ဆော်ဒီမင်းသား အသေခံ ဗုံးခွဲမှုမှ သီသီလေး လွတ်မြောက်ခဲ့

alt

ဆော်ဒီ အာရေးဗီးယား နိုင်ငံ၏ တော်ဝင်မင်းသား တပါးဖြစ်သော မိုဟာမက် ဘင်နာယက် သည် ယမန်နေ့က အသေခံ ဗုံးခွဲမှု တခုမှ သီသီလေး လွတ်မြောက် ခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း ဩဂုတ်လ (၂၇)ရက် နေ့က ဂျက်ဒါတွင် ဖြစ်ပွားခဲ့သော ဗုံးခွဲမှုကြောင့် မင်းသားမှာ ဒဏ်ရာအချို့ ရခဲ့ကြောင်း ဆော်ဒီ အာဏာပိုင်များက ဆိုသည်။

မင်းသား မိုဟာမက်သည် ဆော်ဒီ နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့၏ အကြီးအကဲ တာဝန်ကို ယူထားသူလည်း ဖြစ်ပြီး ထိုနေ့ ညနေပိုင်းက အသေခံ ဗုံးသမား တဦးသည် ၎င်း၏ နံဘေးတွင် ခန္ဓာကိုယ်မှ ဗုံးစနက်တံ ကိုဖြုတ်ပြီး ဖောက်ခွဲခဲ့သော်လည်း ကံကောင်း ထောက်မစွာ လွတ်မြောက် ခဲ့ကြောင်း ပြည်ထဲရေး ဒုတိယ ၀န်ကြီးက ကြေညာခဲ့သည်။

ထို ကိစ္စအတွက် ဆော်ဒီ အစိုးရဆန့်ကျင်ရေး အယ်ကိုင်ဒါ တပ်ဖွဲ့က ၎င်းတို့တွင် တာဝန်ရှိကြောင်း ချက်ချင်း ကြေညာခဲ့သည်။ ပေါက်ကွဲမှု အတွင်း ဗုံးသမား တဦးသာ သေဆုံးခဲ့ပြီး ၎င်းသည် မင်းသား မိုဟာမက် ရာမဒန် ဥပုသ်နေ့ အခမ်းအနား အတွက် ဧည့်သည်တော် အဖြစ် တက်ရောက် လာစဉ် လုပ်ကြံရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီ ထောက်လှမ်းရေး ဌာနက ဗုံးသမားသည် ၀ရမ်း ထုတ်ခံထားရသည့် အကြမ်းဖက်သမား တဦးဖြစ်ပြီး မင်းသားကို ဦးတည် တိုက်ခိုက်ရန် ကြံရွယ်ထားခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဆော်ဒီ ရုပ်မြင်သံကြား ဌာနက တိုက်ခိုက်မှု ဖြစ်ပွားအပြီး လွတ်မြောက်လာသည့် မင်းသား၏ ပုံကို ထုတ်နှုတ် ဖော်ပြခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here