မျိုးသုဉ်းပြီဟု မှတ်ယူထားသည့် လိပ်မျိုး မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိ

alt

မျိုးသုဉ်း သွားပြီဟု မှတ်ယူခဲ့ကြသော လိပ်မျိုးစိတ် တခုကို မြန်မာနိုင်ငံ အတွင်း ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ သစ်တောများ အတွင်း ပြန်လည် တွေ့ရှိခဲ့သော အာရကန် တောလိပ်များသည် မုဆိုးများ၏ ဖမ်းဆီးမှုကြောင့် မျိုးသုဉ်း သွားပြီဟု ယူဆ ခဲ့ကြသည်။

အမေရိကန်နိုင်ငံ၊ နယူယောက် အခြေစိုက် တက္ကဆက် ပြည်နယ်သား  သုတေသီ ပညာရှင် စတီဗင်ပလတ် နှင့် အပေါင်းပါ ပညာရှင် အချို့တို့သည် ရခိုင်ရိုးမသို့ မေလ ကတည်းက လာရောက် သုတေသန ပြုခဲ့ကြပြီး အညိုကွက် များပါသော ကုန်းလိပ်ငယ်များကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရခိုင်ရိုးမ ဆင်တင်းကုပ် အနီးရှိ ၀ါးတောများ အနီးတွင် လိပ်ကလေးများကို ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

မစ္စတာ စတီဗင်က ပထမဆုံး အာရကန် တောလိပ်ကို မေလ (၃၁)ရက်နေ့ ကတည်းက တွေ့ရှိခဲ့သော်လည်း မကြေညာခဲ့ဘဲ နောက်ထပ် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြု ပြောဆိုသွားသည်။ ၎င်းတို့သည် လေ့လာရေး ခရီးအတွက် လှေငယ်တစင်းကို အသုံးပြုပြီး ကြမ်းတမ်းစွာ သွားလာခဲ့ရသလို မျှော့တွယ်ခြင်း ကဲ့သို့ ကိစ္စများနှင့်လည်း ကြံုတွေ့ခဲ့ရသည်။

ယခု အခါတွင်မူ ပင်ပန်းရသမျှ ကျေနပ်မိကြောင်း မစ္စတာ စတီဗင်က email အင်တာဗျူး တခုမှ တဆင့် ဖြေကြား သွားခဲ့သည်။ အာရကန် တောလိပ်များသည် မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသများတွင် စတင် ပေါက်ဖွားလာသည်ဟု ယုံကြည်ရပြီး (၁၉၉၀) ပြည့်လွန် နှစ်များအတွင်း မျိုးသုဉ်းသည့် စာရင်းသို့ ထည့်သွင်း ကြေညာလိုက်သည်။

ပြောင်ချီးစားလိပ်ဟု မြန်မာတို့က ခေါ်ဝေါ်သော လိပ်ကလေးများသည် ကြံ့ များ၏ ချေးကို စားသောက်လေ့ရှိပြီး ထိုဒေသ အနီးတွင် ဆူမားတြား ကြံ့ များ နေထိုင် ကျက်စားလေ့ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here