ဝေဝေဝါးဝါး အလုပ်သမား

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

မြန်မာနိုင်ငံသည် သဘာဝ သံယံဇာတများ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည့်အပြင် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ၊ ရေလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရေခံ၊မြေခံ ကောင်းသည့်နိုင်ငံ ဖြစ်သည်ဟုဆိုလျှင် မည်သူမှငြင်းဖွယ် ဆိုမည် မဟုတ်ပေ။

ထိုသို့ သဘာဝ အရင်းအမြစ် ပေါများသော နိုင်ငံမှ ပြည်သူအများစုသည် မိမိတို့၏ ဇာတိနိုင်ငံတွင်းမှ တဖွဲဖွဲ ထွက်ခွါနေကြသည်။

အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ သန်းနှင့်ချီ ရှိနေပြီး အောက်ခြေသိမ်း အလုပ်ကြမ်းများ လုပ်ကိုင်၍ နေထိုင်ကြရသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့သည့် အချိန်မှစ၍ နောက်ဆုံး အမိမြေသို့ ပြန်ချိန်အထိ အခက်အခဲ အမျိုးမျိုးနှင့် နိစ္စဓူဝ ရင်ဆိုင်တွေ့ကြံု နေရသည်။ အထူးသဖြင့် ဆင်ကန်း တောတိုးသလို လူခံ ရင်းနှီးသူ မရှိပဲ ပွဲစား၏ အပြော ကောင်းမှုကြောင့် ထိုင်းနိုင်ငံထဲကို ဝင်လာလျှင် တဖက်နိုင်ငံတွင် အန္တရာယ် အမျိုးမျိုးကလည်း လက်ကမ်း ကြိုဆိုနေသည်နှယ် လူသား အချင်းချင်း ကျွန်အဖြစ်သို့ ရောင်းစားခံရဖို့ အခြေအနေ အလွန် နီးစပ်သွားပြီလည်း ဖြစ်ချေသည်။

ထိုင်းနိုင်ငံထဲသို့ ဝင်ေရောက် အလုပ် လုပ်ကိုင်ကြခြင်းသည် ကာလံဒေသံကို လိုက်၍ ပုံစံကွဲ ပြားသွားသည်။ လွန်ခဲ့သည့် ၁၉၉၅-၁၉၉၉ ခုနှစ် တဝိုက်တွင် မြန်မာပြည်တွင်း၌ ပွဲစားများက အိမ်တိုင်ယာ ရောက်လိုက်လံပြီး စည်းရုံး ခေါ်ဆောင်ခဲ့ကြသည်။ ကုန်ကျစားရိတ် အဝဝကို ပွဲစားများကပင် အကုန်ကျခံပြီး အလုပ်သမားများက လစာငွေထဲမှ ဖဲ့ဆပ်ရန်ဖြစ်သည်။ ရွှေ၂ကျပ်ခွဲသား နှင့် ညီမျှသော ထိုင်းဘတ်ငွေကို ပွဲစားအား ဝန်ဆောင်မှု အဖြစ်ပြန်လည် အလုပ်လုပ်၍ အကြွေးပေးဆပ် ကြရသည်။ ဤစနစ်ဖြင့် မွန်၊ ကရင်ပြည်နယ် များနှင့် တနင်္သာရီတိုင်း တို့မှ လူများစွာတို့သည် ထိုင်းနိုင်ငံ အတွင်းသို့ အစုလိုက် အပြံုလိုက် ဆူနာမီ လှိုင်းလုံးကြီးများနှယ် ချက်ခြင်း လက်ငင်း ထိုင်းနိုင်ငံတွင်းသို့ ရောက်ရှိ လာခဲ့ကြသည်။ ထိုသို့ လာရောက်၍ အလုပ်လုပ်ကိုင် ကြရင်း လူရည်လည် လာသည့်အချိန်တွင် အကြွေးစနစ်ဖြင် မလာကြပဲ လက်ငင်း စနစ်ဖြင့်သာ လာကြတော့သည်။

ထိုင်း နိုင်ငံအတွင်းသို့ ဝင်ရောက်သည့် လမ်းကြောင်း များစွာရှိသည့် အနက် အဓိက ဝင်ထွက်သည့် လမ်းကြောင်းမှာ မြဝတီ-မဲဆောက် လမ်းဖြစ်သည်။ ဈေးနှုန်းလည်း ကြီးပြီး အန္တရာယ်လည်း အများဆုံး ဖြစ်သည်။ ထိုရပ်ဝန်း၌လည်း ရိုးရိုးနှင့်ရှယ် ပုံစံ နှစ်မျိုးရှိသည်။ ရိုးရိုးဆိုသည်မှာ စစ်ဆေးရေး ဂိတ်များကို ကျော်ဖြတ်နိုင်ရန် တောထဲ တောင်ထဲဖြတ်ပြီး ကွေ့ပတ် လမ်းလျှောက်ရသည်။ ရှယ်ဆိုလျှင် လမ်းလျှောက်စရာ မလိုပဲ ကားစီးသွားရုံပင်။ လမ်းတွင် ဖြစ်ပျက်သမျှ ပေးကမ်း ချိတ်ဆက်ထားမှုတို့ ကို ပွဲစားက တာဝန် ယူထားရသည်။ လမ်းလျှောက်သည်ဟု ဆိုရာတွင် သက်သက်သာသာ လမ်းလျှောက်ရခြင်းမျိုး မဟုတ်ပဲ ရှေ့ဆုံးက လမ်းပြတဦးနှင့် နောက်က အထိန်းတဦးတို့က လိုက်ပါပို့ဆောင်၍ မရပ်မနား တောတိုး တောင်တက် သွားရခြင်း ဖြစ်သလို မျက်စေ့ကလည်း ကျီးကန်းတောင်းမှောက်၊ နားကလည်း စွင့်ရသေးသည်။ လမ်းပြက လမ်းကျွမ်းကျင်လျှင် နှစ်ရက်မှ သုံးရက်ခန့်သာ ကြာတတ်သော် လည်း လမ်းပြကိုယ်တိုင်က လမ်းပျောက်နေလျှင် ရရက် တပါတ်မှ ၁၅ရက် ခန့်အထိ တောထဲတွင် ကြာမြင့်နေတတ်သည်။ စားစာရာလည်း နတ္ထိ၊ သောက်စရာ ရေလည်းမရှိပဲ တောထဲတွင် ပင်ပန်းဆင်းရဲစွာ ဒုက္ခခံရ ပေဦးမည်။

ခြင်၊ မှက် ပိုးမွှား ကိုက်ခဲဲခြင်း ဒဏ်အပြင် ထိုပိုးမွှားတို့မှ တဆင့် ငှက်ဖျားကဲ့သို့ ကူးစက်ရောဂါ များ၏ အန္တရာယ်ကလည်း ကျရောက်နိုင်သေးသည်။ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ လှည့်ကင်းထွက်ခြင်း ကိုလည်း တွေ့ကြံုနိုင်သည်။ တောထဲတွင် ဥပဒေမရှိသည့် အတွက် ၎င်းတို့ထင်သလို ပြုလုပ်ခြင်းကို ရွေးချယ်ခွင့် မရှိ ခံရမည်ပင် ဖြစ်သည်။ ထိုသို့လမ်းလျှောက်ပြီး စစ်ဆေးရေး ဂိတ်များကို ကျော်ဖြတ်ခဲ့ပြီးလျှင် အသင့်စောင့်နေသော ကားကို စီးရမည်ဖြစ်သည်။ ကားစီးရသည် ဆိုရာတွင်လည်း သက်တောင့်သက်သာ စီးရခြင်းမျိုး မဟုတ်ပဲ ဟန်ပြပစ္စည်းတင် ထားသောကားထဲတွင် ယောကျား မိန်းမ ကြပ်ညှပ် ပြွတ်သိပ်ပြီး လိုက်ပါစီးရခြင်း ဖြစ်သည်။ ဆိုခဲ့ပြီးသောခရီး တလျှောက်တွင် တချို့များဆိုလျှင် တောထဲတောင်ထဲ ဖြတ်သန်းနေစဉ် အမောဆို့ အားနည်းပြီး သေဆုံးခြင်း၊ တချို့မှာလည်း ကားစီးနေစဉ်တွင် အသက်ရှူကြပ်၍ သေဆုံးခြင်း ဖြစ်ခဲ့ကြ ရသည် အဖြစ်ပေါင်းများစွာ ဒုနှင့်ဒေး။

ထိုအခက်အခဲ မျိုးစုံကို ကျော်ဖြတ်ပြီး သွားလိုရာ ခရီးဆုံးသို့ ရောက်ရှိပြီ ဆိုလျှင်လည်း စိတ်ချ ရသေးသည် မဟုတ်၊ တချို့သော ပွဲစားများသည် ယောကျ်ားလေးများကို ငါးဖမ်းလှေထဲတွင် လည်းကောင်း၊ မိန်းကလေးများကို ဖျော်ဖြေရေးရုံ များတွင်လည်းကောင်း ရောင်းချထားခြင်း မျိုးကလည်း ကြံုနိုင်သေးသည်။ ငါးဖမ်းလှေ ဆိုသည်မှာ ထိုင်းကမ်းရိုးတန်းတွင် ဆွဲနေသော လှေများထက် အင်ဒိုနီးရှားသို့ သွားဆွဲသော လှေများ ဘင်္ဂလားပင်လယ်၊ တောင်တရုတ်ပင်လယ်ထဲတွင် ငါးခိုးဖမ်းသော လှေသို့ ရောင်းစားခံရပါက ထောင်ကျသကဲ့သို့ ပင်လယ် ထဲတွင် ၃နှစ်ခန့် အနည်းဆုံး နေထိုင်လုပ်ကိုင် ရပေတော့မည်။ လစာကိုလည်း ပွဲစားကထုတ် ယူနေသဖြင့် ကမ်းပြန်ရောက်လျှင် ထိုသူအတွက် တပြားတချပ်မှ ကျန်မည်မဟုတ်ပေ။ လိုက်လံတောင်းရမ်းဖို့ ကလည်း ပွဲစား ဘယ်မှာနေသည်ကို မသိရ၊ သူစိမ်းနယ် တနယ်ခြား ဖြစ်နေသည်ကိုး၊ မိန်းကလေးများ သည်လည်း ကာရာအိုကေ၊ အနှိပ်ခန်းများသို့ ရောင်းချ ခံရသည်ဆိုလျှင် ဘဝဆုံး ခံရမည်ဖြစ်သည်။ ထိုင်းနိုင်ငံ အတွင်းရှိ ထိုဖျော်ဖြေရေး နေရာများတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသူ အမျိုးသမီးများ များစွာ ရောင်းစားခံ အလုပ် လုပ်နေရကြောင်း ဆယ်စုနှစ် များစွာကပင် UNIAP အစီရင်ခံ စာထဲတွင် တွေ့ တွေ့နေခဲ့ရသည်။

အထက်ဖေါ်ပြပါ ဘေးအန္တရာယ်များကို ကံကောင်း ထောက်မစွာ ကျော်ဖြတ်နိုင်ခဲ့ ပြီးလျှင်လည်း အဆင်ပြေပြီဟု တထစ်ချ စွဲမှတ်ထား၍ မရသေး။ ထပ်မံ ကြံုတွေ့ရဦးမည့် အခက်အခဲ ပြဿနာများစွာ ရှိနေဦးမည်သာ ဖြစ်ချေသည်။ လမ်းခရီးအခက်အခဲ၊ ရောင်းစားခံရခြင်း အခက်အခဲမှ ကျော်လွန် လာပြီးလျှင် ထိုင်းတွင် ရပ်တည်နိုင်ရန် အခက်အခဲကို မလွဲမသေ ရင်ဆိုင်ရမည် ဖြစ်သည်။ ဝင်ငွေကောင်းသော အလုပ်အကိုင်မျိုးကို လူတိုင်း မက်မောပြီး လိုချင်ကြသော်လည်း လူတိုင်းရနိုင်သည် မဟုတ်။ ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော ဥပဒေအရ နေ့စားခ အမြင့်ဆုံးရသည့် ဘန်ကောက်နှင့် ပတ်ဝန်းကျင် မြို့များ တွင်ပင် တနေ့လျှင် ၂၀၃ ဘတ် (ကျပ်ခြောက်ထောင်ခန့်) သာ ရရှိသည်။ ထို့ကြောင့် အလုပ်သမားအနေဖြင့် အချိန်ပို ၃နာရီခန့် လုပ်ပါမှ တနေ့လျှင် ဘတ်၃၀၀ကျော် (ကျပ်တစ်သောင်းခန့်) သာ ရရှိမည် ဖြစ်သည်။ ထိုနှုန်းအတိုင်း တလလုံးလုံး ဘေးမသီ ရန်မခ လုပ်နိုင်ပါမှ ဝင်ငွေ ဘတ်ရ၅၀၀-၈၀၀၀ခန့် (ကျပ်နှစ်သိန်းခွဲခန့်) ရနိုင်ပေမည်။ အခန်းခ၊ စားစာရိတ်များ နှုတ်ပြီး ချွေတာ စုဆောင်းလျှင်ပင် တလလျှင် ကျပ်တသိန်းခွဲ ခန့်သာ စုဆောင်းနိုင်ပေမည်။

ဖေါ်ပြပါ တွက်ချက်ထားခြင်းမှာ ထိုင်းတွင် ဝင်ငွေအကောင်းဆုံး နေရာဒေသဖြစ်သော ဘန်ကောက်နှင့် အနီး၅ခရိုင်ကို အခြေခံပြီး တွက်ထားခြင်းသာ ဖြစ်သည်။ ထိုင်းနိုင်ငံတဝှမ်း အထူးသဖြင့် နယ်စပ် ဒေသများတွင် ဥပဒေက ပြဌာန်းထားသော အနိမ့်ဆုံး လုပ်အားခမှာ ဘတ်(ထိုင်းငွေ) တရာကျော်သာ ဖြစ်သည်။ ဥပဒေက ပြဌာန်းထားသော်လည်း အလုပ်ရှင်များက ဥပဒေအတိုင်း အလုပ်သမားများကို လုပ်အားခ ပေးသည် မဟုတ်ပေ။ ဥပမာအားဖြင့် မဲဆောက်မြို့တွင် အခြေခံ အနိမ့်ဆုံး လုပ်အားခမှာ ၁၅၁ ဘတ်ဖြစ်သော်လည်း အလုပ်သမားတို့သည် ၅၀-၈၀ ဘတ် အထိသာ အများအားဖြင့် ရရှိကြပြီး ဥပဒေ အတိုင်းရရှိသည့် အလုပ်သမား ဆိုသည်မှာ မရှိသလောက်ပင် ရှားပါးလှပါသည်။ လုပ်ငန်းခွင်တွင် ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ သိက္ခာတရားကို စော်ကားခံရမှု၊ လုပ်ငန်းခွင်တွင် အန္တရာယ်ကြံု ရမမှုများ စသည်နောက်ဆက်တွဲ ပြဿနာများစွာတို့ ကျန်ရှိနေပါသေးသည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် လာရောက်ပြီး အလုပ် လုပ်ကိုင်ကြသူများသည် ပွဲစားများမှ တပါး ရိုးရိုးအလုပ်သမားများ အနေဖြင့် တလုံးတခဲဖြင့် စီးပွါးရေး အဆင်ပြေသွားသူ ဟူ၍ မရှိပဲ ရရစားစား ဘဝများဖြင့်သာ ရပ်တည် နေထိုင်သွားရပြီး အခက်အခဲ မျိုးစုံကြားတွင် နှစ်ပေါင်းများစွာ ရုန်းကန် လှုပ်ရှားနေကြရသည်။ နိုင်ငံရပ်ခြားတွင် အလုပ် လုပ်နေကြသူများအနက် ထိုင်းနိုင်ငံတွင် အလုပ် လုပ်နေကြသူများ၏ ဘဝများသည် အနိမ့်ကျဆုံး အနေအထားတွင် ရှိနေသေးသည်။ လူနေမှု အဆင့်အတန်း၊ ဂုဏ်သိက္ခာ တရားမှစ၍ ဝင်ငွေအဆုံး နှိုင်းယှဉ်လျှင် အလွန်ပင်ကွာ ခြားနေကြသည်။ စင်ကာပူတွင် နှစ်ရှည်လများ အလုပ် လုပ်ပြီး စုဆောင်းသူ တဦးသည် မြန်မာနိုင်ငံသို့ ပြန်သည့်အခါ အတော်အသင့် ရပ်တည်နိုင်မည် ဖြစ်သော်လည်း ထိုင်းတွင် အဆင်ပြေပြီး စုဆောင်းမိသူသည် အမိမြန်မာပြည်တွင် ပြန်လည် ရပ်တည်နိုင်ရန် အလွန် ခက်ခဲလှပေသည်။ ထို့ကြောင့်လည်း ထိုင်းတွင် လာရောက်အလုပ် လုပ်နေကြသူများ တွင် ယခုမှ လာရောက်အလုပ် လုပ်သူထက် ဆယ်စုနှစ်နှင့် ချီပြီး နေထိုင် လုပ်ကိုင်နေကြသူ များက အများစု ဖြစ်နေကြသည်ကို တွေ့ရှိရမည် ဖြစ်သည်။

ထို့ကြောင့် နောက်ဆုံးပိတ် သင်ခန်းစာ ထုတ်ရလျှင် ထိုင်းတွင် လာရောက်အလုပ် လုပ်မည်ဆိုပါက ဦးစွာ ရင်းနှီးပြီး စိတ်ချရသူ နယ်မြေခံ လိုအပ်သည်။ လမ်းခရီးတွင် အခက်အခဲ အမျိုးမျိုးနှင့် ကြံုနိုင်သည်။ ထိုအခက်အခဲများကို ကျော်ဖြတ်ပြီးလျှင် အလုပ်အကိုင် အဆင်ပြေပြေ ဖြစ်ရန်၊ အလိမ်မခံရရန်နှင့် အနှိမ်မခံရဖို့ လိုအပ်မည် ဖြစ်သည်။ ထိုသို့ အလုပ်လုပ်ရာတွင်လည်း နှစ်ပေါင်းများစွာ (အနည်းဆုံး၄-၅နှစ်ခန့်) လုပ်ပြီးဖြစ်လျှင်ပင် ထိုအလုပ်သမား အတွက် တိကျရေရာသော အနာဂတ်မျိုး ရပ်တည်မှုများ ရရှိလိမ့်မည်ဟု မပြောနိုင်သေးပေ။

သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားပေါင်း တစ်သန်းကျော် နှစ်သန်းခန့် တို့သည် မရေရာသော၊ အန္တရာယ်နှင့် လုံးပမ်းနေရသော နေ့စဉ်ဘဝများကို ရင်ဆိုင်ကျော်ဖြတ် နေရင်း မိမိတို့၏ ဝေဝါးနေသော အနာဂတ် မိသားစုဘဝကို တည်ဆောက် နေကြသူများသာ ဖြစ်ပေတော့သည်ဟု ကောက်ချက် ချရတော့မည် ဖြစ်သည်။

မောင်ကျည်ပွေ့

LEAVE A REPLY

Please enter your comment!
Please enter your name here