ဒို့မြေကို တလက်မမှ ကျူးကျော် မခံနိုင်ပါ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

စာရေးသူ စိတ်ထဲ တနေ့မှ မငြိမ်းချမ်းပါ။ မြန်မာ ပြည်တွင်းတွင် နိုင်ငံသားတို့ စားဝတ်နေရေးသည် ပိုမိုကြပ်တည်းသော အခြေအနေ တခုဆီသို့ ဖုတ်သွင်းရထားလို ဆိုက်ရောက်နေခဲ့ပြီ ဖြစ်သည်။ အလုပ်လက်မဲ့ ပိုမို များပြားလာသည်။ အလုပ်လက်ရှိ ဖြစ်သော်လည်း စီးပွားရေး လုပ်ငန်းကိုင်ငန်း ကျဆင်းမှု၊ အခွန်အတုပ် ကြီးမြင့်လာမှု၊ စသော အထွေထွေ အဆင်မပြေမှု များကြောင့်

ချူသံပါအောင် ညည်းတွားနေကြသူ ပိုပိုများ လာသည်။ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသော သားချင်း ဆွေမျိုးတို့ အထောက်ပံ့ဖြင့်သာ အသက်ဆက် နေရသူ များလာသည်။ ပြည်တွင်းတွင် အခြေတကျ တည်ငြိမ််သော စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မှု ဘောင်ကျဉ်း နေကြသည်။ အချို့ ထမင်းစားရိတ် မတတ်နိုင်၍ ထမင်းကို ကိုတာဖြင့် တယောက်တလှည့် စားကြရချေပြီ။

အုပ်ချုပ်ရေးနှင့် နိုင်ငံရေး ကြည့်လိုက်လျှင်လည်း ဘာမှ ထူးခြား တိုးတက် ပြောင်းလဲလာသည် မတွေ့ရ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ယခင် နှစ်ပေါင်းများစွာ အကျယ်ချုပ်ချ ဖမ်းဆီးခဲ့သည့် အတိုင်း ပြန်လည် ဖမ်းဆီး ချုပ်နှောင်ခြင်းကို စစ်အာဏာပိုင်တို့က အညှိုးတေး ကြီးစွာဖြင့် ချမှတ် လိုက်ပြန်သည်။

အောက်ခြေ ပြည်သူများ အတွင်းတွင်းတော့ ဆင်းရဲခြင်း ထုထည် ကြီးမားမှုနှင့် အတူ ကိုယ်ကျင့်တရား ပျက်စီးလှိုက်စားခြင်း စာရိတ္တနိမ့်ပါးသော ပြုမူမှုများ တဖြည်းဖြည်း ပေါများ လာခြင်းတို့ ပေါ်လွင်လာသည်။ လက်နက်ရှိသူ အာဏာရှိသူ အုပ်ချုပ်သူတို့က အုပ်ချုပ်ခံ ဆင်းရဲသား လူမျိုးတူချင်း အပေါ် ခြိမ်းခြောက် စောင့်ကြည့် အုပ်ချုပ်ရေး စနစ် အသွင်မပြောင်း ရှိနေမြဲဖြစ်သည်။ မြို့ပြ လူမြင်ကွင်း စည်ကားရာ အရပ်တို့တွင် လက်နက်ကိုင် ရဲကားများ ၊ စစ်ကားများ ဥဒဟို သွားလာ စောင့်ကြည့် အင်အားပြပြီး လူထုကို ခြိမ်းခြောက် အုပ်ချုပ်သော စနစ် တည်ရှိ နေမြဲဖြစ်သည်။ ထို့ကြောင့် မြန်မာတို့သည် မပြံုး မရယ် မှုန်ကုတ်သော မျက်နှာပေးများဖြင့် အလိုမကျသော ရင်တွင်းစိတ်ကို မြိုသိပ်ကာ ဟန်လုပ် အသက်ရှင်နေရသော စက်ရုပ်များနှယ် ဖြစ်နေတော့သည်။ ပြည်တွင်းမှ လူထု အခြေအနေမှာလည်း ဤသို့ဖြစ်သည်။

အသိဉာဏ်နည်းသူ ခံယူချက် မရှိသူ စာရိတ္တ နိမ့်ပါးသူတို့ တန်ခိုး ထွားနေမြဲ ဖြစ်သည်။ ဥပမာ ဆိုရလျှင် ထောင်က ထွက်လာသူများ။ ရပ်ကွက်တွင် ဆိုးပေ မူးယစ် သောက်စား ရမ်းကားလေ့ ရှိသူများအား ရပ်ရွာ စောင့်ကြည့်အုပ်ချုပ်ရေး အကူအဖြစ် အာဏာပိုင်တို့က မွေးစား ပေးကမ်းထားသည်။ စာမတတ် ပေမတတ် ၊ ခံယူချက် ဆိုသည် နတ္တိဖြစ်သည့် ထို လူတန်းစားတို့သည် စစ်အုပ်ချုပ်ရေး ယန္တရား ကို အထောက်အကူ ပြုမည့် ဆက်သွယ်ရေး ကရိယာ အိုက်ကွန်နှင့် ဖိနှိပ်ရေး ကရိယာ လက်ထိပ်၊ နံပတ်ဒုတ် ကိုင်ဆောင်ခွင့် တို့ကို မဟာ့ မဟာ အာဏာပိုင်ကြီးများ အလား ခံယူကျင့်သုံးကာ ရပ်ကွက်အတွင်း ဗိုလ်ကျခြင်း အနိုင်ကျင့် စီးပိုးခြင်း၊ ထင်ရာစိုင်းခြင်း ကိုယ်ကျိုးရှာခြင်းတို့ ပြုလုပ်နေကြသည်။

စီးပွားရေး ကြပ်တည်းသောကြောင့် နဂိုရ်ကမှ အဆင်မပြေသော ဆင်းရဲသား ပြည်သူတို့သည် အောက်ခြေ အဆင့်ရှိ အာဏာပိုင် လူတန်းစား တို့၏ အနီးကပ် ဂုတ်သွေးစုပ် အမြတ်ထုတ် ခံရခြင်းတို့ကြောင့် ဆင်းရဲတွင်း နက်သည်ထက် နက်ရင်း လူမွှေး မပြောင်နိုင်ကြချေ။ ဤသည်မှာ ယနေ့ မြန်မာပြည် ရန်ကုန်မြို့တွင်း နေ ပြည်သူတို့၏ အဖြစ်မှန် ခံစားချက်များ ဖြစ်သည်။

ဖိသူကို အဖိခံရသူက ဦးမော ့မကြည့်နိုင်သေးသည့် အချိန်မို့ အံကြိတ် တေးမှတ်မှုများက ဖြစ်နေမြဲ ဆိုသည်ကိုသာ တွေ့ရတော့သည်။ အရှိအတိုင်း မထောက်မကွယ် မကြောက်တန်း ဆိုရလျှင် မြန်မာ့ပြည်တွင်းတွင် တရားဥပဒေသည် ခိုင်မာ ညီညွတ်မျှတမှု မရှိသေးဟု ဆိုရမည်။ လူမျိုးတူချင်း မညီမညွတ် ဖြစ်နေသေးသော ယနေ့နိုင်ငံ အခြေအနေနှင့် မတိုးတက်သေးသော နိုင်ငံရေး ကစားကွက်များက အနာဂတ် မိမိတို့ မျိုးဆက်သစ်များ အတွက် အရိပ်အယောင် သာသာ တက်ချည်လှည့်ချည် တိုးချည် ဆုတ်ချည် ဖြစ်နေသေးသည်မို့ စိတ်မော လူမော ဖြစ်နေရသည့် အထဲ ကိုးကန့်ဒေသ အကြမ်းဖက် သတ်ဖြတ်မှုများ ဖြစ်ပေါ်လာသော အခါ ပိုမို စိတ်ရှုပ်ထွေး ရပါသည်။ တရုတ်ဖြူ ကျုးကျော်ရေး စစ်ပွဲအတွင်းက သမိုင်းပုံရိပ်များကို ပြန်သတိရလာသည်။

ယနေ့ သတင်းစာပါ မြန်မာ့ တပ်မတော်ဘက်မှ အထိအခိုက် အကျအဆုံး နာရေး သတင်းများ ဖတ်မိသော အခါ စစ်သား တဦး၏ စစ်စိတ်စစ်သွေး ပြန်လည်နိုးထလာ မိသည်။ အသက်စတေး ပေးဆပ်သွားသော မိမိတို့ လူမျိုး မြန်မာနိုင်ငံသား သူငယ်ချင်း ညီနောင် စစ်တပ် အရာရှိ အရာခံ များ အကြပ်စစ်သည်များ ကျဆုံးသည့် သတင်းနှင့် အသေဆိုးဖြင့် သေဆုံးနေကြသည့် ရဲတပ်ဖွဲ့ဝင် အလောင်းများကို ပုံနှိပ်ထားသည်ကို မြင်ရသော အခါ အထူး စိတ်မကောင်းရပါ။ ရဲတပ်ဖွဲ့ဝင်တိုင်း ဆိုးသွမ်း ကောက်ကျစ်သော စိတ်ဓါတ်ရှိသူ မဟုတ် ။ ရာထူးအာဏာကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး ရှာနေသူချည်း မဟုတ်နိုင်သလို။ စစ်တပ်တွင်းမှ စစ်သည် အရာရှိတိုင်းသည်လည်း စစ်ဝါဒီ တကိုယ်ကောင်း သမားများ မဟုတ်မှန်း မိမိကိုယ်တွေ့ ဖြစ်သည်။ စစ်သား စစ်ဗိုလ်တိုင်းသည် စစ်အာဏာရှင် စနစ်ကို အမှီပြုပြီး ကိုယ်ကျိုးစီးပွား ရှာစား နေသူချည်း မဟုတ်ပါ။ တကယ် တိုင်းပြည် ချစ်စိတ်ဖြင့် စစ်မှုတာဝန် ထမ်းဆောင်နေသော စစ်သား စစ်ဗိုလ် မြောက်များစွာ ရှိနေကြောင်း ကိုယ်တွေ့ဖြစ်သည်။

နေရာတိုင်း အခြေအနေတိုင်းတွင် အကောင်းအဆိုး အမြဲ ဒွန်တွဲလျှက် ရှိစမြဲဖြစ်သည်။ ထို့ကြောင့် မြန်မာလူမျိုးချင်း ယိုင်းပင်း ညီညွတ်စုစည်းပြီး အနာဂတ် နိုင်ငံတော် သမိုင်းသစ်အတွက် အားသစ် တခု ပေါ်ပေါက်ရန် မဖြစ်မနေ လိုအပ်နေသော ယနေ့ အချိန်တွင် တိုင်းပြည်နှင့် လူမျိုးကို ချစ်သော နိုင်ငံသား တဦးအနေဖြင့် ရင်တွင်း ခံစားရသော ခံစားချက် တခုကို ဖွင့်အံလိုက်ခြင်း ဖြစ်သည်။

အသေအချာ စဉ်းစားမည်ဆိုလျှင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော အရှေ့မြောက် နယ်စပ်မှ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များသည် အနာဂတ် မြန်မာပြည် နယ်နမိတ် ပိုင်ဆိုင် တည်တံ့မှု အချုပ်အခြာ အာဏာနှင့် မြန်မာ့ လူမျိုးရေး ခံယူချက်များအား ကြီးမားသော စိန်ခေါ်မှုတရပ်ကို အစပျိုး ပေါ်ပေါက်စေခြင်း ဖြစ်သည်ဟု ဆိုချင်သည်။

နိုင်ငံရေး အခြေအနေကလည်း ရှုပ်ထွေး ဝေဝါးသထက် ဝေဝါးလာပြီး လက်ရှိ စစ်အာဏာရှင် စနစ် ဖရိုဖရဲ ဖြစ်လာနိုင်မည်ကို ဟန့်သော အနေဖြင့် ပြည်တွင်းစစ် အစပျိုး ဖန်တီးသည်ဟု ဆိုကောင်း ဆိုနိုင်မည် ဖြစ်သော်လည်း၊ နိုင်ငံရေး အကျပ်အတည်းပေါ် ထွက်ပေါက်တခု အနေဖြင့် ဖန်တီးသည့် စစ်ရေး ဗန်းပြသော စိတ်ဓါတ်စစ်ဆင်ရေး တခု ဖြစ်ကောင်းဖြစ်မည် ဆိုနိုင်သော်ငြားလည်း၊ သေဆုံးသူများသည် မိမိတို့ လူမျိုးတူချင်း မြန်မာ တိုင်းရင်းသားများ ဖြစ်ပြီး သတ်ဖြတ် သွားသူများမှာ လူမျိုးခြား နိုင်ငံခြားသားများ ( ကိုးကန့်တိုင်းရင်းသား ဟု အမည်ခံယူထားသူ) များဖြစ်သောကြောင့် လက်သည်းထိပ် ဆိတ်လျှင် လက်ထိပ်နာရမည်ပင် ဖြစ်သည်။

တရုတ်လူမျိုးစု အနွယ်ဝင်ဖြစ်သော ထို အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံသား မြန်မာလူမျိုး တဦးဖြစ်ပြီး မျိုးချစ်စိတ်ဓါတ် ရှိသော မိမိအနေနှင့် မြန်မာပြည်တွင်း အခြေချပြီး မတရား စီးပွားရှာခြင်း များဖြင့် ပွားစီးနေခြင်းကို လုံးဝ လက်မခံနိုင်ပါ။ ရန်ကုန် မန္တလေး မြို့ကြီးများတွင် ကိုးကန့် ငြိမ်းချမ်းရေး အဖွဲ့ အမည်ခံပြီး သေနတ် တကားကားဖြင့် မူးယစ် ရမ်းကားနေသော တရုတ်အနွယ်ဖွါး အကြမ်းဖက်သမားများ ရန်မှ မြန်မာလူမျိုးတို့ ကင်းလွတ်ခြင်း အစရှိသည့် တိုင်းတပါးသားတို့ နိုင်လိုမင်းထက် အနိုင်ကျင့်မှုမှ လွတ်မြောက်လိုလျှင် ထို လူမျိုးခြားများ မြန်မာ့ မြေပေါ်မှ လုံးဝ ကင်းစင်သွားအောင် တိုက်ထုတ် ရှင်းလင်း ပစ်နိုင်မှ ရမည်ဖြစ်သည်။

မည်သို့ပင် ဆိုစေ ကိုးကန့်ခေါ် တရုတ်လူမျိုးတို့၏ သတ်ဖြတ်ခြင်းကို ခံသွားရရှာသော သူငယ်ချင်း ညီနောင် စစ်သည် အရာရှိများဘက်မှ နာကျည်းစွာခံပြင်း မိကြောင်း ရိုးဖြောင့်ရှင်းလင်းသည့် ရဲဘော် ရဲဘက် စိတ်ဓါတ်ဖြင့် အတိအလင်း ဖေါ်ပြလိုက်သည်။ နိုင်ငံရေးတွင် မည်သည့်အခါမှ မိတ်ဆွေအဖြစ် ထာဝစဉ် မဖြစ်နိုင်သလို မည်သည့်အခါမှလည်း ရန်သူအဖြစ် ထာဝစဉ် သတ်မှတ်ထား၍ မရသည်ကို ယနေ့ ဖြစ်စဉ်က သက်သေ ပြလိုက်သည်ဟု ခံယူသည်။

ယနေ့ စစ်တပ်အစိုးရနှင့် ့လွန်စွာ ပနံသင့်ခဲ့သော တရုတ် လူမျိုးအနွယ် ကိုးကန့်လက်နက်ကိုင် တပ်များ ယခု အပြန်အလှန် တိုက်ခိုက် လာခြင်းက သက်သေဖြစ်သည် ။ ၎င်းတို့ မည်သည့်နည်းဖြင့် ရပ်တည်စီးပွား ရှာစားခဲ့သည်။ မည်သို့သော လူမျိုးရေး မဟာဗျူဟာများဖြင့် နိုင်ငံရေး ကျောထောက် နောက်ခံပြု စီးပွားရေး မဟာဗျူဟာများ ချမှတ်ကာ မြန်မာ့ နိုင်ငံရေးကို မည်သို့ ကစားနိုင်ရန် ၎င်းတို့ လုပ်ဆောင်နေသည် ကိုလည်း ကျွနု်ပ်တို့ ကောင်းကောင်း သိရှိနေပြီဖြစ်သည်။ တရုတ်တို့၏ မြန်မာနိုင်ငံပေါ် လွှမ်းမိုး ချယ်လှယ်ရေး ခြေတံလက်တံများ အနက် ဤကိုးကန့် တရုတ်လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း တခု အပါအဝင် ဖြစ်သည်ကို ကျွနု်ပ်တို့ ကောင်းစွာ သိသည်။ သူတို့သည် လူသားတို့အတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်သည့် လူညွန့်တုံးစေနိုင်သော မူးယစ်ဆေးဝါးများ မူးယစ် အနွယ်ဝင်သော ဆေးဝါးများ ထုတ်လုပ်ရောင်းဝယ် သယ်ဆောင် ဖြန့်ဖြူးခြင်း လုပ်ငန်းများဖြင့် အသက်ရှင် ရပ်တည်သော လက်နက်ကိုင် မှောင်ခိုစီးပွားရေး အဖွဲ့တခုသာ ဖြစ်သည်။

လူသားစိတ်ရှိသော မြန်မာနိုင်ငံသား တဦးအနေဖြင့် မည်သည့်ဘက်မှ မလိုက်ဘဲ စိတ်ရင်းအတိုင်း ဝေဖန်ရမည် ဆိုလျှင် “ကိုးကန့်” ဖြစ်စေ “၀” လူမျိုး ဖြစ်စေ အမည်ခံထားသော မကောင်းမှု ဒုစရိုက် မူးယစ်ဆေးလုပ်ငန်း လုပ်ကိုင်သော မည်သည့် တရုတ်လူမျိုးကို မဆို မြန်မာ့မြေပေါ်တွင် တလက်မ မှ ခြေချခွင့် မပြုသင့်ဟု နိုင်ငံသား တဦးအနေဖြင့် ဆိုချင်သည်။ သူတို့သည် ယနေ့ ခေတ်ကျမှ မြန်မာပြည်တွင် မရှိသော လူမျိုး အမည်တပ်ကာ မြန်မာ့မြေတွင်း ကျူးကျော် လာသူများသာ ဖြစ်သည်ဟု ခံယူသည်။

လက်ရှိ အာဏာပိုင်ဖြစ်သော တပ်မတော် ထိပ်သီးပိုင်း စစ်ခေါင်းဆောင်များ အနက်မှ နိုင်ငံနှင့် လူမျိုး အကျိူးကို ရှေးရှုသော စစ်ခေါင်းဆောင်တို့၏ တိုင်းပြည်ပေါ် ထားရှိလာနိုင်မည့် စေတနာ အနစ်နာခံမှု အမိနိုင်ငံတော် အချုပ်အခြာ ပိုင်နက်ကို ကာကွယ်ရေး စစ်ရေးဦးဆောင်မှုကို မျှော်လင့် စောင့်ကြည့်ရင်း တဖက်မှ အုပ်ချုပ်ရေး အာဏာကို တဖက်စွန်းရောက်စွာ အသုံးပြုပြီး ကိုယ်ကျိုးစီးပွား ရှာစားနေသော အာဏာပိုင် အကြီးအငယ် မဟူ ကိုလည်း တရားဥပဒေ နည်းအရ (သို့) လူထုလှုပ်ရှားမှု နိုင်ငံရေး နည်းလမ်းများအရ ဆန့်ကျင်ဝေဖန် ဖယ်ရှားနိုင်ရေး ကျွန်ုပ်တို့ မဖြစ်မနေ ကြိုးပမ်းကြရအုန်းမည် ဖြစ်သည်။

မည်သူမှ မသာ မနာသော ပြောင်းလဲ ရေးဖြစ်စဉ် တခုကို တင်ပြပါ ဆိုလျှင် ယနေ့ တပ်မတော် လက်ရှိစစ်အစိုးရ အဖွဲ့အတွင်းမှ မျိုးချစ် စစ်ခေါင်းဆောင်များ ဦးစီးပြီး အမျိုးသားရေး ယုံကြည်ချက် ပင်ကိုယ် အတွေးအမြင်ဖြင့် သမိုင်းက တောင်းဆိုလာပြီ ဖြစ်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စတင် လုပ်ဆောင်ရန်သာ ဖြစ်သည်။

တပ်မတော် အတွင်း သမိုင်းမှန်များ ပေါ်ပေါက်ရေး၊ တပ်တွင်း စာရိတ္တ သန့်ရှင်းရေး ခဝါချရေး။ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကို အမျိုးသားရေး တာဝန် အသိဖြင့် မည်သူ့ ပြစ်တင်ဝေဖန် ထောက်ပြမှုကိုမှ မခံပဲ စစ်နည်းပရိယာယ် ကြွှယ်ကြွယ်ဖြင့် ပိရိသေသပ်စွာ လုပ်ဆောင်ရန်သာ ရှိပါတော့ကြောင်း!

ညီတိုးငြိမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here