မိုက်ကယ် ဂျက်ဆင် သေဆုံးခြင်းအား လူသတ်မှုဟု သတ်မှတ်လိုက်ပြီ

alt

မိုက်ကယ်ဂျက်ဆင် သေဆုံးမှုနှင့် ပတ်သက်ပြီး ထင်ကြေး များဖြင့်သာ ရက် သတ္တပါတ်ပေါင်း များစွာ အချိန်ကုန် လွန်ပြီးနောက် ယခုအခါ ရာဇဝတ်မှု တခုအဖြစ် အတည်ပြု လိုက်ပြီဟု သိရှိရသည်။

လော့စ်အိန်ဂျယ်လိစ် တရားရုံးတခုက ဇွန်လ (၂၅)ရက် နေ့တွင် ကွယ်လွန်သော Pop ဂီတ ဘုရင်ကြီးသည် Propofol ဆေးဝါးများ သေလောက်သည် အထိ ထိုးသွင်း ခံခဲ့ရသဖြင့်ဟု မှတ်တမ်းများအရ ဖော်ပြခဲ့သည်။

ထို မှတ်တမ်းများသည် ဂျက်ဆင်၏ ဆရာဝန်ဖြစ်သူ ကွန်းရော့မာရေး ၏ ဆေးခန်းသို့ ၀ရမ်းထုတ်ပြီး ၀င်ရောက် ရှာဖွေထားရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းတွင် ဖော်ပြထားမှု အရ အသက် (၅၀) အရွယ်တွင် ဆုံးပါးခဲ့သည့် ဂျက်ဆင်သည် အိပ်မပျော်သည့် ရောဂါ စွဲကပ်နေသဖြင့် ဒေါက်တာမာရေး က Propofol ဆေး မထိုးခင် စိတ်ငြိမ်ဆေး (၅)မျိုးကို ထိုးပေး ခဲ့သေးကြောင်း သိရှိရသည်။

ထို့နောက်တွင် ဂျက်ဆင်အား Propofol ဆေး (၂၅) မီလီဂရမ် ထိုးသွင်း ပေးခဲ့ကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသေးသည်။ ဒေါက်တာမာရေးက ၎င်းသည် ဂျက်ဆင် အသက်ရှူ ရပ်သွားချိန်တွင် အရေးပေါ် နည်းလမ်းများဖြင့် ပြုစုခဲ့ကြောင်း ပြောဆို ခဲ့သည့်တိုင် ကန့်သတ်ဆေးဝါး တမျိုးဖြစ်သော Propofol ဆေးများ ထိုးသွင်း ပေးခဲ့ခြင်းကို ဂျက်ဆင် သေဆုံးစဉ်က ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

အခြား သံသယ ရှိစရာ အချက်တခုမှာ ၎င်းသည် ဂျက်ဆင်၏ အသက်အား အသည်းအသန် ကယ်ဆယ်ရန် ကြိုးပမ်းနေသည် ဆိုသော အချိန်တွင် ဖုန်းခေါ်ဆိုမှု (၃)ခု ပြုလုပ်ထားကြောင်း တာဝန်ရှိသူများက စစ်ဆေး တွေ့ရှိထားသည်။ ထို့အပြင် ဂျက်ဆင် အသက်ရှူ ရပ်သွားချိန်နှင့် ပတ်သက်ပြီး ၎င်းအစစ်ခံချက်မှာ လက်တွေ့နှင့် အချိန်ကွဲလွဲမှုများ ရှိနေနိုင်သည်ဟု စုံထောက်များက ယုံကြည် နေကြသည်။

ဂျက်ဆင် သေဆုံးမှုသည် သမားရိုးကျ မဟုတ်ဘဲ ကန့်သတ်ဆေးဝါးများ အတိုင်းအဆမရှိ ထိုးနှံပေးသဖြင့် ကွယ်လွန် ခဲ့ရသောကြောင့် ရာဇဝတ်မှု မြောက်ကြောင်းကိုမူ ဩဂုတ်လ (၂၄)ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အတိအလင်း ဖော်ပြထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here