ဂျပန် အစိုးရမှ မြန်မာ ကျောင်းသားများ အတွက် စကောလားရှစ် ပညာသင်ဆု ပေးမည်

alt

ဂျပန် အစိုးရသည် မြန်မာ ကျောင်းသား များအတွက် စကောလားရှစ် အပြည့် အဝ ပေးသွားမည့် အစီအစဉ် တခု ရေးဆွဲ ဆောင်ရွက်နေကြောင်း သိရှိ ရသည်။

လူမှု ဆက်ဆံရေး နှင့် နည်းပညာ နယ်ပယ်တွင် တက်ရောက် သင်ကြား နေသည့် မြန်မာ ကျောင်းသားများ အတွက် ဒေသဆိုင်ရာ ဖွံ့ဖြိုးမှု စီမံကိန်း အတွက် စကောလားရှစ် ပေးသွားရန် စီစဉ်နေကြောင်း ဂျပန် သံရုံး၏ ကြေညာချက်ကို ကိုးကားပြီး ရန်ကုန်တိုင်းမ် ဂျာနယ်က ရေးသား ဖော်ပြခဲ့သည်။

ယခု စီမံကိန်းသည် အာရှ လူငယ်အဖွဲ့ ပရိုဂရမ်ကို ကိုးကား ဆောင်ရွက်ခြင်း ဖြစ်ပြီး လူသား အခွင့်အရေး၊ ပေါင်းသင်း ဆက်ဆံမှု သိပ္ပံပညာ၊ အင်ဂျင်နီယာ နှင့် သဘာဝ သိပ္ပံစသော ပညာရပ်များတွင် Ph.D ဘွဲ့ရများ ထွက်ပေါ်လာရေး အတွက် ရည်ရွယ်ထားကြောင်း ဂျာနယ်က ဖော်ပြခဲ့သည်။

ထို အစီအစဉ် အတွက် မာစတာဘွဲ့ရ ကျောင်းသားများကို ရွေးချယ်သွားရန် သံရုံးက စီစဉ်နေပြီး အသက် ကန့်သတ်ချက် အနေဖြင့် (၃၅)နှစ် အောက်ဟု သတ်မှတ်ထားကြောင်း သိရှိရသည်။ ရွေးချယ် ခံရသူများသည် (၂၀၁၀) ခုနှစ်၊ ပညာသင်နှစ် အတွက် ဂျပန်နိုင်ငံတွင် စကောလားရှစ်ဖြင့် ပညာသွားရောက် သင်ကြားခွင့် ရရှိမည်ဖြစ်ပြီး လျှောက်လွှာများကို အောက်တိုဘာ (၁၆)ရက် နေ့တွင် ပိတ်သိမ်း သွားမည်ဖြစ်သည်။

သက်ဆိုင်ရာ ဘာသာရပ် အလိုက် ရွေးချယ် ခံရသူများသည် ဂျပန်နိုင်ငံရှိ အိုဆာကာ တက္ကသိုလ်တွင် ဂျပန်စကားကို (၇)လကြာ ဦးစွာ သင်ယူရဦးမည် ဖြစ်သည်။ ဂျပန် အစိုးရသည် အဆိုပါ ပရိုဂရမ်အရ (၁၉၉၆)ခုနှစ် နောက်ပိုင်း မြန်မာကျောင်းသား (၂၃)ဦး အထိ စကောလားရှစ် ထောက်ပံ့ ပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here