မိုရာကော့ မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများ အတွက် ဆုတောင်းပွဲပြုလုပ်

alt

တိုင်ဝမ် နိုင်ငံသည် မိုရာကော့ တိုင်ဖွန်း မုန်တိုင်းကြီးကြောင့် သေဆုံး ခဲ့ရသူများ အတွက် အမှတ်တရ ကြေကွဲမှု ဆုတောင်းပွဲကို (၃)ရက်ကြာ ပြုလုပ်မည် ဖြစ်သည်။

ဩဂုတ်လ (၂၂)ရက် နေ့မှ စတင်ကာ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် တောင်ပိုင်း ကိုဆီအန်း ဒေသတွင် သမတ မာယင်ဂျံု ကိုယ်တိုင် တက်ရောက်သော အခမ်းအနားကို စတင်ပြီး ဗုဒ္ဓဘာသာ ဓလေ့ ထုံးတမ်းအရ ဆုတောင်း မေတ္တာပို့မှုများ၊ အမျှဝေမှုများ ပြုလုပ် ခဲ့ကြသည်။

တိုင်ပေ မြို့တော်တွင် သမတနေအိမ် အပါအဝင် အစိုးရ ရုံးများ၌ အမျိုးသား အလံများကို တိုင်တဝက် လွှင့်ထူကာ ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို (၃)ရက်ကြာ ပြသ ခဲ့ကြသည်။

တိုင်ဝမ်၏ သမိုင်းတလျှောက် နှစ်ပေါင်း(၅၀) အတွင်း အပြင်းထန် အကြမ်းတမ်းဆုံး တိုက်ခတ်သွားသည့် မုန်တိုင်းကြီးကြောင့် မြေပြိုမှု၊ ရေလွှမ်းမိုးမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာခဲ့ပြီး လူပေါင်း (၁၆၀)ကျော် သေဆုံးကာ (၅၀၀) ကျော်မှာ ယခုတိုင် ပျောက်ဆုံး နေဆဲဖြစ်သည်။

သမတ မာက အစိုးရသည် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ကာကွယ် စောင့်ရှောက်ရမည့် တာဝန် ရှိနေကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ တိုင်ဝမ် ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်သော မိန့်ခွန်းအတွင်း ပြည်သူများ အတွက် တာဝန် မကျေသလို ဖြစ်ခဲ့ရသည့် အတွက် အနူးအညွတ် တောင်းပန်ပါကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။

မိုရာကော့ သည် တိုင်ဝမ်နိုင်ငံ အတွင်း အမေရိကန်ဒေါ်လာ (၃.၃)ဘီလျံ ဖိုးမျှ ပျက်စီးမှုများ ပေါ်ပေါက် စေခဲ့သလို တိုင်းပြည် စီးပွားရေးကိုလည်း (၄.၀၄) ရာခိုင်နှုန်း အထိ နှောင့်နှေး လျော့ကျသွားစေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here