၁၈နှစ် အကြာ ပြန်ပေး ဆွဲခံရသည့် မိန်ကလေး မိသားစုနှင့် ပြန်ဆုံခွင့်ရ

alt

ပြန်ပေး ဆွဲခံရရာမှ သတင်း အစအန ပျောက်ကွယ်သွားသော မိန်းကလေး တဦးသည် (၁၈)နှစ် အကြာတွင် မိသားစုနှင့် ပြန်လည် တွေ့ဆုံခွင့် ရရှိ ခဲ့ကြောင်း သိရှိရသည်။

ကယ်လီဖိုးနီးယား ပြည်နယ်တွင် နေထိုင်သော အဆိုပါ မိန်းကလေးသည် သူမ အသက် (၁၁)နှစ် သမီးအရွယ်၊ (၁၉၉၁) ခုနှစ်က ပြန်ပေး ဆွဲခံရပြီး နောက် ကာလရှည်ကြာ ပျောက်ကွယ် နေသဖြင့် မိသားစုက အသတ်ခံ လိုက်ရပြီဟုပင် ယူဆ ထားခဲ့သည်။

ရဲတပ်ဖွဲ့၏ မလျှော့သော လုံ့လဖြင့် ရှာဖွေမှုကြောင့် လွတ်မြောက်လာသူ ဂျေစီဒူးဂတ်က သူမအား စုံတွဲတတွဲက လမ်းမပေါ်တွင် အတင်း ဖမ်းခေါ် သွားခြင်းဟု သူမက ပြန်လည် ပြောကြား ခဲ့သည်။ အသက်(၂၉)နှစ် ရှိနေပြီဖြစ်သည့် ဒူးဂတ်အား ဖမ်းဆီး သွားသူများသည် အန်တီယော့ချ်တွင် နေထိုင်ပြီး ထိုနေရာသည် သူမမိသားစု ရှိနေရာနှင့် မိုင်(၁၀၀)မျှသာ ကွာဝေးသည်။

သူမသည် နှစ်ပေါင်းများစွာ အပြင်မှ တံခါးသော့ ခတ်ထားသော တင်းကုပ်လေး တခုတွင် နေခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ သို့သော်လည်း ဒူးဂတ်၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ဒူးဂတ်ကို ဖမ်းဆီးသွားသည့် ဖိလစ်နှင့် နန်စီဂါရီဒိုတို့ လင်မယားကိုမူ ရဲက ရှာဖွေနေဆဲ ဖြစ်သည်။ ဒူးဂတ်မှာ ဒေသဆိုင်ရာ ပြစ်မှု မှတ်တမ်းရှိသူများ စောင့်ကြည့် ထိန်းသိမ်းရေး ရဲဝန်ထမ်း တဦး၏ ရှာဖွေ တွေ့ရှိမှုကြောင့် လွတ်မြောက်လာပြီး မိသားစုနှင့် ပုံပြင်ဆန်ဆန် ပေါင်းစုံခွင့် ရရှိခဲ့သည်။

ဒူးဂတ်၏ ပထွေးဖြစ်သူ ကားပရိုဘန်က ရဲတပ်ဖွဲ့က ဒူးဂတ် အသက်ရှင်လျက် ရှိနေသေးကြောင်း လာပြောခဲ့ချိန်တွင် ၎င်းနှင့် ဒူးဂတ်၏ မိခင်မှာ အံ့ဩ ၀မ်းသာလွန်း သဖြင့် (၁၀)မိနစ်မျှ ငိုကြွေးနေမိကြောင်း သတင်းထောက် များထံ ပြောကြားခဲ့သည်။ ဒူးဂတ်သည် လွန်ခဲ့သော (၁၈)နှစ်က ပန်းရောင်ဆင်တူ ၀တ်စုံလေးဖြင့် အိမ်မှ ထွက်သွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here