပ်စုတွင် အဖွဲ့ဝင် အရေအတွက် ရ၅,၀၀၀ ကျော်သွားခဲ့သည်။ ဤဖြစ်ရပ်သည် လှုပ်ရှား ပြောင်းလဲရေး ၀ါဒီများအား မေလ(၄)ရက် နေ့တွင် မူဘာရက်၏ နှစ် ၉၀ ပြည့် မွေးနေ့ပွဲနှင့် တိုက်ဆိုင်ပြီး ဆန္ဒပြပွဲတခု ထပ်မံ ပြုလုပ်ရန်အတွက် Facebook တွင် အင်တာနက် အသုံးပြုသူအုပ်စု User Group တစ်ခု ထပ်မံ တိုးချဲ့ဆောင်ရွက်ရန် အားပေးအားမြှောက် ဖြစ်စေခဲ့သည်။

ထောင်ပေါင်း များစွာသော ကြည့်ရှု့သူများ အဆိုပါ Facebook အင်တာနက် စာမျက်နှာသို့ လာရောက် ကြည့်ရှု့ခြင်းနှင့် အတူ လှုပ်ရှား ပြောင်းလဲရေးဝါဒီများ အနေဖြင့် နောက်ထပ် ကသောင်းကနင်းကြီး တခု အောင်မြင်စွာ ထပ်မံ ဖြစ်ပေါ်လာတော့မည်ဟု မျှော်လင့် နေခဲ့ကြသည်။ သို့ရာတွင် မေလ ၄ရက်နေ့ ရောက်သည့်အခါ ကိုင်ရိုမြို့၏ လမ်းများသည် ပုံမှန် ငြိမ်သက်နေခဲ့သည်။

အဘယ်ကြောင့်နည်း။ ဘာတွေဖြစ်ခဲ့သနည်း။ Facebook အနေဖြင့် စည်းရုံး လှုံ့ဆော်သူများ အတွက် တော်လှန်ရေး လက်နက်တခုဖြစ်ရန် ဆိုပြီး ကမ္ဘာတဝှမ်းရှိ အစိုးရ ဆန့်ကျင်သူများ၏ ကွန်ရက်ကြီး သဖွယ် ဆောင်ရွက်ပြီး ၎င်းတို့အား ရက်စက်သည့် အစိုးရများကို ဆန့်ကျင်ရာတွင် ပူးပေါင်း ဆောင်ရွက်ရန် အတွက် အထောက်အကူပေးသည့် စွမ်းပကားကြီးမားသည့် နည်းလမ်းအဖြစ် ရပ်တည်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ အီဂျစ်တွင်မူ အစိုးရဆန့်ကျင်ရန် လှုံ့ဆော်သူ များမှာ မျှော်လင့်ချက်များ မပြည့်ဝ သဖြင့် စိတ်ပျက်နေကြသူများ ဖြစ်သည်။ ကိုင်ရိုမြို့ရှိ လူ့အခွင့် အရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တဦး၏ ပြောကြားချက်အရ “Facebook အပေါ်ရှိ လှုံ့ဆော် သူများ မအောင်မြင်ခြင်းသည် အင်တာနက်ပေါ်ရှိ လူမှုဆက်ဆံရေး စာမျက်နှာများအား ပြင်ပတွင် အမှန်တကယ် ဆန္ဒပြသူများ ဖြစ်ပေါ်လာရန် အတွက် အသုံးပြုရာတွင် ကန့်သတ်မှုများ ရှိနေခြင်းကို ပြသလိုက်ခြင်း ဖြစ်သည်”ဟု ပြောကြားခဲ့သည်။

ဤကဲ့သို့ စိတ်ပျက်စရာ ရလဒ်များမှာ နည်းပညာ အသစ်များအတွက် ဖြစ်နေကျ သဘာဝသာ ဖြစ်ပါသည်။ နည်းပညာ အသစ်များမှာ ကမ္ဘာကြီးကို ပြောင်းလဲပေးသကဲ့သို့ ရှိသလို အချို့ ကိစ္စများတွင် ယခင် အခြေအနေများ ကဲ့သို့ပင် ချန်လှပ် ထားလေ့ရှိသည်။ အီဂျစ် လှုပ်ရှားသူများ သင်ခန်းစာ ရရှိလိုက်သည့် အချက်များမှာ လူမှုရေး စာမျက်နှာများအနေဖြင့် online ရှိနေသည်နှင့် ပြင်ပကမ္ဘာ (real world) တွင် အမှန်တကယ် လှုပ်ရှားမှုများ ဖြစ်ပေါ် လာလိမ့်မည်ဟု မျှော်လင့် မထားနိုင်ခြင်းပင် ဖြစ်သည်။ Facebook အနေဖြင့် အခွင့်အရေးများ ဖန်တီးပေးနိုင်သည်မှာ မှန်သည်။ ဥပမာ- ယင်း အင်တာနက် စာမျက်နှာမှ မိမိတို့ ဘဝအတွက် ရွှေလက်မှတ်ကို ကိုယ်တိုင် ရေးသားနိုင်သည့် အခွင့်အရေး ရရှိနိုင်မည် ဖြစ်သော်လည်း၊ ထိုသို့ အင်တာနက် စာမျက်နှာပေါ်တွင် ရေးသား ထားသည့် လက်မှတ်နှင့် အမှန်တကယ် လက်မှတ် မတူညီနိုင်ပါ။ Facebook ဘာတွေ ဆောင်ရွက် ပေးနိုင်သနည်း၊ Facebook မလုပ်ပေးနိုင်သည်မှာ မည်သည်တို့နည်း။

သင်လိုချင်သည့် အရာမှာ မိမိတို့၏ ရည်ရွယ်ချက်၊ ခံယူချက်များ အတွက် အဆပေါင်းများစွာ တိုးတက်မှုဖြစ်လိုလျှင် Facebook နှင့် နှိုင်းယှဉ်၍ သာလောက်သည့် ပိုမိုကောင်းမွန်သော အရာမရှိပါ။ အဘယ်ကြောင့် ဆိုသော် အဆိုပါ ကွန်ယက်အား အတွေးအခေါ်၊ အယူအဆများ လျှင်မြန်စွာ ပြန့်ပွား နိုင်ရန်နှင့် သာမန်လူတဦးမှ မကြံဆနိုင်လောက်အောင် မြန်မြန်နှင့် ဝေးဝေး စိမ့်ဝင်နိုင်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ Facebook အား တိုးပွားလာသည့် ရေထုကြီးတခုအဖြစ် တင်စားမည် ဆိုပါက အဆိုပါ ရေထုကြီးအား တွန်းအားများ တိုးပွားဖြစ်ပေါ်လာစေရန် အတွက်မူ အခြေခံ အဆောက်အုံ ကောင်းများဖြစ်သော ကောင်းစွာ စီမံဆောက်လုပ်ထားသည့် ရေသွယ်မြောင်းများ ဆောက်လုပ်ပြီး ရေစီးအား ပို၍ ကောင်းမွန်လာစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နှိပ်ကွပ််ခံခဲ့ရသည့့် ဘုန်းတော်ကြီးများအား ထောက်ခံ အားပေးခဲ့သည့် အဲလက်(စ်)ဘွတ်(ခ်)ဘိုင်ဒါ (Alex Book Binder)၏ အုပ်စုသည် အဖွဲ့ဝင် အင်အား ၃၀၀,၀၀၀ အထိ တိုးပွား လာခဲ့သော်လည်း အဆိုပါ အဖွဲ့အနေဖြင့် ထိုသို့ Online မှ လှုံ့ဆော်သည့် နည်းလမ်းအပြင် အခြားသော နည်းစနစ်များကိုပါ ၎င်းတို့၏ ရည်ရွယ်ချက် အထမြောက်စေရန် အသုံးပြုခဲ့ကြသည်။ သမားရိုးကျ ထောက်ခံ အားပေးနေသည့် အဖွဲ့များ ဖြစ်သော Amnesty International (အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့) ၊ Burma Campaign UK စသည်တို့နှင့် လက်တွဲကာ လန်ဒန်၊ ပဲရစ်၊ မဲလ်ဘန်း၊ ဆိုးလ်၊ တိုင်ပေ၊ ဗီယက်နာ နှင့် ၀ါရှင်တန် စသည့် မြို့ကြီးများ အပါအဝင် ကမ္ဘာတဝှမ်းရှိ မြို့များ၏ လမ်းများပေါ်သို့ လူထောင်ပေါင်းများစွာ ထွက်ပြီး ချီတက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

Burma Campaign UK အားစီစဉ် ညွှန်ကြားသူ ဟက်ဖါမေနားမှ ပြောကြားရာတွင် “Facebook ၏ ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံရှိ နှိပ်ကွပ်ခံ ဘုန်းတော်ကြီးများ အရေးသည် တကမ္ဘာလုံး အသိ ဖြစ်ခဲ့ရကြောင်း၊ ၎င်းတို့အနေဖြင့် မိမိတို့ Burma Campaign မှ မဆောင်ရွက်နိုင်သည် များကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း” ပြောကြား သွားခဲ့သည်။ Facebook အား သတင်း အချက်အလက် ဖလှယ်ခြင်းဟူသည့် အချက်ကို ဗဟိုထားပြီး တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ Facebook တည်ထောင်သူ နှင့် CEO ဖြစ်သူ မတ်(ခ်) ဇူကာဘတ်(ဂ်) (Mark Zuckerberg) ၏ အဆိုအရမူ “ဆက်ဆံရေး” အပေါ် တည်ထောင်ထားခြင်း ဖြစ်သည်။ ရရှိပြီးသား ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရာတွင် Facebook အသုံးဝင်မှု ၏ တန်ဖိုး မဖြတ်နိုင်ပါ။ ကနေဒါ နိုင်ငံမှ အသေးဆုံး ရင်းနှီးမြှပ်နှံသူတို့ လိုချင်သည်မှာလည်း အဆိုပါ ၀န်ဆောင်မှုမျိုး ဖြစ်သည်။

“Facebook” အပေါ်မှ အဘွားအိုများ (Grannies on Facebook)ဟု လူသိများသည့် “Canaccord and Other ABCP Clients” တို့သည် ၎င်းတို့၏ ပွဲစားမှ ရင်းနှီး မြှပ်နှံမှုများအား ပစ္စည်းပေါ် အခြေခံသည့် စီးပွားရေးအပေါ် မြှပ်နှံလိုက်ခြင်းဖြင့် မိမိတို့၏ တဘဝစာ စုဆောင်းငွေများ ဆုံးရှုံးခဲ့ရသည်။ Facebook အုပ်စုမှ ၎င်းတို့၏ နစ်နာမှုများကို မျှဝေ ခံစားပေးပြီး သဘာဝကျသည့် အကြံပေး ငြင်းခုံမှုများ ပြုလုပ်ခဲ့သည်။ ဧပြီလတွင် “ဒေါသပုန်ထနေသည့် အဖွားအို ၃၀၀” တို့သည် ဗင်ကူးဗားတွင် ပြုလုပ်နေသည့် ဘဏ္ဍာရေးပြန်လည် ပြင်ဆင် ရေးသားသည့် အစည်းအဝေးသို့ အတင်း ၀င်ရောက်ခဲ့သည်။ Facebook ပေါ်ရှိ ၎င်းတို့အုပ်စုကို ဖန်တီးခဲ့သူ Brian Hunter ၏ ပြောဆိုမှုအရ “ကျွန်တော်တို့၏ ယှဉ်ပြိုင်ဘက် တို့သည် မိမိတို့၏ ခေါင်းများအား ဖြုတ်ပြီး မိမိတို့၏ လက်ထဲသို့ ထိုးထည့်ခြင်း ခံခဲ့ရသည်”။ ရလဒ်အဖြစ် Canaccord နှင့် အခြားသော အဖွဲ့အစည်းများမှ အဖွားအိုများ အုပ်စု၏ ဆုံးရှုံးမှုများအား အပြည့်အဝ ပြန်လည် လျော်ကြေးပေးရန် ကတိပြုခဲ့ရသည်။

Facebook ၏ ဗျူဟာမြောက်သည့် ထူးချွန်မှုတခုမှာ cyber ကမ္ဘာနှင့် ပြင်ပကမ္ဘာအစစ် တို့ကို ပေါင်းစပ်ထားခြင်းပင် ဖြစ်သည်။ Facebook ၏ တော်လှန်ရေး အောင်မြင်ရခြင်းသည် Cyberworld (Social Network)နှင့် ကမ္ဘာအစစ်တို့ကြား ဆက်စပ် ပေးနိုင်ခြင်းကြောင့် မဟုတ်ပါ။ Facebook သည် ဆိုက်ဘာ ကမ္ဘာမဟုတ်ဘဲ ကမ္ဘာအစစ်အား ဆိုက်ဘာ ကွန်ရက်ပေါ်သို့ တိုးချဲ့ကာ တည်ထောင်လာခြင်းပင် ဖြစ်သည်။ ဇူကာဘတ်(ဂ်) (Zuckerberg) ၏ အဆိုအရ Facebook သည် လူသားများ သတင်း အချက်အလက်ကို ကမ္ဘာအစစ်တွင် ဖလှယ်ကြ သကဲ့သို့ ဆိုက်ဘာ ကွန်ရက်တွင်လည်း ဆောင်ရွက်နိုင်ရန် ကူညီပေးခြင်း ဖြစ်ပါသည်။ Facebook ပေါ်တွင် အဆိုပါ ဆက်နွယ်မှုမှာ ပို၍ ထိရောက်ပြီး တန်ဖိုး မြင့်မားသည့် ရလာဒ်များ ရရှိစေနိုင်ခဲ့သည်။ Facebook ၏ အုပ်စုများမှာ လူသားစင်စစ်များ ဖြစ်ကြသော်လည်း ဆက်သွယ်မှုများကို ဆိုက်ဘာ ကွန်ရက်ပေါ်တွင် ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဆက်သွယ် ဆောင်ရွက်မှုများကို လျှပ်တပြက် လျှင်မြန်မှု ရှိသကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ နယ်ခြား စည်းမျဉ်းမရှိ ဖြစ်လာရသည်။

အကယ်၍ အင်တာနက်၏ အခြေခံ အစိတ်အပိုင်းကို ဘိုက်(Byte) သို့မဟုတ် အက္ခရာ (Character) ဟု သတ်မှတ်မည် ဆိုလျှင် Facebook ၏ အခြေခံ အစိတ်အပိုင်းမှာ လူသားတဦးစီ (Individual) ပင် ဖြစ်သည်။ အဆိုပါ လူသားများသည် အင်အားရှိသော၊ ထိုးထွင်း တီထွင်ဉာဏ်ရှိသော၊ တက်ကြွစွာ ဖန်တီး ယူတတ်သော သူများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း အဆိုပါ အစိတ်အပို်င်း များသည်ပင်လျှင် လွန်စွာမှ တန်ဖိုး မြင့်မားသည်။ အဆိုပါ တန်ဖိုးဖြင့်ပင် Facebook အနေဖြင့် ဆက်သွယ်ဆောင်ရွက်မှု အားလုံးတွင် အဖိုးအနဂ္ဂဖြင့် ဖလှယ်နိုင်ပါသည်။ Facebook သည် သတင်းပေးပို့သူ (messenger) ဖြစ်နိုင်သော်လည်း သတင်းကို ရေးသားသူမှာ လူသားများပင် ဖြစ်သည်။ အမှန်တကယ်အားဖြင့် ပရိုဂရမ်တခုအား ရေးသားပြီး Facebook အပေါ်တွင် စိတ်တူကိုယ်တူ ရှိသူများနှင့် စိတ်ထား မတိုက်ဆိုင်သူများ သန်းပေါင်း များစွာတို့မှ တပြိုင်နက် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးနိုင်ပါသည်။

အီဂျစ်နိုင်ငံမှ တာဝန်ရှိသူများ အနေဖြင့် Facebook ၏ စည်းရုံး ဖွဲ့စည်းနိုင်မှု စွမ်းအားကို နားလည် သဘောပေါက်ပုံ ရပါသည်။ ထို့ကြောင့်ပင် အောင်မြင်မှုမရှိခဲ့သည့် ဆန္ဒပြမှုကို Facebook ပေါ်မှ စီစဉ်ခဲ့သူ အသက် ၂၇နှစ်အရွယ် Ahmed Maher Ibrahim အား ထောင်၌ ၁၂နာရီကြာ ဖမ်းဆီးကာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ Ahmed Maher Ibrahim ထံမှ တာဝန်ရှိသူများသည်ှ Facebook ၏ password အား ပေးအပ်ရန် တောင်းဆိုခဲ့သည်။

တာဝန်ရှိသူများမှ Facebook အကြောင်း မည်၍မည်မျှ နားလည်ပြီး လှုံ့ဆော်ရေး သမားများမှ လက်နက်အဖြစ် အသုံးပြုနေမှုအား အမြစ်ဖြတ် ဖယ်ရှားနိုင်ပြီလော ဟူသည်ကား ဖြေရန်တော့ ခက်ခဲ နေဦးမည်သာ

လင်းဦး (စိတ်ပညာ)

LEAVE A REPLY

Please enter your comment!
Please enter your name here