ဖြစ်ပုံစုံလင် သည်လတွင် (ဩဂုတ်)

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူဖြင့် အမိမြန်မာ နိုင်ငံအတွင်း နေထိုင်နေသည့် လူအများသည် အာဃာတဖြင့် အတ္တများ ယှဉ်ပြိုင်နေသည်မှာ ၀မ်းနည်းစွာ တွေ့ရှိရသည်။

အင်အားကြီးမားသည် ဆိုပြီးတော့ အင်အားမဲ့သော တယောက်ရဲ့ သဘောထားကို ပျက်ရယ်ပြုပြီး ဆောင်ရွက်နေလျှင် နောက် မျိုးဆက်များ အတွက် အဆိုးအမွေများ ရရှိမည်သာ ဖြစ်၏။ နယ်စပ်ဒေသ တရိုးတွင်လည်း ယခုတလောတွင် သေနတ်ပေါက်သံ စည်ပင်လာသည်မှာ နိုင်ငံ အတွက် ကောင်းသည့် လက္ခဏာတော့ မဟုတ်ခဲပြီ။

လူတယောက်ရဲ့ ကောင်းကွက်ချည်းလဲ လိုချင်လို့တော့ မရပါ ဆိုးကွက်တွေက ဒွန်တွဲနေနေသည်မှာ ဓမ္မတာသာ ဖြစ်ပေသည်။ တိုင်းပြည် ကောင်းကျိုးအတွက် ငါလုပ်လျှင် ဖြစ်တယ် ဆိုတာထက် နှစ်ဦးနှစ်ဖက် ဆန့်ကျင်ဖက် အမြင်များကို စုစည်းပြီး တည်ထောင်ခဲ့သော် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူနှင့် ကိုက်ညီမည်သာ ဖြစ်၏။ အင်အားကြီးလို့ တယောက်က အနိုင်ယူနေလျှင် ရင်ဆိုင်အားနည်းသော တစုံ တယောက်က နာကျည်းစိတ်များဖြင့် မျက်ရည်ဝဲရ၊ ထို မျက်ရည်စက်တွေနှင့် အတူ မခံချင်စိတ် စိတ်ဓါတ်တွေ ပေါက်ဖွားနေလျှင် ဘယ်မှာ ငြိမ်းချမ်းရေး ရမည်နည်း။

ယခုလ အစောပိုင်း အတွင်း အမိန့်ချပြီးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမှုသည် မည်သူ လက်ချက်ဟု အလွန်စွာ ခန့်မှန်းရ ခက်ခဲသော အမှုတခု ဖြစ်သည်။ သေချာတာက စစ်အစိုးရ၏ လက်ချက်ဟု ယေဘုယျ တွေ့ကြည့်နိုင်သည်။ နိုင်ငံရေး လေ့လာ သုံးသပ်သူများကလည်း စစ်အစိုးရအား လက်ညှိးထိုး၏။ ထိုကဲ့သို့ ခန်မှန်းရခက်သော အမှုဟာ စစ်အစိုးရကပဲ အကွက်ကျကျ ပြုလုပ်ခဲ့သလား.. ဒါမဟုတ် လွတ်မြောက် (နယ်စပ်ဒေသကို မဆိုလို) ဒေသမှ စစ်အစိုးရ လိုလားသော လူတချို့နှင့် စည်ဝါးကိုက် ရိုက်ချက်လား.. ဒါမဟုတ် ယက်တောကပဲ သူ့စိတ် သူ့ကိုယ်ဖြင့် မည်သူနှင့်မှ အဆက်အသွယ် မရှိပဲ ၀င်ရောက် ခဲ့သလား… ဇဝေဇဝါ ဖြစ်နေသည်။ မည်သို့ပင် ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်ဟာ မည်သူပင် လာလာ မည်သို့ပင် ပြုပြု အခါအခါ နစ်နာခဲ့ရ ချေသည်။

ယနေ့ နိုင်ငံအတွင်း ထိပ်တိုက် ယှဉ်ဆိုင်မှုဟာ အာဏာပိုင်များက အုပ်စုဖွဲ့ပြီး တပ်မတော် ဖခင်၏ မျိုးဆက်ကို သူ့ အဖေ တပ်ဆင်ပေးခဲ့သော လက်နက်ဖြင့် မတရား အနိုင်ယူနေသည်ကို တွေ့ရှိရသည်။ ၈၈၈၈ ကာလတွင် တိုင်းပြည် သွေးချောင်းစီးမည့် ပြည်သူနှင့် အစိုးရ ထိပ်တိုက် ရင်ဆိုင်ခဲ့သော ဖြစ်ရပ်များမှ ကြားက ၀င်ရပ်ပေးပြီး ထိန်းသိမ်းပေးခဲ့၍ စစ်တပ်၏ ပထမ ချပေးခဲ့သော ရွေးကောက်ပွဲဖြင့် အနိုင်ယူရေးမှုကို စွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့သည်မှာ အောင်မြင်ခဲ့သည်။ သို့သော် ထို ရလဒ်ကို အသိအမှတ်ပြု မခံရပဲ ထောင်သွင်းအကျဉ်းချ ခံလိုက်ရသည်။ နောက်တဆင့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း သူတို့ ရှုံးနိမ်မည်ကို တွေးကြောက်သဖြင့် သူမအား တသက် ထောင်ဒဏ်ပုံစံသွင်း လိုက်သည်။ ဒါတောင် တပ်မတော် ဖခင် မျက်နှာထောက်တယ် ဆိုပဲဟု မစားရ ဝ ခမန်း တုန့်ပြန်မှုတွေ ကြားလို့သာ ယုံလိုက်ရ၏။

ထိုအမှုတွင် အဓိက သရုပ်ဆောင်ခဲ့သော အမေရိကန်နိုင်ငံသား ယက်တော ကိုသာလျှင် ကျမ်းစာအုပ်ကို သက်သေပြု ကျမ်းကျိမ်ပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် ဒေါ်စု အိမ်သို့ ၀င်ရောက်ခဲ့သနည်း.. သူအား ထွက်ဆိုခိုင်းမှသာ သိရှိနိုင်မည်။ သို့သော် ၎င်းအမှုအတွင်း သူထွက်ဆိုခဲ့သော အမှန်စကားများကို မီဒီယာ၌ သိပ်မတွေ့ရပေ။ ဘုရားသခင် လွှတ်လိုက်သည်ဟု ယောင်နန စကားသာ ကြားသိရသည်။ ထို့ကြောင့် အပြင်လူအနေဖြင့် ခန့်မှန်းရ ခက်သော ပုစာ္ဆတခု ဖြစ်လာရ၏။

အရူးက တမူးသာ ဆိုရလေမလား..? သေချာတာက ယက်တော၊ စစ်အစိုးရနှင့် အမေရိကန်နိုင်ငံသာ အမြတ်ထွက်ခဲ့သည်။ နောက်တချက်က သူ ပြန်လွတ် လာပြီးနောက် ဘန်ကောက် အရောက်အတွင် သူအနေဖြင့် တကိုယ်တော် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ သလော၊ ဒါမဟုတ် မမြင်နိုင်သော အင်အားတခု၏ ဖိအားပေးမှု ခံနေရသလော.. အထင်ကရ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံသို့ တနည်းနည်းဖြင့် ၀င်ရောက်ပြီး ပြန်လည် ထွက်ခွာလာလျှင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လေ့ရှိသည်။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိသော ကမ္ဘာတွင် လွတ်မြောက် လာပြီးနောက် မိမိတို့၏ အတွေ့ အကြံုကို ရဲဝံ့ဟွာ ဖေါက်ထုတ်ပြောတိုလေ့ရှိရာ ယခုမူကား ယက်တော၏ အသံ မိုးနည်းရပ်ဝန်းက တုံးဖိ ဖားသကဲ့သို့ အသံမထွက် လာခဲ့ပေ။

စစ်အစိုးရ၏ နိုင်ငံခြား အကျဉ်းသားများနှင့် ဆိုင်သော နိုင်ငံခြားရေး မူဝါဒကို ယုတ္တိကျကျ သုံးသပ်ရရင်ဖြင့် မည်သည့် နိုင်ငံခြားသားမဆို ပြန်လွှတ်ပေးခဲ့သည့် အစဉ်အလာရှိသည်။ ဥပမာ။ ။ ၁၉၉၇ – ၉၈ ပတ်ဝန်းကျင်လောက်က အင်္ဂလန်နိုင်ငံသား ဂျိမ်းမော်စလေ (ကြုံရင် သူနဲ့ အတော် ခင်မင်ခဲ့သည်၊ သူနဲ့ ဖြတ်သန်းခဲ့သည် များကို ရေးဖြစ်လိမ့် ဦးမည် ထင်၏ ) အမှု၊ တာချီလိတ်၊ မယ်ဆိုင် ဖက်တွင် မြောက်ကိုးရီးယား နိုင်ငံသားများ ခိုးဝင်မှုများကို ကြည့်မည်ဆိုရင် တွေ့နိုင်ပါသည်။ ယခု ယက်တောအား လွှတ်ပေးခဲ့သည် မှာလည်း ထို နိုင်ငံခြားရေးမှု ၀ါဒအရ ဖြစ်နိုင်ချေရှိသည်။ အာဏာရှင် ဦးနေဝင်း လက်ထက်ကလိုပင် ယနေ့တိုင် မိမိတို့ အချုပ်အခြာ အာဏာပိုင်ဆိုင်ရာ နိုင်ငံအတွင်း မည်သည့်နည်းဖြင့် တရားမဝင် ၀င်ရောက်လာသော သူများကို မိမိနိုင်ငံ၏ ဥပဒေဖြင့် ထိန်းချုပ် နိုင်စွမ်း မရှိချေ။

ပြီးနောက် အမေရိကန် လွတ်တော်အမတ် ဂျက်ဝဘ် ဟာ မြန်မာနိုင်ငံသို့ ရောက်လာပြီး ယက်တော့အား လာထုတ်ခဲ့သည်ဟု ဆိုစေကာမူ အမေရိကန်နှင့် စစ်အစိုးရ လမ်းကြောင်းတခု ပွင့်သွားခဲ့သည် ဆိုရမည်။ အမေရိကန် ပြည်ထောင်စုကပင် လမ်းကြောင်းပွင့်အောင် ပြုလုပ်ခဲ့သည်ဟုလည်း ထင်မှတ်စရာ ဖြစ်လာနေခဲ့ပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ အနှစ် ၂၀ တိုင်တိုင် ချမှတ်ထားသော မူဝါဒများအတွက် ပြန်လည်စီးဆင်း်ရန် လမ်းကြောင်း ပွင့်သွားသည့်ဟု တွေးတော မိသည်။

သို့ဖြစ်ပါ၍ အမေရိကန် နိုင်ငံသား ခံယူထားသော သို့တည်းမဟုတ် မိမိရောက်ရှိနေသော ကမ္ဘာ့နိုင်ငံတွင် နိုင်ငံသား ဖြစ်နေသော မြန်မာလူမျိုးထဲမှ တဦးတယောက်က ယက်တော ကသွားသည့် ဇာတ်လို အကွက်ဆင်ပြီး ၀င်ရောက်လျှင် နိုင်ငံသား ခံယူခွင့် ပေးထားသော နိုင်ငံက ယခုလို လွတ်မြောက်အောင် ကယ်ထုတ်ပေးနိုင်မလား…? ဟု… အတွေး လွင့်မျောရင်းဖြင့် ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအား သုံးသပ်ချက်မိကာ ထိုမျှသာဖြင့် ရပ်နားပါရစေ…။

လူလ

ရွှင်လန်း ချမ်းမြေ့ပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here