သူပုန်ဆိုးပေ

ဒီတခေါက် ရန်ကုန်ဘဆွေရဲ့ လက်ရာကောင်း ၀တ္ထုတပုဒ်ဖြစ်တဲ့ “သူပုန်ဆိုးပေ” ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖို့ အတွက် ညွှန်းချင်ပါတယ်။ ဒီစာအုပ်ဟာ မူရင်း ရှားပါးသွားပြီ ဖြစ်လို့ မြန်မာနိုင်ငံရဲ့ စာအုပ် ဈေးကွက်များမှာ ကော်ပီစာအုပ်ပဲ ဝယ်ယူရရှိနိုင်ပါ တော့တယ်။

 “သူပုန်ဆိုးပေ” စာအုပ်ဟာ ဆရာရန်ကုန်ဘဆွေရဲ့ လက်ရာကောင်းတွေ ထဲကမှ တခုဖြစ်ပြီးတော့ ၁၉၇၀ ဒီဇင်ဘာလမှာ “ချိုးဖြူ” စာပေတိုက်ကနေ ထုတ်ဝေခဲ့တာပါ။ “ချိုးဖြူ” စာပေတိုက် ဆိုတာကလဲ ဒီအချိန် ဒီကာလဆီက စာကောင်းပေကောင်းတွေ ထုတ်ဝေပြီး စာပေ အစဉ်အလာရှိတဲ့ စာအုပ်တိုက်ဖြစ်ပြန် ရန်ကုန်ဘဆွေရဲ့ ကလောင်သွား ကလဲ ထက်ဆိုတော့ ဒီစာအုပ်လေး က ဘယ်လောက် ကောင်းလိုက်မလဲ ဆိုတာ အကျယ်တဝင့် ညွှန်းစရာတောင် လိုမယ် မထင်တော့ပါဘူး ။

ဒီ “သူပုန်ဆိုးပေ” စာအုပ်ဟာ ၀တ္ထုဆိုပေမယ့်လဲ တကယ့် ဖြစ်ရပ်မှန် မဟုတ်ပါဘူးလို့လဲ မပြောနိုင်ပါဖူး။ ၀တ္ထုထဲက ဇာတ်လိုက် ဆိုးပေဟာဆိုလို့ ရှိရင်လဲ ရန်ကုန်ဘဆွေ မဟုတ်ဘူးလို့ မငြင်းနိုင်လောက်အောင်ကို ဆရာရန်ကုန်ဘဆွေ ရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်ကို ထင်ဟပ်နေတဲ့ စာအုပ်လေး တအုပ်ပါ။ ဆိုးပေ ဇါတ်ကြောင်းရဲ့ နောက်ခံ ကာလများကတော့ ရန်ကုန်ဘဆွေ သူ ဖြတ်သန်းလာ ခဲ့ရတဲ့ အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး ကာလနဲ့ ဖက်ဆစ်တော်လှန်ရေး စပ်ကူးမတ်ကူး ကာလအပေါ်မှာ အခြေပြုပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။

စာရေးဆရာ ဆိုတာက ကလဖန်ထိုးသူ လိုပဲ …… ဟိုအဖြစ်အပျက်၊ ဒီအဖြစ်အပျက်၊ ဟိုအကြောင်းအရာ၊ ဒီအကြောင်းအရာ၊ သူ့စိတ်ကူး၊ ကိုယ့်စိတ်ကူး…တည်းဟူသော ဖဲချပ်မျာ းစုပေါင်းပြီး ကလဖန် ထိုးရတာ ကလား ကလဖန် အထိုးကောင်းလေ စာရေးဆရာဟာ တော်လေ ထင်ရှားလေပဲ” အဲဒီလို မြန်မာ့ဂန္တဝင် စာရေးဆရာကြီး သိန်းဖေမြင့်က ဆိုခဲ့သလိုပဲ ဆရာ ရန်ကုန်ဘဆွေဟာ သူ ကျင်လည်ခဲ့ရာ နောက်ခံကာလ၊တွေ့ကြံု သိခဲ့ရသော ဖြစ်ရပ်မှန်၊ သူ ဖြတ်သန်းလာခဲ့သော ဘဝအတွေ့အကြံု များအပေါ် အခြေပြု ကလဖန်ထိုးပြီး “သူပုန်ဆိုးပေ” တည်းဟူသော ဇာတ်ကောင်ကို မွေးဖွားခဲ့ကြောင်း လေ့လာတွေ့ ရှိရပါတယ်။

မိဘ မျိုးရိုးစဉ်ဆက် ထဲက မာနကြီးပြီး မဟုတ်မခံ သတိ္တရှိသောမျိုးရိုး၊ ပစ္စည်း ဥစ္စာနှင့် ပြည့်စုံသော မျိုးရိုးမှ ဆင်းသက်လာသူမို့ ထိုစိတ်ဓါတ်တို့ အမွေခံံပါလာကာ မိဘဆွေမျိုး များကို အားကိုးမှု မရှိပဲ အပင်ပန်း အဆင်းရဲခံပြီး မိမိရည်မှန်းချက်အတိုင်း ပေါက်မြောက် အောင်မြင်အောင် လုပ်တတ်သည့် ဆိုးပေ စရိုက်သည် ယောကျ်ားဆန်သော စိတ်ဓါတ်အား ကွက်ကွက် ကွင်းကွင်း ပေါ်လာအောင် ဆရာ ရန်ကုန်ဘဆွေက ရေးသားခြယ်မှုန်း ဖေါ်ကျူးထားနိုင်သည်ကို လေ့လာ တွေ့ရှိရပါသည်။

ငယ်စဉ် မရင့်ကျက်သေးသော ဘုန်းကြီး ကျောင်းသားလေး ဆိုးပေဘဝမှ ဘဝအတွေ့အကြံု သင်ခန်းစာများ သဘောတရား ရေးရာများကြောင့် ရင့်ကျက်မှု ရှိလာသော ဆိုးပေ၊ လူ့ လောကကို ကန့်လန့်တိုက် အရွဲတိုက် တတ်သော ဆိုးပေ၊ မှန်သည်ထင်တာကို ဇွတ်တရွက် လုပ်တတ်သော ဆိုးပေ ဘဝအား ပီပြင်စွာ ခြယ်မှုန်းထားသည်ကို တွေ့ရှိရသည်။

ထိုစာအုပ်တွင် ဆရာရန်ကုန် ဘဆွေက……… မာနကြီးသော ဆိုးပေ၊ စာအလွန်ဖတ်သော ဆိုးပေ၊ အိမ်မှနှင်ချ ခံလိုက်ရသော ဆိုးပေ၊ လောက အလယ်တွင် ဘဝတိုက်ပွဲအား ခက်ခဲပင်ပန်းစွာ ဆင်နွှဲပြီး၊ လောကကို ထီမထင် စိက်ထားနိုင်သော ဆိုးပေ၊ နဂါးနီစာပေတိုက် လက်ထောက်အယ်ဒီတာ ဆိုးပေ၊ နိုင်ငံရေးသမား ဖက်ဆစ် တော်လှန်ရေးသမား ဆိုးပေ ……. စသည်ဖြင့် သူ့ပုံရိပ်ကို အခြေပြုပြီး ဆရာ ရန်ကုန်ဘဆွေက ဆိုးပေ ဘဝအား ပြောင်မြောက်စွာ ရေးသားခြယ်မှုန်း ထားသည်ကို လေ့လာတွေ့ရှိ ရသည်။

စာရေးသူ လေ့လာချက်အရ ထိုစာအုပ်တွင် ဆရာ ရန်ကုန်ဘဆွေ အဓိက ပေးချင်သော မက်ဆေ့ချ် မှာ ……. လူရယ်လို့ ဖြစ်လာရင် ကိုယ်ယုံကြည်ရာ အတွက် ပင်ပန်းဆင်းရဲမှုတွေကို မကြောက်ပဲ အမှန်တရားအတွက် ရဲရဲရင့်ရင့် ရင်ဆိုင် တိုက်ပွဲဝင်နေကြသော သူများ၏ ဘဝကို တိုက်ပွဲအဖြစ်သဘော ထားသူများ၊ အမှန်တရားအတွက် ရဲဝင့်စွာ လုပ်ဆောင်နေကြသူ များအတွက် အထူး ရည်ညွှန်းထားသော စာအုပ်ကောင်း တအုပ်ဖြစ်ကြောင်းကို လက်တို့ တင်ပြ လိုက်ရပါတယ်။

လေးစားစွာဖြင့်…….

ကိုကို

LEAVE A REPLY

Please enter your comment!
Please enter your name here