အင်ဒိုနီးရှား ငလျင်ကြောင့် လူထောင်ပေါင်းများစွာ အိုအိမ်မဲ့ ဖြစ်ကြရ

alt

အနောက် ဂျာဗားကျွန်း အနီး လှုပ်ခတ် သွားသော ငလျင်ကြီးသည် အင်ဒိုနီးရှား နိုင်ငံမှ လူပေါင်း ထောင်နှင့်ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ကြောင်း သိရှိ ရသည်။

စက်တင်ဘာလ (၂)ရက် နေ့က လှုပ်ရှား သွားသော ပြင်းအားအဆင့် (၇.၀) ရှိသည့် ငလျင်ကြီးကြောင့် မြေပြို ကျမှုများအတွင်း လူပေါင်း (၅၉)ဦးထက် မနည်း သေဆုံးခဲ့ပြီး ဒါဇင်ပေါင်း များစွာသော ဒေသခံ များမှာလည်း ပျောက်ဆုံး နေဆဲဖြစ်သည်။

ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည် ပန်ဂါလန်ဂျန် ဒေသတွင် ငလျင်ဒဏ်ခံ ဒုက္ခသည် စခန်းကို ဘောလုံးကွင်း တခုအတွင်း ဖွင့်လှစ် ပေးထားပြီး လူ(၅၀၀)မှ (၇၀၀)ခန့် အထိကို ခေတ္တ နေရာချ ပေးထားရသည်။

ငလျင်ဒဏ်ခံ ဒေသများတွင် လျှပ်စစ်မီး ပြန်မရသေးသလို စားရေရိက္ခာ မလောက်ငှမှုများလည်း ဖြစ်နေကြောင်း သိရသည်။ ကယ်ဆယ်ရေး လုပ်သားများသည် ဆီကန်ဂါရန် ရှိ ဗီဒီယိုဂိမ်း ဆိုင်တခုအတွင်း ရောက်ရှိနေစဉ် မြေပြိုမှုများကြောင့် ရွှံ့နွံများ အောက်သို့ ရောက်ရှိသွားပြီး ပိတ်မိနေသည့် ကလေးငယ် (၁၃)ဦးအား ကယ်တင်နိုင်ရန် ကြိုးစားလျှက် ရှိသည်။

မိဘများသည် ၎င်းတို့၏ ကလေးများအတွက် မျှော်လင့်ချက် နည်းနေပြီကို သိရှိသည့်တိုင် အလောင်းများကိုမူ ပြန်ရမည် ဟူသော ယုံကြည်မှုဖြင့် လာရောက် စောင့်ဆိုင်းနေသည်။ ကြက်ခြေနီအဖွဲ့၏ ခန့်မှန်းချက်အရ ငလျင်ကြောင့် အနောက် ဂျာဗားတွင် အိမ်ခြေ (၁၀၀၀၀) ကျော် ပျက်စီး သွားဖွယ် ရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here