ကယ်လီဖိုးနီးယား တောမီး လော့(စ်) အိန်ဂျယ်လိစ်သို့ ကူးစက်မည် စိုးရိမ်ရ

alt

ကယ်လီဖိုးနီးယား ပြည်နယ်တွင် လောင်ကျွမ်းနေသော တောမီးသည် လော့စ်အိန်ဂျယ်လိစ် မြို့တော်အနီး အထိ နီးကပ် လာမည်ကို မီးသတ် တပ်ဖွဲ့များက စိုးရိမ် နေကြသည်။

တောမီးများ အပြင်းအထန် လောင်ကျွမ်း နေမှုကြောင့် မှိုပွင့်သဏ္ဍာန် မီးခိုးလုံးကြီး များအား လော့စ်အိန်ဂျယ်လိစ် မှပင် မြင်နိုင်ပြီး ယခု အချိန်ထိ မီးသတ်တပ်ဖွဲ့က မီးကူးစက်မှုကို မထိန်းချုပ် နိုင်သေးပေ။

အင်အား ပြင်းထန်လှသော မီးညွန့်များသည် မြေဧက ဟက်တာ (၂၀၀၀၀) ကျော်ကို ၀ါးမြို ခဲ့ပြီးနောက် လူနေအိမ် (၁၀၀၀၀) ကျော်မှာလည်း မီး၏ ခြိမ်းခြောက်မှုကို ခံနေခဲ့ ရသည်။ လော့စ်အိန်ဂျယ်လိစ် မီးသတ် တပ်ဖွဲ့ဝင် (၁၈၀၀) ကျော်တို့သည် အလွန်မြင့်မားသော အပူရှိန်ကို အံတုကာ မီးကို ငြှိမ်းသတ်နိုင်ရန် အသည်းအသန် ကြိုးစား နေရဆဲဖြစ်သည်။

မီးကြောင့် မြို့တော်ကြီး၏ ဒေသ အချို့တို့တွင် လျှပ်စစ်မီးများ ပြတ်တောက်ကုန်ပြီဟု သိရှိရသည်။ မီးငြှိမ်းသတ်ရန် ကြိုးစားရင်း မီးသတ်သမား (၂)ဦး ထက်မနည်း သေဆုံးပြီး မိမိ၏နေအိမ်ကို ကာကွယ်ရန် ကြိုးစားသူ (၃)ဦး မှာလည်း မီးလောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေး တပ်ဖွဲ့က အတည်ပြု ခဲ့သည်။

မီးသည် နေရာ(၈)ခု အထိ ပျံ့နှံ့ ကူးစက်နေပြီး မီးသတ်တပ်ဖွဲ့က နောက်ထပ် သီတင်းတပါတ်မျှ ကြာချိန်အထိ မီးကို ထိန်းချုပ်နိုင်ရန် မလွယ်ကူကြောင်း ၀န်ခံ ထားလိုက်ပြီ ဖြစ်သည်။ မီးသည် ဘစ်တူဂျန်ဂါ  ချောက်ကမ်းပါး၊  လာ ကနေဒါ ဖလီးထရစ်၊ ဂလန်ဒေးလ် နှင့် အော်တန်ဒီနာ ဒေသများတွင် လောင်ကျွမ်းနေရာမှ ဩဂုတ်လ (၃၁)ရက် နေ့က လော့စ်အိန်ဂျယ်လိစ် အနီးရှိ ဆန်ဘာနာဒီနို အမျိုးသား သစ်တောသို့ပါ ကူးစက် လောင်ကျွမ်းခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here