နာဆာ၏ Discovery လွန်းပျံယာဉ် လွှတ်တင်မှု ရွှေ့ဆိုင်းလိုက်ခြင်း

alt

NASA က ၎င်းတို့သည် ဩဂုတ်လ (၂၆) ရက်နေ့ အစောပိုင်းက လွှတ်တင်ရန် စီမံထားသည့် လွန်းပျံယာဉ် Discovery တွင် ချို့ယွင်းချက် တခု တွေ့ရှိပြီးနောက် အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း ကြေညာခဲ့သည်။

ဩဂုတ်လ (၂၅)ရက် နေ့က ဟိုက်ဒြိုဂျင်အရည် လောင်စာလိုင်း တခုရှိ အဆို့တခုမှာ ပုံမှန်အတိုင်း အလုပ် မလုပ်နိုင်သည်ကို တွေ့ရှိပြီးနောက် လွန်းပျံ လွှတ်တင်ရေး အစီအစဉ်ကို ဆိုင်းငံ့ထားရန် NASA က ဆုံးဖြတ ်ချက်ချလိုက်သည်။

ဩဂုတ်လ (၂၆)ရက် နေ့တွင် ထိုအဆို့အား အင်ဂျင်နီယာ များက ပြန်လည် ပြင်ဆင်နေပြီး အဆို့တွင် တပ်ဆင်ထားသည့် အာရုံခံ စနစ်တွင် လွဲချော်မှု တခုခု ရှိနေနိုင်ကြောင်း ယူဆထားသည်။ ထိုအဆို့အား အောင်မြင်စွာ ပြင်ဆင် နိုင်ခဲ့ပါက လွန်းပျံယာဉ်ကို ဩဂုတ်လ (၂၈)ရက် နေ့တွင် လွှတ်တင်ရန် NASA က စီစဉ်ထားပြီ ဖြစ်သည်။

သို့သော်လည်း စိတ် ကျေနပ်လောက်သော လုံခြံုရေး အခြေအနေ အထိ ရှိနေပါမှ ထိုကိစ္စအား အကောင်အထည် ဖော်မည်ဟု NASA က အတည်ပြု ထားသည်။ အကယ်၍ လွန်းပျံယာဉ်၏ အင်ဂျင်တွင် အစားထိုးရမည့် အခြေအနေမျိုး ကြံုလာပါက အောက်တိုဘာ (၁၇)ရက် အထိ ရွှေ့ဆိုင်း ရနိုင်ကြောင်းလည်း အင်ဂျင်နီယာ များက ဆိုသည်။

အဘယ်ကြောင့် ဆိုသော် ထိုနေ့မတိုင်မီ အတော်အတွင်း နိုင်ငံတကာ အာကာသစခန်းသို့ ဦးတည် လွှတ်တင်မည့် ဂျပန်နှင့် ရုရှားဒုံးပျံ များနှင့် ထိခိုက်မိခြင်း မရှိစေရန် အချိန်ယူ နောက်ဆုတ်ရခြင်း ဖြစ်ကြောင်း သိရှိရ ပြန်သည်။

NASA ကမူ လွန်းပျံယာဉ်တွင် ပြဿနာ ဖြစ်နေသော အဆို့သည် ကြီးမားသော ပျက်စီးမှုမျိုး မဖြစ်နိုင်ဟု မျှော်လင့်နေပြီး ဩဂုတ်လ (၂၈)ရက် နေ့တွင် ကနေဒီ အာကာသ လေ့လာရေး စခန်းမှ လွှတ်တင်နိုင်ရန် ယုံကြည်ချက် ထားရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here