ဂုဏ် နှင့် တန်ဘိုးကင်းသော လူများအကြောင်း

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

မြန်မာပြည် အတွင်းက မိသားစုတွေရဲ့ တကယ့်လက်တွေ့ ဘဝမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဘယ်သူကမှ ခရေစေ့ တွင်းကျ မသိနိုင်။ စင်္ကာပူသားလေး ပီဖင်းဂိုး ကတော့ သူတို့တွေရဲ့ နိစ္စဓူဝ ဘဝတွေ ဒွေရောယှက်တင် ထိစပ်နေရတော့ လူထုဘဝ အခြေအနေမှန်ကို မပြောမဖြစ် မတီးမမြည် စကားလုံးလို

ထောက်ပြ ပြောဆိုရင်း မီးမောင်းထိုးပြနိုင်မယ့် အချက်တွေကို တင်ပြရင်း မြန်မာ့ လူမှုစနစ် ပြုပြင်ပြောင်းလဲရေး အတွက် မဖြစ်မနေ ပြုလုပ်သင့်နေသော မြန်မာနိုင်ငံ အတွက် တခုခုတော့ အထောက်အကူ ဖြစ်လိမ့်မည်ဟု ပီဖင်းဂိုးလေး ယုံကြည် နေမိသည်။

ယနေ့ ဩဂုတ်လ၂၉ ရက်မှာ ပီဖင်းဂိုးလေး ရှိရာဆီ လူတယောက် ဖုန်းလာပြောသည်။ သူကတော့ ကြားလူ လူမှန် တဦးဖြစ်ပုံရသည်။ စင်ကာပူက သူ့မိတ်ဆွေ ဆီ သူ့အတွေ့အကြံုများကို ပြောပြနေခြင်း ဖြစ်သည်။ သူက ယနေ့ စစ်တပ်အုပ်ချုပ်သော အစိုးရ လက်ထက်တွင် အခြေအနေ အားလုံးသည် အတိုက်အခံများ ပြောသလို အလွန် ဆိုးဝါး မနေသကဲ့သို့ အစိုးရ ပြောနေသကဲ့သို့ အလုံးစုံ တိုးတက်နေသည် ဆိုသည်မှာလည်း မဟုတ်ကြောင်း ပြောသည်ကို စိတ်ဝင်စားဖွယ် စ ကြားရသည်။ သူသည် မေးရိုး လေးထောင့်စပ်စပ်နှင့် ဖြစ်သည်။ စူးရှတောက်ပသော မျက်ဝန်းအစုံ ရှိသည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့ ရှိသည်။ အများသူငှာ တို့ ပြောရိုး ပြောစဉ် မဟုတ်သည့် ထိုစကားတို့ကို အများသုံး ဖုန်းဆိုင်တွင် ပြောရဲသည့် သူ့သတ္တိ မသေး ဟုလည်း မှတ်ချက် ချမိသည်။

ဟုတ်သည်လေ။ မြန်မာလူမျိုး အများစုမှာ တလွဲဆံပင် ကောင်းကြသူများ ဖြစ်သည်ကို တွေ့ရဖန် များချေပြီ။ မဟုတ်သည့်နေရာမှာ သတ္တိပြိုင်ကြသည်။ တကယ်တမ်း တိုင်းပြည်နဲ့ လူမျိုးအတွက် ရဲဝံ့စွာ အသက် စတေးကြေး ထောင်နှုတ်ခမ်း နင်းကြေး။ ပေးဆပ်စကြေး ဆိုလျှင် ထွက်လာမည့်သူ နည်းပေလိမ့်မည်။ အရက် တပုလင်းကို တထိုင်တည်း အပြိုင်သောက်ရဲကြသည်။ ကွမ်းယာကို တနေ့အတွင်း နှစ်ထောင်ဖိုး အာပေါက်မတတ် အစားပြိုင်မလား ပြိုင်ရဲကြသည်။ ပိုက်ဆံ တနေ့ နှစ်ထောင်ပေးမည် စွမ်းအားရှင် အငှားလူမိုက်အဖြစ် လုပ်မလား ဆိုလျှင် လုပ်ကြမည်။ လုပ်ရဲကြသည် ။ ဓါးတဝင့်ဝင့် တုတ် တရမ်းရမ်းဖြင့် ငွေဝယ် ကျွန်ပီသစွာ မိုက်သွေးပြမလား ပြရဲကြသည်။ သို့သော်လည်း အများပြည်သူကို အနှောင့်အယှက်ပြု ဒုက္ခပေးနေသည့် အခြေအနေတခုခုတွင် သူရဲကောင်း စိတ်ဓါတ်ရှိသူ၊ တာဝန်ရှိသူ စိတ်ဓါတ်မျိုးဖြင့် ၀င်ရောက် ကာကွယ် ကယ်တင်ပေးသူ မြန်မာတို့ လွန်စွာ ရှားပါးနေကြောင်းကို အများပြည်သူ အပေါ် တနေ့ထက် တနေ့ ရိုင်းပြစွာ ဆက်ဆံလာနေသော ရန်ကုန်မြို့ လိုင်းကား စပါယ်ယာများ။ မတရား အနိုင်ကျင့် ဖိစီး ငွေတောင်း လက်ရဲတင်း လာကြသော အစိုးရ ၀န်ထမ်းများ လက်ညိုးထိုး မလွဲ ပေါများ လာခြင်းက သက်သေခံ နေပေသည်။

မြန်မာတို့ အထဲတွင် ကြောက်တတ်သူပေါ များ၍သာ အနိုင်ကျင့် ဖိစီးတတ်သူတို့ အင်အားကြီးထွားခွင့် ရလာသည်ဟု ယူဆရသည်။ ခေတ်စနစ်ကလည်း ဖန်တီး ကျူံးသွင်းပေး နေကြောင်းလည်း ထည့်သွင်း တွက်ချက်ရအုန်းမည်။ သို့ပေမယ့် ယနေ့ ပီဖင်းဂိုး တွေ့လိုက်ရသော လူငယ်မျိုး ရဲဝံ့သောမျိုး မြန်မာနိုင်ငံတွင်း ရှိနေပါသေးလားဟု လေးစားအားကျစွာ မှတ်တမ်း တင်မိပေသည်။ သူက ခေတ်အလျင် ဆိုသည်မှာ တသမတ်တည်း အတက်ချည်း မရှိသလို အကျချည်းလည်း မရှိကြောင်း ၊ အဆိုး များများနှင့် အကောင်း များများသာ ကွာကြောင်း ပြောနေသည်။ ဒီတင် ခေါက်ရိုးကျိုးနေသလို ဇာတိပြပြီး မီးက ဆိုင်းမဆင့် ဘုံမဆင့် ပြတ်သွားပြန်သည်။

ပီဖင်းဂိုးလေး တခါပြန်ပေါ်လာ ပြန်ပါပြီ။ အခုတလော မီးတွေ ခနခန ပျက်ပြီး တနေကုန်နေမှ ၄ နာရီလောက်ပဲ မီးရတဲ့ ကာလတုန်းကတော့ ကြံုရ ကြားရသမျှလေးတွေ ဖေါက်သည် ချဖြစ်ပြီး အခုလို တနေကုန်နီးပါး လျှပ်စစ်မီးတွေ မှန်နေတဲ့ မိုးတွင်းအခါကျ ရေငုံနုတ်ပိတ် နေလှချည်ရယ်လား လို့ အပြောမခံချင်ပေါင်ဗျာ။ ပီဖင်းဂိုး လက်ရှိနေတဲ့ မြန်မာပြည် ရန်ကုန်မြို့မှာ အခု လပိုင်းအတွင်း မီးစက်သံတွေ သိပ်မဆူညံတော့ဘူးဗျ။ လုံးဝကြီး ပျောက်သွားတာတော့ မဟုတ်ဘူး။ ရံဖန်ရံခါတော့ ကြားနေရသေးတာပဲ။ ဆိုလိုတာက မီးက မမှန်သေးဘူး ဆိုတာပါ။ နွေအခါကလို ခွဲတမ်း ပုံစံမျိုး မဟုတ်တော့ဘဲ တနေကုန်နီးပါး မီးလင်းနေတယ်လို့ ပြောရမယ် ထင်ပါတယ်။ မောင်မင်းကြီးသား စစ်တပ်အစိုးရကို ချီးကျုးချင်ပါတယ်။ ဒါပေမယ့်လည်း တနှစ်နေလည်း ဒီအတိုင်း နောင်နှစ်ခါလည်း ဒီအတိုင်းပဲ ဖြစ်နေအုံးမှာမို့ မချီးကျူးတော့ပါဘူး … ဟဲ..ဟဲ … နောက်သလိုများ ဖြစ်သွားမလား။ နွေ၊ မိုး၊ ဆောင်း သုံးရာသီ စလုံး မီးမှန်အောင် လုပ်ပေးလာနိုင်တယ် ဆိုရင်တော့ မြန်မာပြည်သူတွေ ကိုယ်စား ချီးကျူးစကား ပြောရမှာပေါ့လေ။ ခုတော့ တိုးတက်မှု မရှိ ဆုတ်ယုတ်မှုသာ ရှိနေလေတော့ ခါတိုင်းလိုပဲ ရှုတ်ချ နေရအုံးမှာပါ။

ဒီနေ့ ပီဖင်းဂိုးလေး ကြားလိုက်ရတဲ့ စကားတချို့ကြောင့် ပီဖင်းဂိုး စိတ်အင်မတန် ညစ်ညူးမိတယ်။ မသက်မသာ ဖြစ်မိတယ်။ ခင်ဗျားတို့ မြန်မာနိုင်ငံသား အခြေခံလူတန်းစားတွေ အကြောင်း အင်မတန် သနားစဖွယ်တွေ ကြားရပြီး လူလို အခွင့်အရေး မရသေးတဲ့ မြန်မာနိုင်ငံသားတွေ အတွက် စိတ်မသက်မသာ ဖြစ်မိလို့ ထပ်မံပြီး ရင်ဖွင့် လိုက်တယ်ဗျို့။

ဒီနေ့ အမျိုးသမီးတယောက် စင်ကာပူက သူ့သား နဲ့ စကားလာပြောတယ် ။ ထွေလီကာလီ စီးပွားရေး တွေ အကြောင်းအပြင် သူ့အိမ်မှာ အကူခေါ်ထားရတဲ့ မြန်မာ အိမ်ဖေါ်နဲ့ ပတ်သက်တဲ့ အကြောင်းပါ။ ပီဖင်းဂိုး မြန်မာပြည်မှာက သိပ်အချမ်းသာကြီး မဟုတ်တဲ့ အိမ်တွေမှာတောင် အိမ်အကူ အိမ်ဖေါ်ဆိုတာ ရှိတတ်ပါတယ်။ အိမ်မှာ ကူဖေါ်ပေါ့ လောင်ဖက်တော့ မဖြစ်စေချင်ကြပါဘူး။ အိမ်သား အတော်များများက နိုင်ငံခြားဖြစ်ဖြစ်။ ပြည်တွင်း နယ်ဝေးမှာ ဖြစ်ဖြစ်။ အလုပ်အကိုင် အတွက် ခရီးသွားနေကြရတော့ အိမ်မှာ အကူဖေါ် ချက်ဖေါ် လုံခြံုရေး စောင့်ဖေါ်လိုတယ်လေ။

ဒါနဲ့ အဲဒီ အဒေါ်ကြီးက သူ့သားကို ပြောတယ်ပေါ့။ အိမ်မှာ အကူခေါ်ထားတဲ့ လူတွေ စိတ်မချရဘူး ဆိုတဲ့ အကြောင်း ။ တလောကတင် အသိအိမ်တအိမ်က အိမ်ဖေါ် နေနေတာက ငါးလလောက် ရှိပြီ။ ယုံကြည်နိုင်လောက်တဲ့ အခြေအနေ ရောက်ပြီဆိုမှ အိမ်တွင်းက အဖိုးတန် လက်ဝတ်လက်စားတွေနဲ့ ဟမ်းဖုန်းပါ မ ပြီး လစ်သွားတဲ့ အကြောင်း။ အိမ်ဖေါ်တွေ ဒီလောက်တောင် အတင့်ရဲသလား ဆိုတော့ ။ အပြင်လူတွေ နဲ့ ချိတ်ဆက်ပြီး ဒီအိမ်ကို ဖေါက်ထွင်းနိုင်အောင်။ အတွင်း သတင်းပေးတောင် လုပ်တယ် ဆိုတဲ့ အကြောင်း တွေ စုံစီနဖာ ဝေဝေဆာဆာ ရှင်းပြနေတာပေါ့။ သူတို့ နေတဲ့ ရပ်ကွက်က လူတွေ အကြောင်း ညညဘက် ခွေးဟောင်သံ တအူအူ၊ လူသံ ချိုးချိုးချွတ်ချွတ်နဲ့ ညည လူတွေ မအိပ်ဘဲ ဘာတွေ လုပ်နေကြသလဲ မသိဘူး ဆိုတာတွေပါ ပါသေးရဲ့။

ညဘက်ဆို ကောင်းကောင်း မအိပ်နိုင်ပုံ၊ တရပ်ကွက်ကျော်က အိမ်တချို့ ညဘက် ၉ နာရီလောက်ပဲ ရှိသေးတယ်။ အိမ်ရှင်တွေ ပြန်မရောက်သေးတဲ့ အိမ်တွေ။ ညဘက် လူစောင့် မရှိတဲ့ အိမ်တွေကို အုပ်စုနဲ့ ဖေါက်ထွင်းခိုးယူကြတဲ့ အကြောင်း ၊ သူခိုးအုပ်စုက အကွက်ကျကျ စီမံတတ်တဲ့ အကြောင်း၊ ခိုးနေတဲ့သူ အိမ်တွင်းဝင်နေတဲ့ အချိန် ကျန်တဲ့ သူတွေက အိမ်ရှေ့နားမှာ ငါးမျှားသူ လိုလို ကန်စွန်းရွက်ခူးဖို့ လုပ်နေသလိုလို အပင်ရှာနေသလိုလို လုပ်ပြီး စောင့်နေပုံ၊ သေချာတာကတော့ ပီဖင်းဂိုးလေး နေတဲ့ အိမ်နားလေးမှာလည်း နေ့ခင်း ကြောင်တောင် ၀င်ဖေါက်သွားတာ ပူပူနွေးနွေး ပဲ ရှိပါသေးတယ်။ ဒါကြောင့် ဒီအမျိုးသမီးကြီး ပြောတာ အမှန်တွေဖြစ်မယ်လို့ ယုံမိပါတယ်။ ဘာကြောင့်များ ဒီတိုင်းပြည်မှာ ဒီလို မလုံခြံုမှုတွေ ခိုးဝှက်လစ်သုတ် လိမ်ညာမှုတွေ ဖြစ်နေရသလဲလို့ စဉ်းစားမိတယ်။ အဖြေကတော့ ဆင်းရဲလို့ပေါ့လို့ ထွက်လာတယ်။ ဆင်းရဲတော့ စားစရာ နေစရာ ၀တ်စရာ မရှိ။ အလုပ်အကိုင် ရှားချက်ကလည်း ကမ်းကုန်။ တလ နှစ်သောင်းခွဲ အထက် ရနိုင်မယ့် အလုပ် မျိုးတောင် တော်တန်ယုံ မရနိုင်ဘူး။

ပေါတဲ့ အလုပ်တော့ ရှိတာပေါ့နော်။ ဟိုနေ့က သတင်းပေးလိုလို ဘာလိုလို လူပြောသွားတဲ့ စွမ်းအားရှင် အလုပ်မျိုး ဆိုရင်တော့ တနေ့ကို နှစ်ထောင်လောက် အလကားနေ ရနိုင်တာပဲ။ အဲဒီအလုပ်တွေ လိုက်လုပ်ပါလား လို့ ခင်ဗျားတို့ ပြောချင် ပြောလို့ရပါတယ်။ ဒါပေမယ့် တော်တန်ယုံ လူစိတ်ရှိသူတိုင်းက အဲဒီလို အာဏာပါးကွက်သား လူမိုက် မာဖီးယား ဂိုဏ်းက လူသတ်သမား ဆန်ဆန် မိုက်ပြရတဲ့ အခကြေးစား လူမိုက် အလုပ်မျိုးတော့ မလုပ်ချင်ကြတာ အမှန်ပဲဗျ။ အဲလို သာမန် အခြေအနေ သာမန် အရည်အချင်းလောက် အတွက် သင့်တင့်တဲ့ ၀င်ငွေ ရနိုင်တဲ့အလုပ် အကိုင် တကယ်ကို မရှိသလောက် ရှားတယ်ဆိုတာ အသေအချာပဲဗျာ။

အလုပ်ရှားတော့ လူတွေ ဆင်းရဲ ဆင်းရဲတော့ ရတဲ့ အလုပ်အကိုင်ကို ဖြစ်သလို လုပ်၊ ပိုက်ဆံ နည်းနည်း တတ်နိုင်သူတွေက ပြည်ပကိုထွက် ရတဲ့ အလုပ်လုပ်။ မတတ်နိုင်သူတွေက ပေါင်လို့ရတာ ပေါင်ပြီး နိုင်ငံခြားကို ထွက်လုပ်။ ဘာမှ ပေါင်နှံစရာမရှိ အရင်းမရှိ အဖျင်းအသိနဲ့ နယ်မြို့ကျေးလက်က မြန်မာတွေကျတော့ နီးစပ်ရာ မြို့ပြတွေဆီ အထုပ်လေးတွေ ဆွဲပြီး ကြံုရာ ရရာ အလုပ် လုပ်မယ် ဆိုပြီးတက်လာ။ မြို့ပြရောက်တော့လည်း အလုပ်အကိုင်က ရှား။ ဒါနဲ့ပဲ စောစောက ပြောခဲ့တဲ့ အိမ်အကူ အိမ်ဖေါ် အလုပ်ဆိုတာမျိုး လုပ်ဖို့ ကြိုးစားရတာပဲ။

မြန်မာပြည်မှာက အိမ်ဖေါ်အလုပ် အတွက် သီးသန့် ဥပဒေ သီးသန့်သင်တန်း သီးသန့် အေဂျင်စီလိုမျိုး အလုပ်အကိုင် ရှာဖွေပေးရေး ကုမ္ပဏီမျိုးတွေ မရှိဘူးမို့လား ဒါကြောင့် တိတ်တိတ်လေး ရပ်ကွက် အာဏာပိုင်တချို့နဲ့ နားလည်မှု ယူပြီး လုပ်စားနေတဲ့ အိမ်ဖေါ် ရှာဖွေပေးရေး ပွဲစားတွေကို အခ ပေးပြီး အိမ်ဖေါ် ငှားနေကြရတာပါ။ အဲဒီ အိမ်ဖေါ် အတွက် ပေးမယ့် လခ က ဘယ်လောက်လို့ ထင်ပါသလဲ။ နိုင်ငံခြား ငွေနဲ့တွက်မယ် ဆိုရင် တလကို ဒေါ်လာ၂၀ နဲ့ အထက် ၂၅ လောက်ပဲ ပေါ့။ မြန်မာပြည်က ဆင်းရဲသူတွေ အတွက် သနားစရာပါလား။ ဒါ မြန်မာပြည်က လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ တချို့ကို ကျုပ်သိသလောက် ပြောပြတာပါ။ ဒီထက် ဆိုးဝါးတာတွေ ကောင်းမွန်တာတွေ ရှိချင် ရှိအုန်းမှာပါ။

ဒါနဲ့ ပီဖင်းဂိုးရဲ့ ထပ်ဆင့် ကြားစကားတွေကို ဖေါက်သည် ချပါရစေအုန်း။ ဖုန်းလာပြောတဲ့ အမျိုးသမီးကြီးက သူတို့အိမ်က ငှားလာတဲ့ အမျိုးသမီးအကြောင်း သူ့သားကို ပြောပြနေတယ်။ ခေါ်လာတာ နှစ်ရက်ပဲ ရှိသေးတယ်တဲ့။ ပန်းဆိုးတန်း နားက အိမ်ဖေါ်ပွဲစားဆီက ဆိုပဲ။ ပွဲစားခ နှစ်သောင်းခွဲ ပေးခဲ့ရတယ်တဲ့။ အိမ်ဖေါ်အမျိုးသမီးရဲ့ တလခ ပေါ့။ အဲဒါ အိမ်ရောက်ပြီး သုံးရက်လောက်ပဲဲ ရှိသေးတယ် ပြဿနာ က စပေါ်တာပဲတဲ့။ အဲဒီ အိမ်ဖေါ်မလေးက ကိုယ်ဝန် ဖျက်ချထားတာ ရက်ပိုင်းပဲ ရှိသေးတယ်တဲ့။ အတွင်းမှာ ပုပ်ကျန်နေလို့ တတိတိနဲ့ အရည်တွေကျပြီး အနံ့တွေ ထွက်လာတယ် ဆိုရောပဲတဲ့။ အဲဒီအိမ် တအိမ်လုံး အနံ့နံလာတော့မှ ရိပ်မိတယ် ဆိုပဲ။ ဒါနဲ့ပဲ အဲဒီ အိမ်ဖေါ်မလေးကို သူ့ကိုခေါ်လာခဲ့တဲ့ ပွဲစား အိမ်ပြန်လိုက်ပို့ လိုက်ရရောတဲ့။ အဲဒီမှာတင် သူပြောတဲ့ စကားလုံးတွေ ကျူပ် ရင်ထဲ မချိအောင် ထင်ကျန်ရစ်ခဲ့လို့ အခု ရင်ဖွင့်ထုတ်နေတာပေါ့။

အဲဒီ ပွဲစားအိမ်လည်း ရောက်ရော ပွဲစားမ က အဲဒီ အိမ်ဖေါ်မလေးကို သူ့ရှေ့တင်ပဲ မောင်းထုတ် ပစ်လိုက်တယ်တဲ့။ အိမ်ဖေါ်မလေး ခမျာ၊ ပိုက်ဆံမရှိလို့ အလုပ် လာလုပ်ပါတယ်။ အခု ပိုက်ဆံ တပြားမှ မရှိဘဲ မောင်းထုတ် ခံလိုက်ရတယ်တဲ့။ သနားဖို့ ကောင်းလိုက်တာပဲတဲ့ ။ ပြောနေရင်း အမျိုးသမီးချင်း ကိုယ်ချင်းစာတဲ့ ဂရုဏာမျက်ဝန်းနဲ့ စုတ်သတ် နေတာကို ကြားရပါတယ်။ ပီဖင်းဂိုးလည်း စိတ်မကောင်းပါဘူး။ စာဖတ် ပရိတ်သတ်ကတော့ ပြောမှာပေါ့ ။ ကိုယ်ချင်းစာရင် အဲဒီအိမ်ဖေါ်မလေးကို ကယ်တင် စောင့်ရှောက် ထားလိုက်ပေါ့ လို့။ သူတို့ ခမျာလည်း အိမ်မှာ အကူ လိုရလောက်အောင် ဒုက္ခများနေလို့ အကူခေါ်တာ လေ။ ဘယ်လိုလုပ် လူတယောက်ကို တင်ကျွေး တင်ပြီး ဆေးကုလုပ်ပေး နေနိုင်မလဲ။ သေချာတာကတော့ မြန်မာပြည်မှာ လူဆိုတာ တန်ဖိုးမရှိဘူး ဆိုတဲ့ အချက်ပဲ။ ပီဖင်းဂိုးရဲ့ ဇာတိ စင်ကာပူမှာ လူကို တန်ဖိုးထားပါတယ်။ အခု ချိန်ဆို ဘယ်ဆီလွှင့်ပြီး ဘယ်နားမှာ လဲကျ သေဆုံးနေမလဲ မပြောနိုင်တဲ့ အိမ်ဖေါ်မ အညာသူ လေးလို အတိဒုက္ခ ရောက်ရရှာတဲ့ လူမျိုးတော့ ကမ္ဘာမှာ ရှားပေလိမ့်မယ်။

အဲဒီတော့ မြန်မာပြည် နေရာအနှံ့မှာ အခုလို ဒုက္ခအမျိုးမျိုးနဲ့ သောက ပင်လယ်ဝေ နေကြရရှာသူ ဘယ်နှစ်ယောက်များ ရှိနေမလဲ ဘယ်သူမှ မသိနိုင်ဘူး။ နယ်စပ်ဒေသတို့ နိုင်ငံခြားဖြစ်တဲ့ ထိုင်း ၊ မလေး၊ စင်ကာပူ တို့မှာတော့ တခုခု ဖြစ်ရင် လွတ်လပ်တဲ့ မီဒိယာဆိုတာ ရှိတော့ ချက်ချင်း ပေါ်လွင်လာနိုင်တယ် ။ ချက်ချင်း လူသိသွားနိုင်တယ်။ မတရားမှုရော တရားမှုရော ချက်ချင်း ပြန့်နှံ့ သွားနိုင်လေတော့ လိုအပ်သလို ကယ်တင်စောင့်ရှောက် ဖေးမမှုတွေ ပေါ်လာနိုင်တယ်။ မြန်မာပြည်မှာတော့ ဝေးလေစွ ကင်မရာ ကိုင်တာမြင်ရင်ပဲ ချက်ချင်း အဖမ်းခံရတော့ မလို ။ လွတ်လပ်စွာ ပြောခွင့် ရေးခွင့် ဖတ်ခွင့် သတင်း တင်ပြခွင့် ဆိုတာ မရှိတော့ ခုလိုဖြစ်လည်း အဲဒီ ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲ တီးတိုးပြောစရာ အဖြစ်ပျက်လေး သာသာ ထင်ကျန်နေရစ်မှာပေါ့ ဒီတော့ မြန်မာပြည်မှာ လူလာ ဖြစ်ရတာ တန်ဖိုးလည်း မရှိ လူသားဂုဏ် ဆိုတာလည်း မထားနိုင်တော့ဘူးပေါ့။

အဲဒီဖြစ်စဉ်မျိုး အားလုံးရဲ့ သေချာတဲ့ ပင်မ ရေသောက်မြစ် က ဘာကြောင့်လဲ သိကြသလား။ နိုင်ငံရေး စနစ် ယိုယွင်း ပျက်စီး နေလို့ပါပဲ။ လူတန်ဖိုးရှိချင်ရင် လူကို လူလို တန်ဖိုးထားတဲ့ စနစ်တခု တည်ဆောက်နိုင်မှ လူဆိုတဲ့ တန်ဖိုးကို ပိုင်ဆိုင်လာမယ်။ လူသားတွေအားလုံးအတွက် သဘာဝက အလိုအလျောက် ပေးအပ်ထားပြီးဖြစ်တဲ့ လူသားလွတ်လပ်ခွင့် ဆိုင်ရာ အခွင့်အရေးတွေ ပါ ပိုင်ဆိုင်လာမယ်။ လူသားတိုင်း တန်းတူ အခွင့်အရေး ပိုင်ဆိုင်တဲ့ နိုင်ငံသားတွေ ဖြစ်လာပြီဆိုရင် အခု ကျုပ်ပြောခဲ့တဲ့ ၀မ်းနည်းစရာ ဖြစ်စဉ်ထဲကလို သနားစရာအဖြစ်တွေ ဖြစ်မလာဘူး။ မိသားစု ဘဝတွေ ပျက်စီးမသွားဘူးပေါ့ အခုလို တောနယ်က ဆင်းရဲလွန်းတဲ့ မြန်မာ မလေးတယောက် မယောင်မလည်နဲ့ ဆင်းရဲစွာနဲ့ မြို့ပြဆီတက်လာပြီး ရရာအလုပ် ကြံုရာ အိမ်ဖေါ်ဘဝမျိုးနဲ့ လူတကာ ခိုင်းဖတ်မျိုး ကို လူမဆန်စွာ အောက်ကျို့ပြီး ရှာဖွေ တောင်းခံစရာ မလိုတော့ဘူး။

ဘာလို့လဲဆို နိုင်ငံသားတိုင်း ဖူလုံလောက်ငှတဲ့ လူနေမှု စနစ် တာဝန်ခံတဲ့ အစိုးရ ရှိနေမှာ ဖြစ်လို့ပဲ။ နိုင်ငံသားတိုင်း အတွက် လိုအပ်မယ့် အလုပ်အကိုင် ၀မ်းစာ ရှာဖွေမှု လောက်ငှအောင် ဖန်တီးပေးမယ့် စနစ်က မို့ပဲ။ ကနေ့လို အသိဉာဏ် ဆင်းရဲ ချို့တဲ့စွာနဲ့ ဘာမှ စားစရာလည်း မရှိ၊ ပြေးစရာလည်း မြေမရှိ။ ပေးစရာလည်း ငွေ မရှိ ကျန်းမာရေး အသိမဲ့စွာနဲ့ ကိုယ်ဝန်ဆိုတာလည်း ဖြစ်သလို ဖျက်ချပြီး သေလုနီးနီး ဝေဒနာ ခံစားရတဲ့ ဒုက္ခမျိုးကိုလည်း အသိဉာဏ် ဆင်ခြင်တုံတရား ရှိတဲ့ လူတဦး အနေနဲ့ ကြံုမလာနိုင်တော့ဘူးပေါ့။ ဘာလို့ဆို လူပီသတဲ့ လူ့အခွင့်အရေး တွေအောက်မှာ လူလို တွေး လူလိုနေ၊ လူကျင့် လူကြံနဲ့ လုံခြံုစိတ်ချရတဲ့ လူ့ဘဝကို ကိုယ်စီတည်ဆောက်နိုင်တဲ့ လူ့တန်ဖိုး တွေ ရှိနေလို့ပဲ လို့ ပီဖင်းဂိုး ယုံကြည် နေမိတော့တယ်။ အော် မြန်မာတွေ မြန်မာတွေ။ ဘယ်ခေတ် ဘယ်အခါ ကျမှများ လူလို တန်ဖိုးထားတဲ့ အုပ်ချူပ်သူ အစိုးရနဲ့ ကြံုဆုံခွင့် ရမှာပါလိမ့်။

ဘယ်သော အခါမှများ လူသားတဦး ရပိုင်ခွင့် အခွင့်အရေးတွေ နဲ့ လွတ်လပ်စွာ ပရိယေသန ၀မ်းစာရှာခွင့်၊ ပညာရှာခွင့်၊ လူ့အခွင့်အရေး အတိုင်း လွတ်လပ်စွာ ပြောဆိုရေးသား ဖတ်ရှု ဝေဖန်ဆင်ခြင် ပိုင်ခွင့်တွေ ကြံုလာမှာပါလိမ့်။ … အော် အော် တဆက်တည်း ပြောလိုက်ရအုံးမယ်။ စောစောက တင် ဖုန်းပြောသမား မိန်းမကြီး တခါ ဖုန်းလာဆက်သွားသေးတယ်။ ညတုန်းကတဲ့ သူအိပ်နေတုန်း သူပြန်သွားပို့ခဲ့တဲ့ ရောဂါ အပြင်းအထန်ဖြစ်နေရှာသူ အိမ်ဖေါ် မလေးက အထုပ်တထုပ်ဆွဲပြီး အိမ်ထဲပြန်ဝင်လာတယ်တဲ့ မျက်နှာ မသာမယာနဲ့ တမျိုးကြီးပဲ ဆိုပြီး အိပ်မက်လိုလို တကယ်လိုလို သရဲ ခြောက်ခံရသလိုလိုနဲ့ တညလုံး မအိပ်ဖြစ်ခဲ့တဲ့ အကြောင်း ထပ်ပြောနေပြန်ပါရော။ ဟို အိမ်ဖေါ်မလေး မြန်မာပြည်မှာ လူမဆန်စွာ လူလာဖြစ်ခဲ့ရတဲ့ သူ့ ဘဝခန္ဓာကို ဘယ်နားမှာများ စိတ်အားလက်လျော့ ဖျော့တော့စွာနဲ့ ၀ိဉာဉ်ခွါသွား ရှာလေပြီ မသိ။

နောက်ဆက်တွဲ သတင်းလေးလည်း ပြောခွင့်ပြုလိုက်ပါအုံး —- ဒီရက်ပိုင်းလေး တင်ပဲ တာမွေဘက်က ပြန်လာတဲ့ ဖုန်းပြောသမား တယောက်ပြောနေသံ ကြားလိုက်ရတယ်။ တာမွေ ဈေးဟောင်း မှတ်တိုင်နံဘေး အခွန်လွတ် ဈေးရှေ့က ဓါတ်တိုင် ပလက်ဖေါင်းပေါ်မှာ အမျိုးသမီးငယ်ငယ် တယောက် လဲကျနေတာ တွေ့ခဲ့ရတယ်တဲ့ အသက်မရှိတော့ဘူး ထင်တယ်တဲ့…. ဈေးသွား ဈေးလာတွေက ကွက်ကြည့် ကွက်ကြည့်နဲ့ပေါ့ တဲ့.. ဘယ်သူမှ သွားမကယ်ရဲဘူးတဲ့ တော်ကြာ အမှု ပတ်နေမယ် ရဲက ဖမ်းခေါ်သွားမယ်။ စစ်ချက်တွေ တသီကြီးယူမယ်။ အခန့်မသင့်ရင် အမှုရှာ စီမံချက်ထဲ မအူမလည်နဲ့ ပါသွားပြီး ထောင်ကျမယ် တဲ့ ကဲ မြန်မာနိုင်ငံက လူသားတယောက် သေလုမျောပါနဲ့ အသက်ငင်နေတာကို တောင် ဘယ်သူမှ ၀င်မကယ်ရဲအောင် ဖန်တီးထားတဲ့ စနစ်။

ကောင်းကြသေးရဲ့လားဗျို့ ……. အဲဒီ သေနေတယ် ထင်ရတဲ့ အမျိုးသမီးနဲ့ မလှမ်းမကမ်းမှာ လမ်းလျှောက် စကားပြောစက် ခါးမှာ ချိတ်ထားပြီး အရက်မူးနေတဲ့ စွမ်းအားရှင် အဖွဲ့က ခေါင်းဆောင်ဆိုလား ဘာဆိုလားမသိတဲ့ လူတယောက်ကလည်း လမ်းဘေး ဈေးဆိုင်တွေကနေ ဆက်ကြေးပိုက်ဆံ အတင်း လိုက်ကောက်နေသတဲ့ … ဗျို့ … ။

ကျုပ်လေ… ကျုပ် ……… ဗျို့ …. ရယ်လို့သာ ဟစ်လို့ အော်လိုက် ချင်တော့တယ်။

ရိုးဖြောင့်စွာဖြင့်

ရွှေဘန်း

LEAVE A REPLY

Please enter your comment!
Please enter your name here