အပြန်အလှန်် အခြေအတင် ဆွေးနွေးခြင်း

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ယခုတလော ဒီမိုကရေစီ အင်အားစုများ၏ Email group များ၊ News group များတွင် နိုင်ငံရေး သုံးသပ်ဆွေးနွေးမှု များကို အပြန်အလှန် ပြုလုပ် နေကြသည်ကို ဖတ်ရှု ရသည်။

ထိရောက် ပြောင်မြောက်လှသည့် လေ့လာမှု၊ သုံးသပ်မှု၊ ဝေဖန်မှုများဖြင့် အပြန်အလှန် ရေးသားကြသည်။ ပြောကြသည်။

အနာဂတ် မြန်မာ့ ဒီမိုကရက်တစ် လူ့ဘောင်အတွက်် ကောင်းကျိုးဖြစ်ထွန်း အထောက်အကူ ြပြုမည့် အလေ့အကျင့်များ ဖြစ်သောကြောင့် လွန်စွာမှပင် အားရမိသည်၊ အားတက်မိသည်။

အချို့သော သူများသည် အပြန်အလှန် လေးစားမှုများဖြင့် တူညီသောအမြင်များကို ထောက်ခံ ဆွေးနွေးကြသည်၊ မတူညီသော အမြင်များကို ကွဲပြားသည့် သုံးသပ်မှုများဖြင့် ဆွေးနွေးကြသည်၊ လိုအပ်ချက် အားနည်းချက် များကို ဖွင့်ဟ ထောက်ပြကြသည်၊ အချို့ကလည်း စိတ်မရှည်သည့် သဘောဖြင့်သော်၎င်း၊ လက်တွေ့ မဖြစ်နိုင်သည့် အခြေအနေ၊ လက်တွေ့ ကြံုဆုံခဲ့ရသည့် အခြေအနေများကို ရောင်ပြန်ဟပ်ကာ ဟောဟောဒိုင်းဒိုင်း ရေးသား ကြသည်၊ အချို့က အားနည်းချက် များကို ထောက်ပြပြီး မည်သို့သော လုပ်နည်း လုပ်ဟန်ဖြင့် ကျော်လွှားကာ တိုးတက်မှု ရစေမည် ဆိုသည်ကို တင်ပြကြသည်။

အကြောင်းအရာ အဖြစ်အပျက် တခုကို နည်းပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ အပြန်အလှန် ဆွေးနွေးကြသည်။ ကောင်းမွန်လှသည့် အပြန်အလှန် အခြေအတင် ဆွေးနွေးမှု debate ဖြစ်သည်။ အပြုသဘောဖြင့် ၀င်ရောက် ဆွေးနွေးကြခြင်း ဖြစ်သည်။ မိမိ၏ သဘောထားများကို လွတ်လပ်စွာ ထုတ်ဖော်ကြသည်။ ထိုသို့ ပြသရာတွင် စည်းကမ်း ရှိကြသည်၊ ကျင့့်ဝတ် သိကြသည်၊ လေးစားမှု ပေးကြသည်၊ ရည်မှန်းချက် တူသူများ အကြား လက်တွဲဖော် လက်တွဲဖက်စိတ် ထားကြသည်၊ အတုယူစရာ ကောင်းလှသည့် အလေ့အကျင့်နှင့် စိတ်ဓာတ် ဖြစ်သည်။

လွတ်လပ်မှု ဆိတ်သုဉ်းကာ မကောင်းသည့် လူမှု ပတ်ဝန်းကျင်ကို ဖြစ်ပွားစေသည့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် လွတ်လပ်ကာ တရားမျှတသော ဒီမိုကရက်တစ် လူ့ဘောင် ထူထောင်ရေးအတွက် ကြိုုးပမ်းနေကြ သူများအကြား ယခုကဲ့သို့သော အလေ့အကျင့်များ လုပ်ယူရန် လိုအပ်သည်။

စိတ်ပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုကဲ့သို့ ချက်ခြင်းလက်ငင်း ရုပ်လုံးပေါ် အကောင်အထည် မြင်ရမည် မဟုတ်ပေ၊ ထိုအချက်ကို သိရှိထားပြီး စစ်အာဏာရှင်စနစ် ဖယ်ရှားရေး နှင့်အတူ ဒီမိုကရက်တစ် လူမှုအသိုင်းအဝိုင်းနှင့် လိုက်ဖက်ညီသော စိတ်ဓာတ်ပိုင်းဆိုင်ရာ အလေ့အကျင့်များကို တွဲဘက်လုပ်ဆောင်ရန် လိုအပ်ပေသည်။

အချို့သောသူများသည် မိမိနှင့် အခြားသူများအကြား ရပ်တည်ချက်နှင့် သဘောထားအမြင်များ ကွဲပြားခြားနား သည့်အခါ ရန်သူသဖွယ် ရှုမြင်တတ်ကြသည်။ ဆန့်ကျင်ဘက်များ သဖွယ် သဘောထားကြသည်။ တဦးနှင့် တဦးအကြား ချဉ်းကပ်ပုံ၊ ရှုမြင်သုံးသပ်ပုံ ကွဲပြား ခြားနားကြသည်မှာ ဖြစ်ေ့လရှိသော အရာများဖြစ်သည်။ သတိပြုရန် လိုအပ်သော အချက်မှာ မိမိနှင့် သဘောထား ကွဲလွဲသူသည် မိမိကဲ့သို့ ရည်ရွယ်ချက်တူ လှုပ်ရှားနေ သူလော၊ မိမိနှင့် အသွင်မတူ ပြဒါးတလမ်း သံတလမ်း ဆန့်ကျင်ဘက် လမ်းလျှောက် နေသူလော ဆိုသည်ကို ရှင်းလင်းစွာ ပိုင်းဖြတ် ရှုမြင်နိုင်ရမည် ဖြစ်သည်။

ထို့ကြောင့် တလှေတည်းစီး တခရီးတည်း သွားနေကြသူများ အကြား အပြုသဘောအမြင်၊ အကောင်းဘက် အမြင်မျိုးဖြင့် ဝေဖန်ပိုင်းခြား သုံးသပ် ဆွေးနွေးနိုင်ရန် လိုအပ်သည်၊ အပျက် သဘောမျိုးဖြင့် မကြည့်သင့်ပေ၊ အမြင် ကွဲပြား သဘောထားချင်း မတိုက်ဆိုင်တိုင်း ရန်သူသဘောမျိုးဖြင့် မမြင်သင့်ပေ၊ မိမိတို့ အချင်းချင်းအကြား မည်ကဲ့သို့ အပေးအယူ မျှစေရန် လုပ်ဆောင်မည်၊ မည်ကဲ့သို့ ညှိနှိုင်း လုပ်ဆောင်မည်၊ တဦး၏ လိုအပ်ချက်ကို တဦးက ဖြည့်ပေးရင်း မည်သို့ ၀ိုင်းဝန်း ကြိုးပမ်းကြမည် ဆိုသည့် စိတ်ဓာတ်မျိုး ထားရှိရန် လိုအပ်သည်။

အတွေ့အကြံု တခုကို ပြောပြလိုပါသည်။ တနေ့တွင် အတူလက်တွဲ လှုပ်ရှားဘက်တဦးက ကျနော့်ထံ ဖုန်းဆက် လာသည်၊ လှုပ်ရှားမှု တခုအတွက် တိုကျိုရှိ အင်အားစုများအကြား ဆွေးနွေးကြမည်ဟု ပြောသည်၊ လိုအပ်သည့် လှုပ်ရှားမှု၊ လုပ်ဆောင်သင့်သော လှုပ်ရှားမှုဖြစ်သဖြင့် မည်သို့ စုပေါင်း လုပ်ဆောင်ကြမည်၊ တာဝန်များကို မည်သို့ ခွဲဝေယူကြမည် စသည့်ပုံစံမျိုး ဖြင့် ဆွေးနွေးရန် လိုအပ်ကြောင်း ကျနော်က ပြောသည်။ ဖုန်းဆက်သူက သူနှင့်အတူ ပါ၀င် ဆွေးနွေးမည့်သူ တဦးက ပြောသည့် စကားကိုလည်း ကျနော့်အား ပြောပြသည်။ အဆိုပါ ပါ၀င် ဆွေးနွေးမည့်သူက “ဆွေးနွေးကြည့်မည်၊ ညှိလို့ မရလျှင် ပြီးပြီ၊ နောက်နောင် မဆက်ဆံ၊ ပူးတွဲ မလုပ်တော့” ဟု ဆိုလိုသည့်သဘောမျိုးဖြင့် ပြောသည်။

ကျနော်က ဖုန်းဆက် လာသူအား ထိုသူ၏ သဘောထားအမြင်နှင့် ချဉ်းကပ်ပုံသည် လွဲမှားနေကြောင်း ရှင်းပြလိုက်သည်။ ဆွေးနွေးကြမည့် သူများသည် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် နေကြသူများ ဖြစ်သည်၊ အာဏာရှင် ထောက်ခံအားပေး သူများ မဟုတ်ပေ၊ ဒီမိုကရေစီ အင်အားစုများကို ရက်စက် ကြမ်းကြုတ်စွာ နှိပ်ကွပ်နေသူ များနှင့် ဆွေးနွေးရေး စကားကို ဆိုနေသူက ရည်မှန်းချက်တူ လျှောက်လှမ်းနေသူများ အကြား ကွဲလွဲမှုများကို အဘယ်ကြောင့် စိတ်ရှည် သည်းခံစွာဖြင့် ညှိနှိုင်းရန် မကြိုးစား နိုင်ရသနည်း၊ ဖြင့် ထောက်ပြ ပြောဆိုလိုက်သည်။

ဖိနှိပ်မှု၊ ချုပ်ချယ်မှု၊ ပိတ်ဆို့မှုနှင့် တဘက်သတ် ၀ါဒဖြန့်မှုများကြောင့် မြန်မာပြည်သူ ပြည်သားများသည် လွတ်လပ်စွာ ပြောဆို ဝေဖန် ရေးသား ထုတ်ဖော်ခွင့်များ မရှိကြပေ။ ထို့ကြောင့် မြန်မာ့လူမှု အသိုင်းအဝိုင်းအတွင်း ဝေဖန်မှု၊ အပြန်အလှန် ဆွေးနွေးမှု၊ အခြေအတင် ပြောဆိုမှုများ ပြုလုပ်နိုင်သည့် အခြေအနေ မရှိပေ။ ထိုအခြေအနေ အောက်တွင် မွေးဖွား ကြီးပြင်းလာခဲ့ကြသည့် ကျနော်တို့ အတွက် အယူအဆ ကွဲပြားခြင်း၊ သဘောထား မတိုက်ဆိုင်ခြင်းများ ဖြစ်သည့်အခါ ဝေဖန်မှု၊ အပြန်အလှန် ဆွေးနွေးမှု၊ အခြေအတင် ငြင်းခုန်မှုများ ပြုရာတွင် အားနည်းမှုများ ရှိမည်မှာ အမှန်ပင် ဖြစ်သည်၊ သို့သော် ထိုကဲ့သို့ အမြဲ ဆင်ခြေပေးနေရန် မသင့်ပေ။

မိမိတို့ ရောက်ရှိနေသော နိုင်ငံသည် မည်သို့သော နိုင်ငံဖြစ်သည်၊ မိမိတို့ မြင်တွေ့လိုသော အနာဂတ် မြန်မာနိုင်ငံ ပုံရိပ်သည် မည်သို့ဖြစ်သည်ကို သတိထားမည်ဆိုလျှင် အကြမ်းဖျင်းအားဖြင့် မည်သို့သော အခြေခံစိတ်ဓာတ် ထားရှိရန် လိုအပ်သည်၊ မည်သို့သော ပြုမူကျင့်ကြံမှု၊ ပြောဆိုလှုပ်ရှားမှုမျိုး လိုအပ်သည်ကို သိလာနိုင်ပေသည်၊ ထိုအသိကို လက်တွေ့ အကောင်အထည် ဖော်ရန်မှာ လွယ်ကူသည့် အရာမဟုတ်ပေ၊ သို့သော် ကြိုးစား နေရဦးမည်။

အကြောင်းအရာ တရပ်ရပ်ကို ဝေဖန်သုံးသပ်သည့် အခါ အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှု၊ စိတ်ရှည် လက်ရှည်ထားမှုဖြင့် debate လုပ်လျှင် မိမိတို့ အချင်းချင်းအကြား နားလည်မှုများ ရရှိလာမည် ဖြစ်သည်၊ နားလည်မှု ရရှိလာလျှင် ပိုမိုနီးကပ်စွာ လက်တွဲ လုပ်ဆောင်နိုင်မည် ဖြစ်သည်၊ နီးကပ်သည့် လက်တွဲ လုပ်ဆောင်မှုများက ထိရောက်သည့် အကျိုး သက်ရောက်မှုများကို ပေးနိုင်စွမ်းရှိသည်၊ ထိရောက်သည့် အကျိုး သက်ရောက်မှုများကို မြင်တွေ့ လာရသော် အားတက်မှုများ ရှိလာမည် ဖြစ်သည်။

လွတ်လပ်သော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းက အပြန်အလှန် အခြေအတင် ဆွေးနွေးမှုများကို အားပေးသည်၊ ထို့အတူ အပြန်အလှန် အခြေအတင် ဆွေးနွေးမှုများက ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တိုးတက် ဖြစ်ထွန်းရေးကို အထောက်အကူပြုသည်၊ ထိုကြောင့် အပြန်အလှန် အကျိုးပြုနေသည်ဟု ဆိုရမည် ဖြစ်သည်။

မည်သို့ပင် ဖြစ်စေကာမူ အပြန်အလှန် အခြေအတင် ဆွေးနွေးမှုများသည် တဦးချင်း ကြိုးပမ်းမှုများကို တိုးတက် ထိရောက် လာစေသည်၊ ကြိုးပမ်းမှုများ ထိရောက် လာခြင်းသည် မိမိတို့ရည်မှန်းသော အများအကျိုး အတွက် ဆိုသည့် လုပ်ဆောင်ချက်များ ထိရောက် အောင်မြင်စေရေး အတွက် အထောက်အပံ့ ပေးမည် မလွဲဧကန် ဖြစ်ပေတော့သည်။

ကျော်ကျော်စိုး (ဂျပန်)

LEAVE A REPLY

Please enter your comment!
Please enter your name here