အာဖဂန် လေဆိပ်တွင် အသေခံ ဗုံးခွဲမှုဖြစ်ပွား

alt

အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူး မြို့တော်ရှိ နိုင်ငံတကာ လေဆိပ်တွင် အသေခံ ဗုံးခွဲမှု တခုကြောင့် အနည်းဆုံး လူ(၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။

စက်တင်ဘာလ (၈)ရက်နေ့ နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှုအတွင်း နောက်ထပ် လူ(၆)ဦးမှာ ဒဏ်ရာများ ရရှိသွားသည်။ ဒဏ်ရာ ရသူ စာရင်းတွင် အာဖဂန် နိုင်ငံအတွင်း တာဝန်ကျနေသည့် အမေရိကန် စစ်သား (၃)ဦးနှင့် ဘယ်ဂျီယံ စစ်သား (၁)ဦး တို့လည်း ပါ၀င်ကြောင်း သက်ဆိုင်ရာမှ ပြောကြား လိုက်သည်။

မျက်မြင်များက ဖောက်ခွဲရေး ကိရိယာများကို တင်ဆောင် လာဟန်ရှိသည့် မော်တော်ကား တစင်းသည် ထိုနေ့ နံနက် (၈း၃၀)နာရီက စစ်ဆေးရေး ဂိတ်တံခါးကို အတင်း ၀င်တိုက်ကာ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ ကြသည်။

ပြည်ထဲရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဇီမာရိုင် ဘက်ရှာရီက သေဆုံးသူများမှာ သာမန် ပြည်သူများ ဖြစ်ပြီး ဒဏ်ရာရသူ များတွင် နိုင်ငံခြားသား တပ်ဖွဲ့ဝင်များ ပါ၀င်ကြောင်း အတည်ပြုခဲ့သည်။ ထိုဗုံးကွဲမှုသည် စစ်ဘက်ဆိုင်ရာ ဂိတ်တံခါးကို ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တာလီဘန် တို့၏ လက်ချက်ဟု ယူဆရသည်။

ကဘူး လေဆိပ်သည် စစ်ဘက်သုံး ဂိတ်တံခါးနှင့် အရပ်ဘက်သုံး ဂိတ်တံခါးဟူ၍ ခွဲခြား သတ်မှတ်ထားပြီး ထိုနေရာကို တာလီဘန် အကြမ်းဖက် တပ်ဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဗုံးကွဲမှု ဖြစ်ပွားပြီးနောက် လေဆိပ်ကို ခေတ္တ ပိတ်ခဲ့ရပြီး လေယာဉ် အသွားအလာကို (၁)နာရီမျှ ရပ်ဆိုင်း လိုက်ရကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here