လော်ကာဘီ လေယာဉ်ဗုံးခွဲ တရားခံ နှင့် အာဖရိကန် နိုင်ငံရေးသမား များတွေ့ဆုံ

alt

လော်ကာဘီ လေယာဉ် ဗုံးခွဲမှု တရားခံ အက်ဘဒယ် ဘာဆက်အယ် မီဂရာဟီ သည် ၎င်း၏ သီးသန့်ဆေးရုံ ခန်းမ အတွင်း အာဖရိက နိုင်ငံရေး သမား များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ (၁၀)ရက်နေ့ တွေ့ဆုံမှု တွင် ဆီးကြိတ် ကင်ဆာအား အပြင်း အထန် ခံစားနေရသူ မီဂရာဟီ မှာ ဖြူဖျော့ဖျော့ အသား အရောင်နှင့် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးကို တပ်ဆင် ထားခဲ့သည်။ ၎င်းသည် ဆေးရုံမှ စီမံပေးထားမှု အရ ဘီးတပ် ကုလားထိုင်ဖြင့် သွားလာ နေရသော်လည်း ဘေးလူ အကူအညီ မယူဘဲ လမ်းလျှောက် နိုင်ဆဲဖြစ်သည်။

ပြီးခဲ့သည့် လ က စကော့တလန် အစိုးရက ပြန်လွှတ် ပေးလိုက်သဖြင့် မွေးရပ်မြေ လစ်ဗျားသို့ ပြန်လည် ရောက်ရှိလာသူ မီဂရာဟီသည် အာဖရိက နိုင်ငံ အသီးသီးမှ နိုင်ငံရေးသမား ပါလီမန် အမတ်(၁၅၀)အား (၁၀)မိနစ်ကြာ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသူ များအား လစ်ဗျား အစိုးရက အာဖရိက ယူနီယံ (၁၀)နှစ်ပြည့် အခမ်းအနားအဖြစ် ဖိတ်ကြားကာ နိုင်ငံ၏ သူရဲကောင်းကြီး တဦးသဖွယ် ဖြစ်နေသည့် မီဂရာဟီ နှင့် တွေ့ဆုံခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ Pan-အာဖရိက ပါလီမန်ဥက္ကဌ မူဆာအီဒရစ် နာဒီလီက မီဂရာဟီ လစ်ဗျားသို့ ပြန်ရောက်လာခြင်း အတွက် ကြိုဆိုကြောင်းနှင့် ၎င်း အတွက်လည်း ဂုဏ်ယူကြောင်း၊ သို့သော်လည်း မီဂရာဟီ၏ ကျန်းမာရေး အတွက် စိုးရိမ်မိကြောင်း ပြောဆိုသွားခဲ့သည်။

စကော့တလန် အစိုးရသည် မီဂရာဟီ၏ သက်တမ်းမှာ (၃)လ မျှသာ ကျန်ရှိ နိုင်တော့ကြောင်း ဆရာဝန်များက ထောက်ခံ ခဲ့ပြီးနောက် ၎င်းအား ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here