ဆေးလိပ် သောက်မှု တိုက်ဖျက်ရေး ဗီယက်နမ် အစိုးရ စတင်ဆောင်ရွက်

alt

ဗီယက်နမ် အစိုးရသည် နိုင်ငံအတွင်း ဆေးလိပ် သောက်မှု တိုက်ဖျက်ရေး အတွက် ဖိဖိစီးစီး စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ (၂၅)ရက် နေ့မှစပြီး နိုင်ငံအတွင်းရှိ လူထူထပ်သော နေရာများတွင် ဆေးလိပ်သောက်မှုကို တားမြစ် လိုက်သလို ဆေးရွက်ကြီး တင်သွင်းမှု အခွန်အခ များကိုလည်း ဈေးနှုန်း တိုးမြှင့်လိုက်ကြောင်း ဗီယက်နမ် အစိုးရက ကြေညာချက် ထုတ်ပြန် လိုက်သည်။

ထို့ကြောင့် ကျောင်းများ၊ ရုပ်ရှင်ရုံများ၊ ဈေးများ၊ အစိုးရရုံးများ၊ ကားဂိတ်၊ ရထား ဘူတာများနှင့် အခြားသော လူထူထပ်သည့် နေရာများတွင် ဆေးလိပ် သောက်ခွင့် မရှိတော့ပေ။ ထို့အတူ ပုဂ္ဂလိကပိုင် စားသောက်ဆိုင် များတွင်လည်း ဆေးလိပ်သောက်ခွင့် မရရှိ နိုင်တော့ပေ။

အစိုးရ၏ ပြဌာန်းချက်သည် (၂၀၁၀)ခုနှစ်၊ ဇန်နဝါရီလ (၁)ရက် နေ့မှ စတင် အကျံုးဝင်မည် ဖြစ်ပြီး အသက် (၁၈)နှစ်အောက် အရွယ်များ ဆေးလိပ် ၀ယ်ယူနိုင်ခွင့် မပြုရန်လည်း တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့ကြောင်း သိရှိရသည်။ ဗီယက်နမ် နိုင်ငံသည် ကမာ္ဘပေါ်တွင် အမျိုးသားများ ဆေးလိပ်သောက်မှု အမြင့်မားဆုံး တိုင်းပြည်တခု အဖြစ် ရပ်တည်နေပြီး မြို့နေ လူတန်းစားများက စီးကရက် သောက်ကြသလို တောနေ လူတန်းစားများကလည်း ဆေးရွက်ကြီး ထည့်ထားသည့် ဆေးပြင်းလိပ်များကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ ရှိသည်။

ဗီယက်နမ် အစိုးရသည် လူဦးရေ (၈၆)သန်းရှိသည့် ကွန်မြူနစ် နိုင်ငံအတွင်း ဆေးလိပ် ကြော်ငြာခွင့်ကိုပါ ပိတ်ပင်ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here